သျှမ်းမြောက်ပိုင်း ကျောက်မဲမြို့တွင် နိုဝင်ဘာ ၄ ရက်က ထပ်မံရောက်ရှိလာသည့် ရာချီသည့်စစ်ရှောင်များအတွက် စားနပ်ရိက္ခာနှင့်နေရာများ အရေးပေါ်လိုအပ်နေကြောင်း သတင်းရရှိသည်။
ကျောက်မဲမြို့နယ် ဟူးစွန်ကျေးရွာအုပ်စုအနီး တိုင်းရင်းသား လက်နက်ကိုင်တပ်များ ဖြစ်သည့် RCSS/SSA နှင့် တပ်ပေါင်းစုတို့ တိုက်ပွဲပြင်းထန်မှုကြောင့် ဒေသခံများ စစ်ရှောင်ထွက်ပြေးလာခြင်းဖြစ်ပြီး လက်ရှိတွင် စားနပ်ရိက္ခာနှင့် နေထိုင်ဖို့နေရာ အရေးပေါ်လိုအပ်နေကြောင်း ဒေသခံများထံမှ သိရသည်။
“အဓိကတော့ အစားအသောက်နဲ့ သူတို့ နေဖို့ နေရာပေါ့၊ သျှမ်းစာပေမှာက လာပြီး စုနေကြတယ်၊ အဲ့မှာက အမိုး မိုးထားပေမယ့် အကာမရှိသေးဘူး၊ မိုးကာတွေ၊ အခင်းတွေက အစလိုအပ်နေတယ်၊ ခုက မိုးလည်း ရွာနေတော့ အရမ်းကို အခက်ခဲဖြစ်နေတာ၊ သူတို့အတွက် နောက်ထပ်နေရာ ရှာနေတုန်းပဲ” ဟု ကျောက်မဲ သျှမ်းစာပေနှင့်ယဥ်ကျေးမှုအသင်း ဥက္ကဌ လုင်းလျန်းဟန်က သျှမ်းသံတော်ဆင့်ကို ပြောသည်။
ကျောက်မဲမြို့ပေါ်သို့ ယမန်နေ့က စစ်ရှောင်ထွက်ပြေးလာသည့် ဒေသခံများမှာ ဟူးဆွန်၊ ကြင်ကိုင်၊ ပုံးလုံ၊ ပုံးနွဲ့၊ လွယ်လုံနှင့် အဆိုပါကျေးရွာအနီးတစ်ဝိုက်တို့မှ စစ်ရှောင် (၇၀၀)ကျော် ထွက်ပြေးရောက်ရှိလာကြောင်း သိရသည်။
အဆိုပါ စစ်ရှောင်များအား နမ့်ခုံး ရှမ်းများပရဟိတအသင်း၊ ကမ်းလင့်လက်များ လူမှုကူညီရေးအသင်း၊ ကျောက်မဲ နာရေးကူညီမှုအသင်း၊ ဖိုက်စတားအဖွဲ့နှင့် ဒေသခံတစ်ချို့တို့က ကားအစီး (၃၀)ခန့်ဖြင့် သွားရောက် ခေါ်ဆောင်ခဲ့ပြီး မန်ခါစစ်ရှောင်စခန်းနှင့် သျှမ်းစာပေနှင့်ယဥ်ကျေးမှုအသင်းနေရာတို့တွင် နေရချထားပေးကြောင်း သိရသည်။
ထို့အပြင် ယနေ့ (နိုဝင်ဘာ ၅ ရက်)တွင်လည်း စစ်ရှောင် (၃၀၀)ခန့် ထပ်မံရောက်ရှိလာဦးမည်ဖြစ်ကြောင်း စစ်ရှောင် ကူညီသူများထံမှ သိရသည်။
“တစ်ချို့က မန်ခါဘုန်းကြီးကျောင်းမှာ ရှိနေတယ်၊ သျှမ်းစာပေခန်းမမှာက (၄၀၀)ကျော်ရှိနေပြီ၊ မနေ့ည (၈)နာရီလောက်မှ ထပ်ရောက်လာတာလည်း ရှိတယ်၊ ဒီနေ့လည်း ပရဟိတအဖွဲ့တွေ ထပ်သွားကြိုနေတုန်းပဲ၊ ၃၀၀ လောက် ထပ်ရောက်မယ်လို့ ကြားတယ်” ဟု စစ်ရှောင်ကူညီသူ အမျိုးသားတစ်ဦးက ပြောသည်။
အဆိုပါ စစ်ရှောင်များရှိသည့်ကျေးရွာသည် ကျောက်မဲမြို့နှင့် (၁၅)မိုင်ခန့်သာ ကွာဝေးသော်လည်း မိုးရွာပြီး လမ်းခရီးခက်ခဲသည့်အတွက် သွားရောက်ခေါ်ဆောင်ရန် အခက်ခဲကြုံနေရကြောင်း သိရသည်။
မိုင်းငေါ့မြို့ရှိ စစ်ရှောင်များအပါအဝင် ကျောက်မဲမြို့နယ်တွင် စစ်ဘေးရှောင် (၂၅၀၀)ဝန်းကျင်ထိရှိနေပြီး စားနပ်ရိက္ခာနှင့် နေထိုင်ဖို့ နေရာများ ခက်ခဲနေခြင်းဖြစ်ကြောင်း သိရသည်။