မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်ကောင်စီမှ ချင်းပြည်နယ်အပါအဝင် မြန်မာပြည်သူလူထုများအပေါ် ကျူးလွန်နေတဲ့ လူသားမျိုးနွယ်ဆိုင်ရာ ရာဇဝတ်မှုများကို လုံးဝကန့်ကွက်ရှုတ်ချကြောင်းနဲ့ မြန်မာပြည်သူလူထုများနဲ့ မြန်မာနိုင်ငံ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးလမ်းကြောင်းပေါ် ပြန်လည်လျှောက်လှမ်းနိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်နေကြသူများအားလုံးတို့နဲ့ ဆက်လက်ပူးပေါင်း တိုက်ပွဲဝင်သွားမှာ ဖြစ်ကြောင်း ဒီကနေ့ နိုဝင်ဘာလ ၃ ရက်နေ့မှာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) မှ သဘောထားထုတ်ပြန်ကြေညာထားပါတယ်။
“စစ်ကောင်စီက ခုလောလောဆယ်မှာ ချင်းပြည်နယ် နဲ့ ကျနော်တို့ကရင်နီပြည်နယ်၊ တခြားတိုင်းဒေသတွေမှာ စစ်အင်အားတိုးချဲ့တယ်။ ခုလိုမျိုး မတရားသတ်ဖြတ်တာတွေ လူနေအိမ်တွေကို ဖျက်ဆီးတာလုပ်နေတာက ကျနော်တို့ပြည်နယ်တစ်ခုထဲက ပြည်သူလူထုနဲ့မဆိုင်တော့ဘူး။ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ပြည်သူလူထုအားလုံးနဲ့ သက်ဆိုင်တယ်။ ဒါ့အပြင် ဒီလိုလုပ်ရပ်မျိုးက နိုင်ငံတကာဥပဒေနဲ့ပဲ ကြည့်ကြည့် လူ့အခွင့်အရေးရှုထောင့်ကပဲ ကြည့်ကြည့် မတရားဘူးဆိုတာ ခံစားရတယ်။ ဒီလိုအလားတူဖြစ်ရပ်တွေကလည်း ကျနော်တို့ပြည်နယ်ထဲမှာလည်းရှိတယ်။ ဘဝတူတိုင်းရင်းသားတွေဖြစ်တယ် ထပ်တူခံစားရတယ်။ ဒါ့ကြောင့်မလို့ ကျနော်တို့က စစ်ကောင်စီကိုရှုတ်ချတယ်။ ဆက်လက်ပြီး ဖက်ဒရယ်နဲ့ ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးမှာ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်နေတဲ့ ညီအကိုအားလုံးနဲ့ ပူးပေါင်းပြီးတော့မှ ဆက်လက်တိုက်ပွဲဝင်သွားမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပေါ့ ကျနော်တို့ ထုတ်ပြန်ရခြင်းဖြစ်တယ်။” လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ အတွင်းရေးမှူး-၂ ဦးအောင်ဆန်းမြင့်က ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။
စစ်ကောင်စီမှ ချင်းပြည်နယ်အတွင်း ပြည်သူလူထုများ၊ လူနေအိမ်များနဲ့ ခရစ်ယာန်ဘုရားကျောင်းတို့ကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးနေခြင်း၊ ကြောက်မက်ဖွက်ကောင်းတဲ့ လူမျိုးတုံးသတ်ဖြတ်မှုကို ရက်ရက်စက်စက်ပြုလုပ်နေခြင်း၊ နေရာအနှံ့အပြားမှာ စစ်အင်အားတိုးချဲ့ပြီး စစ်ဆင်ရေးပြုလုပ်နေတဲ့အပေါ် KNPP မှ အထူးစိုးရိမ်နေတယ်လို့ ဖော်ပြထားပါတယ်။
အလားတူဖြစ်ရပ်မျိုး ကရင်နီပြည်နယ်အတွင်းမှာလည်း စစ်ကောင်စီမှ လုပ်ဆောင်လျက်ရှိနေပြီး တိုင်းရင်းသားလူမျိုးများရဲ့ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် နဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးဖြစ်တဲ့ နိုင်ငံရေး လိုအင်ဆန္ဒများနဲ့ တောင်းဆိုနေမှုအပေါ် ဥပက္ခာပြုပြီး နိုင်ငံရေးတောင်းဆိုမှုအား ဖျက်ဆီးရန် တမင်ရည်ရွယ်ပြီး လုပ်ဆောင်နေခြင်းဖြစ်တယ်လို့ KNPP က ပြောပါတယ်။
“ကရင်နီ၊ ချင်း၊ ကရင်နဲ့ ကချင်ဖက်မှာပေါ့။ စစ်အင်အားတွေတိုးချဲ့နေတယ် စစ်ဆင်ရေးတွေလုပ်နေတယ်။ စစ်ဆင်ရေးကလည်း အာဏာသိမ်းပြီးနောက်ပိုင်းမှာ လူထုကလည်း စစ်တပ်ရဲ့မတရားမှုပေါ် နားလည်တယ်။ ဒါကြောင့်မလို့ အခုက ကျနော်တို့ တော်လှန်တိုက်ပွဲဝင်နေတာကတော့ လူမျိုးရေးကို အခြေမခံဘူး။ ဒေသကိုအခြေမခံဘူး။ မြန်မာပြည်တစ်ဝန်းလုံးမှာရှိတဲ့ လူထုရဲ့ တော်လှန်ရေးတိုက်ပွဲဖြစ်တယ်။ ကျနော်တို့အားလုံးကတော့ ဘယ်သူမှာ ဘယ်သူပဲခံစားနေရ အားလုံးက ဒါကို ဝိုင်းဝန်းပြီး ထပ်တူခံစားဖို့လိုတယ်။ ပူးပေါင်းဆောင်ရွက်ပြီး တွန်းလှန်ဖို့လိုအပ်တယ်ဆိုတာ ပြောချင်တယ်။ တစ်နေရာထဲ ပတ်ပြီးတော့မှ ဖိနှိပ်မှုဒဏ်ကိုခံရမယ့်အစား ဝိုင်းဝန်းတော်လှန်မယ်ဆိုရင် ဒီတော်လှန်ရေးက အောင်မြင်မယ်လို့ ပြောချင်ပါတယ်။” လို့ KNPP အတွင်းရေးမှူး-၂ ဦးအောင်ဆန်းမြင့်က ဆက်ပြောပါတယ်။
တိုင်းရင်းသားလူမျိုးများရဲ့ နိုင်ငံရေးဦးတည်ချက်၊ ရည်မှန်းချက်နဲ့ အကောင်အထည်ဖော်ဆောင်မှုများအတွက် ဆက်လက်တိုက်ပွဲဝင် ကြိုးပမ်းသွားမှာဖြစ်ပြီး မတရားဖိနှိပ်တာကို ခုခံတော်လှန်သွားမယ်လို့ KNPP နိုဝင်ဘာလ ၃ ရက်နေ့မှာ သဘောထားထုတ်ပြန်ထားပါတယ်။