မေး-နိုင်ငံရေးပါတီတွေနဲ့ UEC တို့ PR နဲ့ ပတ်သက်ပြီး ဆွေးနွေးပွဲမှာ UEC ဥက္ကဌက PR စနစ်ကျင့်သုံးရင် တိုင်းရင်းသားတွေ၊ လူမျိုးစုငယ်တွေနဲ့ အမျိုးသမီးတွေ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးတွေမှာ ပါဝင်လာနိုင်တယ်ဆိုပြီး ပြောသွားတယ်။ ဒီအပေါ်မှာ ဆရာအနေနဲ့ ဘယ်လိုမြင်လဲ။
ဖြေ- သူတို့ ပြောတာကတော့ ဒီလိုပေါ့။ တိုင်းရင်းသားပါတီငယ်တွေပေါ့။ နောက်တစ်ခါ ပြည်မပါတီမှာ တကယ့်အတိုက်အခံပါတီတွေကို တိုးမပေါက်တဲ့ ပါတီငယ်လေးတွေပေါ့။ သူတို့အနေနဲ့တော့ အခုကိုယ်စားပြုတဲ့နေရာမှာ တစ်ယောက်စ၊ နှစ်ယောက်စ ပါလာနိုင်တယ်။ သူတို့ရဲ့ ရတဲ့ မဲအပေါ်မှာ အချိုးချ လိုက်တဲ့အခါမှာ တစ်ယောက်စ၊ နှစ်ယောက်စလောက်တော့ ပါလာနိုင်တယ်။ မှန်တယ်။ အဲတာက တကယ့်ပါတီကြီးတွေပေါ့။ အဆုံးအဖြတ်ပေးနိုင်တဲ့ ပါတီကြီးတွေ၊ တိုင်းရင်းသားဒေသမှာလည်း တကယ်အင်းအားကြီးတဲ့ ပါတီတွေ၊ အဲပါတီတွေအတွက်တော့ ဒါအကျိုးမဖြစ်ဘူး။
မဲဆန္ဒအရေအတွက် လျော့သွားတာပဲ ရှိမယ်။ ကိုယ်စားလှယ်အရေအတွက် လျော့သွားတာပဲ ရှိမယ်။ ဒီ FPTP စနစ်နဲ့ဆိုရင်တော့ တစ်မဲသာရင်လည်း နိုင်တယ်ဆိုတဲ့ အခါမှာ ပါတီငယ်လေးတွေပေါ့။ ပါတီငယ်လေးတွေဆိုတာ တိုင်းရင်းသားပါတီလေးတွေကို ပြောတာမဟုတ်ဘူး။ တိုင်းရင်းသားပါတီထဲမှာလည်း ကိုယ့်ဒေသမှာ အင်အားကြီးတဲ့ ပါတီတွေ ရှိတယ်။ ကိုယ့်ဒေသမှာ အင်အားနည်းတဲ့ပါတီ မဲတော့ ဝင်ပြိုင်တယ် မနိုင်နိုင်တဲ့ပါတီတွေ အများကြီးပေါ့။ အဲလိုပါတီတွေ အနေနဲ့တော့ ကိုယ်စားလှယ်တစ်ဦးစ နှစ်ဦးစ ရလာနိုင်တယ်။ ဒါပေမယ့် တကယ့်အဆုံးအဖြတ်ပေးမယ့် တိုင်းရင်းသားဒေသတွေမှာ ဆိုရင်လည်း နာမည်ကြီးပါတီတွေရှိတယ်။ တိုင်းရင်းသားပါတီတွေ ရှိတယ်။
ပြည်မမှာ ဆိုရင်လည်း အဲလိုပေါ့ တကယ့်နာမည်ကြီး ပါတီကြီးတွေ ရှိတယ်။ အဲပါတီကြီးတွေရဲ့ မဲကို မျှပေးလိုက်ရသလိုဖြစ်သွားတာပေါ့။ နဲနဲဟိုဘက်ကို အချိုးကျ ပေးလိုက်တဲ့အခါမှာ FPTP စနစ်ဆိုရင်တစ်မျိုး နယ်မှာမနိုင်ဘူးပေါ့။ ဒါပေမယ့် နိုင်တဲ့မဲတွေ အကုန်လုံးပေါင်းလိုက်တဲ့အခါမှာ သူတို့ အချိုးတစ်ခုကို ရသွားတာပေါ့။ သူတို့လည်း တစ်ယောက်စ နှစ်ယောက်စပါလာမယ်။ အပြစ် ဘာဖြစ်လာလဲဆိုတော့ တကယ့်ပါတီကြီးတွေအနဲ့ ၅၀ % ကျော်ဖို့ ခက်ခဲသွားတယ်ပေါ့။ တိုင်းရင်းသားပါတီတွေဆိုရင်လည်း တိုင်းရင်းသားနယ်မြေမှာ အပြတ်အသတ်နိုင်မယ်ဆိုတာမျိုး မဟုတ်ပဲနဲ့ တိုင်းရင်းသားပါတီတွေရော ပြည်မပါတီတွေရော အချိုးကျရသွားတဲ့အခါမှာ ဘယ်လိုမှ နိုင်ချေမရှိတဲ့ ပါတီတွေလည်း တစ်မဲစ၊ နှစ်မဲစ ရသွားနိုင်တယ်။ အဲတာကို သူတို့ပြောနေတာ တကယ်တော့ အပြတ်အသတ်အဆုံးအဖြတ်ပေးနိုင်တဲ့ ပါတီတွေရဲ့ အင်အားက လျော့နည်းသွားတာပေါ့။
ကိုယ်စားလှယ်အရေအတွက် လျော့သွားတာပေ့ါ။ မျှပေးလိုက်ရတဲ့ သဘောရှိတယ်။ တစ်မြို့နယ်မှာ တစ်မဲသာ တစ်မဲသာတိုးခဲ့ရင် အဲပါတီ အဲပါတီအသေးလေးတွေ ဘာမှ ရစရာအကြောင်းမရှိဘူး။ ဆိုတဲ့အခါမှာ မဲတွေ ပြန့်သွားတာပေါ့။ ဥပမာ ဆိုပါဆို ကျနော်တို့ ရခိုင်အမျိုးသားပါတီဆိုရင် ရခိုင်ပြည်နယ်ထဲမှာ အများဆုံးနိုင်တယ်။ ပြည်ခိုင်ဖြိုးလည်း တစ်မဲမှ မရဘူး။ NLD ဆိုရင် တောင်ပိုင်းမှာပဲ တစ်မဲနှစ်မဲပဲ ရတော့တယ်။ နောက် Election တွေလာမယ်ဆိုရင် တောင်ပိုင်းလည်း ANP လို တိုင်းရင်းသားပါတီတွေပဲ အနိုင်ရမယ်။ ဆိုတဲ့အခါမှာ ကျနော်တို့က ကြိုက်တာပေါ့။ ကျနော်တို့ အပြတ်အသတ်နိုင်မယ့် FPTP စနစ်ကို။ ဒီလို PR စနစ်နဲ့ ကျတဲ့ အခါမှာတော့ တစ်မြို့နယ်ချင်း မဆုံးဖြတ်ပဲနဲ့ မြို့နယ်အလိုက်ရတဲ့မဲကို အားလုံးပေါင်းလိုက်တယ်ပေါ့။ ANP က ထောက်ခံမဲ ဘယ်လောက်ရလဲ။ ပြည်ခိုင်ဖြိုးက ဘယ်လောက်ရလဲ။ NLD က ဘယ်လောက်ရလဲ။ ဒီပြင်ပါတီက ဘယ်လောက်ရလဲ ဆိုတဲ့အခါမှ FPTP စနစ်နဲ့ဆိုရင် သူတို့ဘာမှ နိုင်ချေမရှိဘူး။
ဒါပေမယ့် အချိုးကျဆိုတဲ့အခါမှာတော့ အားလုံး မျှပေးလိုက်ရတာပေါ့။ တကယ့်နိုင်မယ့် ပါတီက မျှပေးလိုက်ရတယ်။ ဆိုလိုတာကတော့ မဲအကုန်လုံး ပြန့်နှံသွားတယ်။ အင်အားနည်းတဲ့ ပါတီတွေလည်း တစ်ယောက်စ၊ နှစ်ယောက်စ ပါလာနိုင်တယ်။ ဒါပေမယ့် အဆုံးအဖြတ်လုပ်တဲ့အခါမှာကြတော့ အစိုးရဖွဲ့မယ့်ကိစ္စတွေ၊ လွှတ်တော်ထဲမှာ အဆုံးဖြတ်မယ့်ကိစ္စတွေ အဲကျတော့ မဲပြန့်နှံသွားတာ အားလျော့သွားတာပေါ့။ အဆိုးဆုံးအချက်ကတော့ တပ်မတော်က ၂၅% ကို ယူထားပြီးမှ ကျန်တဲ့ ပါတီတွေက PR စနစ်နဲ့ သွားတဲ့အခါမှာ ဘယ်ပါတီမှ ၅၀% မကျော်နိုင်တော့ဘူးပေါ့။ တစ်နည်းအားဖြင့် တပ်မတော်နဲ့ ပေါင်းနိုင်မယ့် ပါတီပဲ အစိုးရဖွဲ့နိုင်မယ့်အနေအထားမျိုး ရောက်သွားမယ်။
အဲတာကြောင့် ဒီစနစ်က တပ်မတော်ရဲ့ အခန်းကဏ္ဍကို ပိုပြီးတော့ ကျယ်ပြန့်အောင်လုပ်တယ်။ အားရှိအောင်လုပ်တယ်ဆိုတဲ့ သဘောမျိုးဖြစ်အောင် လုပ်တဲ့ သဘောမျိုးဖြစ်သွားတာပေါ့နော်။ နောက်တစ်ခုက တပ်မတော်အနေနဲ့ တကယ်တမ်း ရိုးသားပါတယ် ပါတီအသေးလေးတွေပါ ပါစေချင်တယ်ဆိုလို့ရှိရင် သူတို့ ၂၅% ကို စွန့်လွတ်ဖို့လိုတယ်။ ၁၀၀ % အပြည့် ဒီဘက်က ပြိုင်ရင်တော့ တစ်မျိုး တစ်ဖုံပေါ့။ နို့မဟုတ်ရင်တော့ တကယ့် အဆုံးအဖြတ်ပေးနိုင်တဲ့ ပါတီတွေက ၅၀ % မကျော်ပဲနဲ့ တပ်မတော်နဲ့ ပေါင်းမှ အစိုးရဖွဲ့နိုင်မယ့်အနေအထားရောက်သွားတဲ့အတွက် ဒီ PR စနစ်ရဲ့ ဆိုးကျိုးက စစ်အာဏာရှင်စနစ်ကို အားပေးရာရောက်တယ်လို့ ကျနော်သုံးသပ်ချင်ပါတယ်။
မေး-ရှမ်းတို့ ရခိုင်တို့မှာ ကိုယ့်ဆီက အမတ်နေရာတွေ ပေးလိုက်ရသလို ဖြစ်သွားတယ်။ ဒီအပေါ်မှာရော။
ဖြေ-သူ့ဖက်က ပါတီတိုင်းပါဝင်နိုင်တယ်ဆိုတဲ့ ပါတီအသေးလေးတွေလည်း ပါဝင်နိုင်တယ်ဆိုတဲ့ ဆင်ခြေပေါ့။ သူ့ဖက်ကတော့ PR စနစ်ကို လုပ်တဲ့အခါ အဲဆင်ခြေက တစ်ဖက်က ဘယ်ပါတီမှ အင်အားမရှိအောင် ဘယ်ပါတီမှ အပြတ်အသတ်အနိုင်မရအောင် မဲတွေ ကိုယ်စားလှယ်နေရာတွေ ခွဲပေးလိုက်ရသလိုဖြစ်သွားတာ။ အဲတော့ ပါတီအသေးလေးတွေ တစ်မဲစ၊ နှစ်မဲစ၊ ကိုယ်စားလှယ်တစ်ယောက်စ၊ နှစ်ယောက်စ မပြောနဲ့ လွှတ်တော်ထဲမှာ အများကြီးအနိုင်ရတဲ့ ပါတီတွေတောင်မှ အဆုံးအဖြတ် မလုပ်နိုင်တဲ့အနေအထားမျိုးပေါ့နော်။
ဒါဆိုရင် ကျနော်တို့ ANP တို့ SNLD တို့ ပြည်ထောင်စုလွှတော်မှာဆိုရင် တတိယနေရာတွေ၊ စတုတ္ထနေရာတွေ အမြဲတမ်းရနေတာပဲ ဒါပေမယ့် အဲလောက်တောင်မှ အခြေအနေတောင်မှ တိုးလို့မပေါက်ဘူးလေ။ တိုးလို့မပေါက်ဘူး။ NLD ကပဲ အများစုရတယ်။ FPTP စနစ်နဲ့ကျတော့ NLD က ၆၀% လောက်ဆိုရင် USDP က ၂၀ % တိုင်းရင်းသားပါတီတွေက ၁၀ % အဲလိုပြန့်နှံသွားမှာပေါ့။ အဲလိုကျတော့ ၂၅% မတွက်ပဲနဲ့ သီးသန့် ၂၅ % ပါတွက်ပြီးတော့ ရာနှုန်းထည့်ပေါင်းလိုက်တဲ့အခါမှာတော့ ၅၀ မကျော်နိုင်တော့ဘူးဆိုတဲ့ သဘောဖြစ်သွားတယ်။ အဲတာကြောင့် သူတို့ပြောတဲ့ဆင်ခြေက တစ်လွဲဆင်ခြေပေါ့နော်။ အမှန်က အနှစ်သာရအားဖြစ်တော့ အင်အားကြီးတဲ့ပါတီတွေကို အစိုးရ မဖွဲ့နိုင်အောင် တမင်ကွင်ဆင်တဲ့ စနစ်မျိုးပဲလို့ ကျနော်မြင်တယ်။
မေး-စနစ်ဘယ်လောက်ကောင်းကောင်း ခေါင်းဆောင်မှုမကောင်းရင် ဘာမှ လုပ်မရဘူးဆိုပြီး သုံးသပ်မှုတွေ ရှိနေတယ်။ ဒီအပေါ်မှာ ဘယ်လိုမြင်လဲ။
ဖြေ- စနစ်ကောင်းမကောင်းက ပိုအရေးကြီးတာပေါ့ဗျာ။ ခေါင်းဆောင်ကောင်း ဆိုတာကတော့ သူ့ဟာနဲ့သူတော့ ရှိလာမှာ ပေါ့။ အရည်အချင်းနည်းတာ များတာနဲ့ပဲ ပြောလို့ရမယ်။ စနစ်ကောင်းဖို့က အရေးကြီးတာပေါ့။ ကျနော်တို့ ဒီမိုကရေစီစနစ်ကို တစ်ကမ္ဘာလုံးက အမှားအယွင်းနည်းတယ်၊ အား နည်းချက် နည်းတယ်ဆိုပြီး လက်ခံထားကြတာပဲ။ ဒီမိုကရေစီစနစ် ဖြစ်စရာ မလိုဘူး။ စစ်အာဏာ ရှင်စနစ်လည်း ခေါင်းဆောင်ကောင်းရင် တိုးတက်နိုင်တယ်ဆိုတဲ့ ပုံစံမျိုး ပြောလာရင်တော့ ကျနော်တို့က ဒီမိုကရေစီကို မသိကျိုးကျွန်ပြုရာ ရောက်တာပေါ့။ ကျနော်တို့နိုင်ငံက ဒီမိုကရေစီနဲ့သွားမလား၊ တစ်ပါတီစနစ်နဲ့ သွားမလား ဆုံးဖြတ်လေ။ တရုတ်လို ဆုံးဖြတ်မလား ဆိုရှယ်ဒီမိုကရေစီနဲ့ သွားမလား။
တစ်ပါတီစနစ်နဲ့ သွားမလား အဲတာ ဆုံးဖြတ်ပေါ့။ ပါတီစုံစနစ်နဲ့ သွားမယ်ဆိုပြီးမှတော့ ခေါင်း ဆောင်ညံ့တာ ဖျင်းတာက ပြဿနာမဟုတ်တော့ဘူး။ ဒါက နိုင်ဖို့ပဲ အရေးကြီးတယ်။ နိုင်တဲ့ပါတီက အစိုးရဖွဲ့မှာပဲ သူခေါင်းဆောင်ကို သူတင်မှာပေါ့။ အရည်အချင်းများတာ၊ နည်းတာ ဆိုတာကတော့ သူ့ရဲ့စွမ်းဆောင်ရည်ပေါ်မှာ မူတည်ပြီးတော့ အကျိုးရလဒ်ကပေါ်လာမှာပဲလေ။ ခေါင်းဆောင်ဆိုတာကလည်း လုပ်ပိုင်ခွင့်ရှိမှ သူတို့ လက်စ၊ လက်နကို ပြလို့ရတာကိုး။ ခေါင်းဆောင်ကောင်းဆိုတာကတော့ ဘယ်အရည်အချင်းနဲ့ ဆုံးဖြတ်မလဲပေါ့။ ကိုယ့်ကို၌က ပါတီထဲမှာ အကောင်းဆုံးကို ရွေးချယ်ရမှာပဲပေါ့။ ခေါင်းဆောင်ဆိုတာလည်း သင်တန်းတက်ပြီးတော့ ဘွဲ့ရလက်မှတ်ရပြီးတော့ အမှတ်ပေးဇယားနဲ့ တန်းစီထားတာမျိုး မဟုတ်ပါဘူး။ နိုင်တဲ့ပါတီကတော့ သူ့ခေါင်းဆောင်ကို အကောင်းဆုံးရွေးပြီးတော့ တင်ကြတာပဲ။ ဒါကြောင့် အကြောင်းပြချက်က မဆီလျော်ဘူးပေါ့နော်။ ခေါင်းဆောင်ကောင်းဖို့လိုတယ်။ စနစ်ကောင်းဖို့လည်း လိုတယ်။ စနစ်ကောင်းမှပဲ ခေါင်းဆောင်ကောင်းတွေ ထွက်လာမှာပေါ့။
မေး-UEC နဲ့ နိုင်ငံရေးပါတီတွေ PR နဲ့ ပတ်သက်ပြီး ဆွေးနွေးနေကြတယ်။ ပါတီတချို့က ပြောတယ်။ PR စနစ်မလုပ်ဖို့ ကန့်ကွက်ရင်တောင် လုပ်သွားမှာပဲ လို့ ပြောနေကြတာလည်းရှိတယ်။ ဒီအပေါ်မှာ ဘယ်လို သုံးသပ်မိလဲ။
ဖြေ- UEC က တပ်မတော်က ဖွဲ့ထားတဲ့ UEC လေ၊ NLD တုန်းက ဖွဲ့ထားတဲ့ UEC လည်း NLD ကို ကာကွယ်တယ်။ NLD ရဲ့ မူဝါဒအတိုင်း သူတို့လျှောက်တယ်။ USDP တုန်းက ကော်မရှင်တုန်းကလည်း သူတို့ကော်မရှင်ပဲပေါ့။ သူတို့လည်း စစ်တပ်က ဖွဲ့ထားတဲ့ ကော်မရှင်ဆိုတော့ စစ်တပ်ရဲ့ အလိုကျပဲ သူတို့ လုပ်မှာပေါ့။ တကယ်တော့ ပါတီတွေဆိုတာလည်း ၂၃ ပါတီထင်ပါတယ်။ USDP ရဲ့ မဟာမိတ်တွေလည်း ရှိတယ်ဆိုတော့ ကျနော်တို့ ပါတီတစ်ရပ်အသံပြောရင် သူတို့ရဲ့အသံ သူတို့ရဲ့ အသံက ပိုပြီးလွမ်းခြုံနိုင်လိမ့်မယ်လို့ ကျနော်ထင်တယ်။ ဘယ်ပါတီက ကန့်ကွက်ကွက် သူတို့ကတော့ သွားမှာပဲလို့ အဓိပ္ပာရတယ်။ ဒါကလည်း သူတို့ ဆုံးဖြတ်လို့ ရတာကိုး။ သူတို့အနေနဲ့ ပါတီတွေကို အကဲစမ်းတဲ့ သဘောမျိုး သူတို့ရဲ့ အသံကို နားထောင်ချင်တဲ့ သဘောမျိုးနဲ့သာ လုပ်တာ ကျေနပ်နှစ်သိပ်ဖို့ လုပ်တာမဟုတ်ဘူး။
တကယ်တမ်းကြတော့ UEC က သူ့ရဲ့ သတ်မှတ်ချက်အတိုင်း ဆုံးဖြတ်ချက်အတိုင်းပဲ FPTP နဲ့ကျင့်သုံးမှာလား PR စနစ်နဲ့ ကျင့်သုံးမှာလားဆိုတာ သူ့မှာ ဆုံးဖြတ်ပိုင်ခွင့်ရှိတာပေါ့။ တစ်ခုတော့ရှိတာပေါ့ သူတို့ ဖွဲ့စည်းပုံကို ဘယ်လိုပြင်မလဲပေါ့နော်။ PR စနစ်က ဖွဲ့စည်းပုံနဲ့ လုံးဝ မကိုက်ညီဘူးဆိုပြီးတော့ ၂၀၁၄/ ၂၀၁၅ မှာလည်းပဲ USDP လက်ထက်မှာလည်းပဲ ကျနော်တို့ PR စနစ်ဆွေးနွေးတုန်းက ဖွဲ့စည်းပုံခုံရုံးက အာဏာကို ပယ်ချခဲ့တာရှိတယ်။ အဲတော့ သူက ဖွဲ့စည်းပုံကို ကိုက်ညီအောင် ဘယ်လိုလုပ်မလဲ။ ဖွဲ့စည်းပုံကို ပြန်ပြီးတော့ ရေးဆွဲရမှာပေါ့။ ဖွဲ့စည်းပုံကို ပြန်ပြီးရေးဆွဲဖို့ဆိုတာ တပ်မတော်အစိုးရက ရေးဆွဲလို့ရမလား။ အဲတာက ပိုပြီးတော့ အဓိကကျတာပေါ့။
ဖွဲ့စည်းပုံကို ပြန်ရေးဆွဲတာက လွှတ်တော်မှာပဲ ပြင်ဆင်လို့ရတာ။ တပ်မတော်အစိုးရက အာဏာယူထားတဲ့ အစိုးရက ပြင်ဆင်လို့ မရဘူး။ ဆိုတဲ့အခါမှာ ဒါတွေကတော့ သူတို့အတင်းအဓမ္မပုံဖော်လိမ့်မယ်ထင်တယ်။ ဘယ်လိုပုံဖော်မလဲဆိုတာကို ကျနော်တို့ စောင့်ကြည့်ရမယ့် သဘောရှိတယ်။ ဒါပေမယ့် လွှတ်တော်မရှိပဲ ဖွဲ့စည်းပုံကို ပြင်မယ်ဆိုရင်တော့ ဒါက လုံးဝတရားမှာ မဟုတ်ဘူး။ တဖက်ကလည်း လွှတ်တော်မရှိဘဲ ပြင်ချင်လည်း ပြင်မယ်ဆိုတော့ သူတို့လုပ်ရင်လည်းပဲ ဒါက သမိုင်းမှာတော့ အမှားအယွင်းတစ်ခုကို ကျူးလွန်တယ်လို့ ကျနော်မြင်ပါတယ်။
မေး-ဆရာအနေနဲ့ PR ကိစ္စနဲ့ ပတ်သက်ပြီး ဘာများ ဖြည့်စွက်ပြောကြားလိုသေးလဲ။
ဖြေ-PR စနစ်ပဲ လုပ်လုပ်၊ FPTP စနစ်ပဲလုပ်လုပ်ပေါ့နော် ရွေးကောက်ပွဲက သူတို့ပြောထားတဲ့ နောက် ၂ နှစ်အကြာမှာ ဖြစ်ပါ့မလားဆိုတာ ကျနော် သံသယဖြစ်တယ်ပေါ့နော်။ ဖြစ်ပါ့မလားဆိုတာ သူတို့က မူလပုံမှန် အခြေအနေမရှိဘူး။ ငြိမ်းချမ်းမှုမရှိဘူး။ ဆိုတဲ့ ပဋိပက္ခ ဆင်ခြေပြလာနိုင်စရာ ရှိသလို တစ်ဖက်ကလည်း ရွေးကောက်ပွဲကို အလိုမရှိဘူး။ Free and Fair ဖြစ်မှာ မဟုတ်ဘူးဆိုပြီးတော့မှ အသံတွေလည်း အများကြီးထွက်လာနိုင်တယ်။
ဆိုတော့ ဒီ တစ်နှစ်အကြာမှာ ရွေးကောက်ပွဲ ဖြစ်မလား၊ မဖြစ်ဘူးလားဆိုတာ ကျနော် သံသယဖြစ်မိတယ်ပေါ့နော်။ ကျနော်ကတော့ အခြေအနေကတော့ မဖြစ်နိုင်ဘူးလို့ ထင်တယ်။ မဖြစ်နိုင်ရင် ဘယ်လိုလုပ်မလဲ ၂ နှစ်အတွင်းကို ဖွဲ့စည်းပုံအရ လုပ်နေတယ်လို့ ပြောတာကိုး ၂ နှစ်အတွင်း ရွေးကောက်ပွဲကို လုပ်ချင်တယ်ပဲထား၊ မလုပ်နိုင်ပဲ ထား။ သူတို့အနေနဲ့ ဖွဲ့စည်းပုံကို ဖျက်ရတော့မှာပေါ့။ ဖွဲ့စည်းပုံကို ဖျက်ပြီးတော့ စစ်အာဏာကို တကယ်တမ်း အစစ်အမှန်စစ်အာဏာကို သိမ်းတဲ့ လမ်းကို ရောက်သွားတော့မယ်။ ဆိုတော့ သူတို့ စစ်အာဏာကို သိမ်းပြီဆိုရင်တော့ ဖွဲ့စည်းပုံကို ရေးဆိုမယ်ဆိုတဲ့ အချိန်ကာလအများကြီးကို ယူသွားနိုင်တာပေါ့။ အဲအတွက်တော့ ကျနော်စိုးရိမ်ပါတယ်ခင်ဗျ။