လုံခြုံရေး တင်းကြပ်သည့်ကြားက စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဒီပဲယင်းမြို့အနောက်ဘက် မုံရွာ-ခင်ဦး ရထားလမ်းဘေးရှိ MyTel ဖုန်းတာ ဝါတိုင် ဒုတိယအကြိမ်ထပ်မံ မိုင်းခွဲခံလိုက်ရသည်။
ဒီပဲယင်းမြို့နယ်အတွင်း ပစ်ခတ်မှုများ၊ စစ်ဆေးဖမ်းဆီးမှုများ၊ လုံခြုံရေးတင်းမာမှုများ ရှိနေသည့်ကြားက အဆို ပါ ဖုန်းတာဝါတိုင် မိုင်းခွဲဖျက်ဆီးခံလိုက်ရခြင်း ဖြစ်သည်။
“ရေဦး ညောင်လည်ရွာ သတင်းကြည့်နေတုန်း အသံအကျယ်ကြီးကြားလိုက်ရတယ်။ မြေကြီးပါတုန်သွားတယ်။ တိုင်လဲမသွားပေမယ့် အပျက်အစီးလည်း တော်တော်များတယ်။ အောက်ကပုံးတွေ ဘာတွေ အကုန်ပျက် သွား တယ်“ ဟု အသက် ၅၀ အရွယ်ဒေသခံတစ်ဦးက ပြောသည်။
နိုဝင်ဘာလ ၁၄ ရက်နေ့၊ နံနက် ၉ နာရီအချိန်ခန့် ဖြစ်ပွားခဲ့သည့် ရေဦးနယ် ညောင်လည်ရွာအနီးတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ၆ နာရီခန့်အကြာတွင် ယခုတာဝါတိုင်း မိုင်းခွဲတိုက်ခိုက်ခံရခြင်း ဖြစ် သည်။
နိုဝင်ဘာလ ၁၄ လရက် ညနေ ၄နာရီ ၁၅မိနစ် မိုင်းခွဲတိုက်ခိုက်ခံလိုက်ရသည့် မုံရွာ-ခင်ဦး ရထားလမ်းဘေး က ဖုန်းတာဝါတိုင်သည် မိုင်တဲတံဆိပ်ပါ ဆက်သွယ်ရေးပုံးများ ချိတ်ထားသည့် တိုင် ဖြစ်ပြီး မိုင်းတဲတာဝါတိုင်များ ခပ်စိပ်စိပ်မိုင်းခွဲခံလာရချိန်တွင် စပရေးမှုတ်ဆေးဗူးဖြင့် မိုင်တဲစာလုံးကို ဖျက် သွားပြီး MPT တာဝါတိုင် အဖြစ် ပုံဖျက်ထားခြင်းဖြစ်သည်ဟုလည်း စုံစမ်းသိရသည်။
ယခုအကြိမ် တိုက်ခိုက်ဖျက်ဆီးခံရမှုသည့် ဒုတိယအကြိမ်ဖြစ်ပြီး ပြီးခဲ့သည့် စက်တင်ဘာလ ည ၁၁ နာရီအချိန် ခန့်ကလည်း ပထမအကြိမ်တိုက်ခိုက်ခံထားရသည့် တာဝါတိုင်ဖြစ်သည်။
အဆိုပါ ဖုန်းတာဝါတိုင်သည် ဒီပဲယင်းအနောက်ဘက် ၂ မိုင်ခန့်အကွာ ရတနာမာရ်အောင်စဉ် ဘုရားအရှေ့ ဘက် တွင်ရှိပြီး အင်းတိုင်းလေး ကျေးရွာအုပ်စုနှင့် နီးသည်ဟု ဒေသခံများက ပြောသည်။
ထိုသို့ မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်များသည် ညောင်လည်ကျေးရွာရှိ နေအိမ်အချို့ကို မီးရှို့ နေပြီး အနီးတဝိုက်ရှိ ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြသည်ဟု သိရသည်။
နိုဝင်ဘာလ ၈ ရက်နေ့ကလည်း အနောက်မြောက်တိုင်း စစ်ဌာချုပ် လက်အောက်ခံ စစ်ကောင်စီတပ်က ရဟတ် ယာဉ်များဖြင့် ဒီပဲယင်း၊ ရေဦး၊ တန့်ဆည်နယ်ထဲသို့ နယ်မြေရှင်းလင်းရေး စစ်ကြောင်းများ ဝင်ရောက်လာသည်ဟု ဒေသခံများက ပြောသည်။
စစ်ကောင်စီ စစ်ကြောင်းများသည် ဝန်းရံ၊ တပ်တည်၊ ကုန်းရိုးအပါအဝင် ကျေးရွာအချို့ရှိ နေအိမ်များ၊ နွားတင်း ကုတ်များ၊ နွားများ၊ ဆိုင်ကယ်များကိုလည်း မီးရှို့ပြီး ရွာသား နှစ်ဦးခန့်ကိုလည်း ပစ်သတ်သွားခဲ့သည်ဟု ဒေသခံ များက ပြောသည်။
ထိုကဲ့သို့ လူ့အခွင့်အရေးချိုးဖောက်မှု အမျိုးမျိုးကို ကျူးနေသည့် စစ်ကောင်စီတပ်ဖွဲ့များကို စစ်ကိုင်းတိုင်းဒေသ ကြီးအတွင်းရှိ PDF အဖွဲ့ ၈ ဖွဲ့ဖြစ်သည့် ပုလဲ PDF၊ ဆားလင်းကြီး PDF ၊ မြိုင် PDF၊ မြောက်ယမားပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ (ယင်းမာပင်မြို့)၊ ရိုးမဖိုက်တာအဖွဲ့(ယင်းမားပင်မြို့)၊ မဟူရိုးမ ပြောက်ကျားတပ်ဖွဲ့ (ကနီမြို့)၊ သံမ ဏိအဖွဲ့သားများ MPDF (ကိုယ်စားပြု) နှင့် Yinmarbin Mahutaung Defence Force တို့က မဟာမိတ်အဖြစ် ဖွဲ့စည်းလိုက်ပြီး တိုက်ခိုက်သွားမည် ဖြစ်ကြောင်း နိုဝင်ဘာလ ၁၃ ရက်နေ့က ထုတ်ပြန်ထားသည်။
၎င်းတို့ပူးပေါင်းဖွဲ့စည်းလိုက်သည့် မဟာမိတ်အဖွဲ့များအနေဖြင့် စစ်အာဏာရှင် အမြစ်ပြုတ်သည်အထိ ပူးပေါင်း တိုက်ခိုက်သွားရန်အပြင် အရေးကြီးစစ်ဆင်ရေးများပြုလုပ်သည့်အခါမှာတွင်လည်း အချင်းချင်းလူအင်အား၊ လက်နက်အင်အား အပြန်အလှန် ကူညီသွားကြမည်ဟုလည်း ဆိုသည်။