Proportional Representation-PR အချိုးကျကိုယ်စားပြုရွေးကောက်ပွဲစနစ်အပေါ် နိုင်ငံရေးသမားများ၏အမြင်သဘောထား

Proportional Representation-PR အချိုးကျကိုယ်စားပြုရွေးကောက်ပွဲစနစ်အပေါ် နိုင်ငံရေးသမားများ၏အမြင်သဘောထား

ဦးတင်မောင်ဦး ဥက္ကဌ ဓနုအမျိုးသားအဖွဲ့ချုပ်ပါတီ DNOP

PR စနစ်ဆွေးနွေးတယ်ဆိုတဲ့ အပေါ်မှာ နဂိုက FPTP စနစ်နဲ့ဆိုလည်း တစ်မဲသာ အနိုင်ရက ကျနော်တို့ ဒါက မဲဆန္ဒရှင်အားလုံးကိုယ်စားမပြုဘူးဆိုတာတော့ ကျနော်တို့ သဘောပေါက်ခဲ့တာပေါ့။ သဘောပေါက်ခဲ့တော့ အခုတက်လာတဲ့ အစိုးရက ဒါကို သူတို့လည်းသိတယ်။ သိတော့ ကျနော်တို့ PR စနစ်ကျင့်သုံးမှသာလျှင် မဲဆန္ဒရှင်အားလုံးကို ကိုယ်စားပြုမယ်လို့ နားလည်ပြီးတော့ သူတို့ဘက်က PR စနစ်ဖြစ်ဖို့ ကြိုးစားတယ်လို့ပဲ မြင်ပါတယ်။ ကျနော်တို့ တိုင်းရင်းသားတွေ အများအားဖြင့်လည်း တစ်ခါ ကျနော်တို့ တိုင်ရင်းသားဒေသတွေမှာကတော့ PR စနစ်ကျင့်သုံးဖို့ မသင့်တော်ဘူးဆိုတာလည်း ကျနော်အကြမ်းဖျင်း အပြင်ကနေ ကြားသိရတယ်။ အဲတော့ ကျနော်တို့ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဆိုတာကလည်း ကျန်တဲ့ တိုင်းရင်းသားဒေသတွေနဲ့မတူဘူး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသချင်း အခြေအနေတွေက မတူဘူး။ ကျနော်တို့ အနေနဲ့ကတော့ ကျနော်တို့ဒေသမှာ PR စနစ်ကျင့်သုံးသင့် မသင့်ဆိုတာမျိုးလည်း စဉ်းစားနေဆဲပဲ။ ဟိုဘက် ဒီဘက်အားလုံးကို ဝေဖန်ထောက်ရှုနေဆဲပဲ ရှိသေးတယ်။

UEC ဆိုတာလည်း လက်ရှိ နစကရဲ့ လက်အောက်က ဖွဲ့စည်းထားတဲ့ UEC ဖြစ်နေတာပဲလေ။ အဲဒီအခါကျတော့ UEC ကလည်း နိုင်ငံတော်အစိုးရရဲ့ သဘောထားအတိုင်းပဲ အကောင်အထည်ဖော်မယ်လို့ ကျနော်ထင်ပါတယ်။ အဲအတိုင်း သွားမယ်ဆိုလို့ရှိရင် PR စနစ်က ဖြစ်လာဖို့ များမယ်လို့ ကျနော်ထင်ပါတယ်။

ဦးထွန်းအောင်ကျော် ရခိုင်အမျိုးသားပါတီ(ANP) မူဝါဒရေးရာ ဦးဆောင်ကော်မတီ အဖွဲ့ဝင်

ကျနော်တို့ကတော့ အလွယ်တကူပြောလို့ရမယ်လို့ မထင်ဘူး။ ဘာလို့လည်းဆိုတော့ ဒီအချိုးကျ ကိုယ်စားလှယ်စနစ်ပေါ့နော်။ Proportional Representation စနစ်ကို ကမ္ဘာပေါ်မှာ နိုင်ငံတော်တော်များများက ကျင့်သုံးနေတယ်။ ပုံစံလည်း အမျိုးမျိုးကွဲနေတယ်။ အဲဒီတော့ ဒီနေ့ ကျနော်တို့ မြန်မာနိုင်ငံမှာ ဖြတ်သန်းလာရတဲ့ နိုင်ငံရေးအတွေးအကြုံအရဆိုလို့ရှိရင် ကျနော်တို့က နှစ်ပေါင်း (၅၀) ဒီမိုကရေစီစနစ်နဲ့ ကင်းကွာနေတယ်။ တစ်ပါတီအာဏာရှင်နဲ့ စစ်အာဏာသိမ်းတဲ့ စနစ်တွေအောက်မှာ ကျ‌နော်တို့ နေလာရတယ်။ ၂၀၁၀ မှာ ၂၀၀၈ ဖွဲ့စည်းပုံအရဆိုပြီးတော့ ကျနော်တို့ကို ရွေးကောက်ပွဲကျင်းပတယ်။ ရွေးကောက်ပွဲ ကျင်းပတော့လည်း တစ်ပါတီကပဲ အင်းအားကြီးပါတီ တစ်ခုကပဲ အနိုင်ရပြီးတော့ အစိုးရဖွဲ့တယ်။ အဲ ၅ နှစ်အတွင်းမှာလည်း ကျနော်တို့ မြန်မာနိုင်ငံပြည်သူတွေအတွက် အကျိုးကျေးဇူးကို ပြောပလောက်အောင် ကျနော်တို့က အကျိုးခံစားခွင့် မရှိခဲ့ဘူး။ ဒါအားလုံးမျက်မြင်ပဲ။ အဲလိုပဲ ၂၀၁၅ မှာတက်လာတဲ့ ဒီမိုကရေစီပါတီကြီးတစ်ခုက အစိုးရဖြစ်တယ်။ ကျနော်တို့ မျော်လင့်ထားတာ အများကြီး ပြည်သူ့အစိုးရဆိုပြီးမျော်လင့်ထားတယ်။ ဒါပေမယ့် ကျနော်တို့ မြန်မာနိုင်ငံမှာ မျော်မှန်းသလို မြန်မာပြည်သားတွေအတွက် အကျိုးကျေးဇူးဘာမှ မရှိခဲ့ဘူး။ အဲတော့ နိုင်တဲ့သူ အစိုးရဖွဲ့အုပ်ချုပ်တဲ့ စနစ်က ၂ ခါတိတိ  (၁၀) နှစ်တိတိ ကျနော်တို့ သွားပြီးပြီ။ အဲတာဘာဖြစ်လို့လည်းဆိုတော့ ဒီမိုကရေစီနဲ့ ကင်းကွာတဲ့အကျိုးဆက်တွေပဲ အဲတာကြောင့် ကျနော်တို့က PR စနစ်ကို ကျင့်သုံးမယ်ဆိုလို့ရှိရင်တော့ ကျ‌နော်တို့ လေ့လာဖို့အတွက်‌တော့ နည်းနည်းစိတ်ဝင်စားတယ်။ လေ့လာရမယ်။ ပြီးတောရင် ကျနော်တို့ ဖြတ်သန်းလာခဲ့တဲ့ ‌ရွေးကောက်ပွဲတွေအရ တစ်ဖွဲ့၊ တစ်ပါတီက လက်ဝါးကြီးအုပ်ပြီးတော့မှ အများပြည်သူအပေါ်မှာ ထင်သလိုချယ်လှယ်အုပ်ချုပ်တဲ့ စနစ်နဲ့က မဖြစ်ဘူး။ ဘယ်စနစ်နဲ့မှပဲ အများပြည်သူအကျိုးကျေးဇူးရှိတဲ့ စနစ်ဖြစ်စေချင်တယ်။ PR ပဲဖြစ်ဖြစ်၊ ဒီမိုကရေစီပဲဖြစ်ဖြစ်ပေါ့။ သဘောတစ်ခုက အဲဒီလို စနစ်တစ်ခုကို လိုရာပုံသွင်းပြီးတော့ အုပ်ချုပ်မယ်ဆိုလို့ကတော့ ကျနော်တို့ မဖြစ်ဘူး။ အဲတာကြောင့် ဒီလို ဗြုန်းကနဲ အလွယ်တကူတော့ ပြောလို့မရဘူးလေ။ ဘယ်လို ပုံစံချမလဲဆိုတာ သတိကြီးကြီးနဲ့ လေ့လာသင့်တယ်။ နောက်တစ်ခုက ဆွေးနွေးသင့်တယ်။ အဲမှာ အများစုက လက်ခံတဲ့ တိုင်းရင်းသားတွေအပါအဝင် မြန်မာပြည်သူတစ်ရပ်လုံးအတွက် တကယ့်တကယ်အကျိုးရှိမယ့် အုပ်ချုပ်ရေးစနစ်နဲ့ ရွေးကောက်ပွဲစနစ် ဖြစ်မယ်ဆိုလို့ကတော့ ဒါကိုလေ့လာသင့်တယ်။ ဆွေးနွေးသင့်တယ်။ သတိကြီးကြီးနဲ့ ကျနော်တို့ တိုင်ပင်ညှိနှိုင်းသင့်တယ်လို့ ကျနော်တို့ မြင်တယ်။ အဲဒီလိုမဟုတ်ဘဲနဲ့ အခုအချိန်တို အတွင်းမှာ ကဲထွက်ထွက်ဆိုပြီးမှ လုပ်ဟေး လုပ်‌ဟေးဆိုလို့ကတော့ လုပ်လို့မရသေးဘူး။ ဘာလို့လည်းဆိုတော့ ကျနော်တို့မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကလည်း အခုလက်ရှိအုပ်ချုပ်နေတဲ့ တပ်မတော်အစိုးရက ဖျက်သိမ်းတာလည်း မဟုတ်သေးဘူး။ အဲတော့ အခြေအနေက ရှုတ်ထွေးမှုတွေ တော်တော်ရှိနေသေးတယ်။ အဲတာကြောင့် သူတို့ပြောသလို တိုင်းရင်းသားတွေအတွက် အကျိုးရှိမယ်ဆိုလို့ရှိရင် ကျနော်တို့ သေသေချာချာလေ့လာပြီးတော့မှ ညှိနှိုင်းတိုင်ပင်ပြီးတော့မှ အချိန်ယူပြီးတော့မှ ကျနော်တို့ ပြောနိုင်မယ်။ မဟုတ်ဘဲနဲ့ လျှတ်တပျက်နဲ့တော့ မဖြစ်ဘူးလို့ ကျနော်တို့ ထင်တယ်ဗျ။

ဒေါက်တာညိုညိုသင်း ရန်ကုန်စောင့်ကြည့်အဖွဲ့မှ ဥက္ကဋ္ဌ

PR စနစ်ဆိုတာ စနစ်ပေါင်းကလေ အမျိုးကွဲပေါင်း ၂၀၀ ကျော် ၃၀၀ လောက် ရှိတယ်ပေါ့နော်။ အဲ‌တော့ ဘယ်လို PR စနစ်ကို ကျင့်သုံးမယ်ဆိုတာ မသိရပဲနဲ့ ဝေဖန်ဖို့တော့ စောတာပေါ့။ အဲ‌‌တော့ စနစ်တွေက ဘယ်လောက် ကောင်းကောင်း ရွေးကောက်ပွဲကော်မရှင်တွေက လွတ်လပ်ခြင်း၊ မျှတခြင်းမရှိဘူးဆိုရင် အဲတာလည်း အလကားပဲလေနော်။ ပြီးခဲ့တဲ့ အန်တီတို့ သမိုင်းသင်ခန်းစာတွေ ပြန်ကြည့်လို့ရှိရင် ရွေးကောက်ပွဲကော်မရှင်တွေဟာ အစိုးရတွေရဲ့ အောက်ကနေမလွတ်ခဲ့ဘူးပေါ့နော်။ ဘယ်ကော်မရှင်ပဲ ကြည့်ကြည့်အတူတူပဲ အဲ‌တော့ ကော်မရှင်တွေဟာ အနည်းနဲ့ အများတော့ အစိုးရရဲ့ ဖိအားတွေ အာဏာရပါတီတွေရဲ့ ဖိအားတွေအောက်မှာ နေရတယ်ပေါ့နော်။ အဲတော့ ဒီ PR စနစ်မှာလည်း အဲလိုပဲ ဘယ်လောက်ပဲ ကောင်းတဲ့ PR စနစ်ပဲ ဖြစ်ပါစေ။ နိုင်ငံရေးစနစ်က ဒီမိုကရေစီစနစ်ကို အခြေမခံဘူးဆိုရင် နိုင်ငံရေးစနစ်က လူနည်းစုတွေကို အားမပေးဘူး၊ အမျိုးသမီးတွေကို အားမပေးဘူးဆိုရင် နိုင်ငံရေး စနစ်က မျှတခြင်းကို အခြေမပြုဘူး။ လူသားဆန်မှုကို ဗဟိုမပြုဘူးဆိုရင် ဘယ်လောက်ပဲ ရွေးကောက်ပွဲစနစ်တွေကို ပြင်ပြင် အကြောင်းထူးမှာ မဟုတ်ဘူးပေါ့။ အဲတာကြောင့် အန်တီတို့က ရမ်းမှန်းပြီးတော့ ပြောလို့မရဘူး။ FPTP မကောင်းဘူး၊ PR က မကောင်းဘူး၊ FPTP ကကောင်းတယ်၊ PR ကကောင်းတယ် ယေဘူယျခြုံငုံပြီးပြောလို့ မရဘူးပေါ့။ အဲဒီစနစ်တွေ ဘယ်လောက်ကောင်းကောင်း အဲဒီစနစ်တွေကို အကောင်အထည်ဖော်မယ့် Institution တွေပေါ့၊ ရွေးကောက်ပွဲကော်မရှင်အပါအဝင် Institution တွေ အုပ်ချုပ်ရေးယန္တယားတွေ နိုင်ငံရေးပါတီခေါင်းဆောင်တွေရဲ့ Mindset တွေ မပြောင်းလဲဘူးဆိုလို့ရှိရင်တော့ အန်တီတို့နိုင်ငံဟာ အနာဂတ်ဟာ သိပ်ပြီးတော့ လှပမှာ မဟုတ်ဘူးပေါ့။

 

Most read this week

November 22, 2024
မွန်ပြည်နယ်အတွင်း တိုက်ပွဲများနှင့် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ပြီးခဲ့သည့်...
November 21, 2024
မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်း ရပ်နားထားသည့် ကျောက်မိုင်းနှင့်...
November 21, 2024
စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်ပြန်သွင်းလာသည့်နောက်  မွန်ပြည်နယ်ရှိ...
November 20, 2024
ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့တွင် အဖိုး၊ သမီးနှင့် မြေး မိသားစုဝင် (၃) ဦးကို...