သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့အဝင် ဆိုင်းခေါင်ဂိတ်တွင် စစ်ကောင်စီလက်အောက်ခံ အကောက်ခွန် ဝန်ထမ်းများမှ ကုန်သည်များထံ အခွန် (၅)ဆထိ တိုးကောက်လာကြောင်း ဒေသခံကုန်သည်များ ပြောပြချက်အရ သိရသည်။
မိုင်းဆတ်မြို့သို့ တင်သွင်းနေသည့် ကုန်များသည် တာချီလိတ်၊ ကျိုင်းတုံမှ လာသည့် ကုန်များဖြစ်ကြောင်း သိရသည်။
လွန်ခဲ့သည့် အရပ်သားအစိုးရ (NLD)လက်ထက်တွင် တာချီလိတ်မှလာသည့် ပစ္စည်းများကို မိုင်းဆတ် ဆိုင်းခေါင်ဂိတ်မှ အကောက်ခွန်ဝန်ထမ်းများက ကုန်သည်များထံ တစ်နှစ်လျှင် (၁၅)သိန်းမှ သိန်း(၂၀)ထိသာ ကောက်ခံခဲ့ရာ လက်ရှိ အာဏာသိမ်းစစ်ကောင်စီ လက်ထက်တွင် ကုန်သည်များထံ တစ်နှစ်အတွက် အကောက်ခွန် သိန်း(၁၀၀)ထိ ကောက်ခံလာကြောင်း မိုင်းဆတ် ကုန်သည်အသိုင်းအဝိုင်းများက ပြောသည်။
“အရင်က ကျနော်တို့ ကုန်သည်တွေ ပေါင်းပြီး တစ်နှစ်ကို (၁၅)သိန်းကနေ သိန်း (၂၀)လောက်ပဲပေးရတယ်။ ဒီနှစ်က သိန်း(၁၀၀) တောင်းတော့ ကုန်သည်တွေကလည်း မဖြစ်နိုင်ဘူး။ မပေးနိုင်တော့ တင်လာတဲ့ ပစ္စည်းတွေယူသွားတယ်” ဟု မိုင်းဆတ်မှ ကုန်သည်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
နိုဝင်ဘာ (၁)ရက်က တာချီလိတ်မှ ပုံပါကျင်သို့ မြေသြဇာတင်ဆောင်လာသည့် ကားကို စစ်ကောင်စီလက်အောက်ခံ အကောက်ခွန် ဝန်ထမ်းများက ငွေတောင်းယူမှုပြုလုပ်စဥ် ငွေမပေးနိုင်သည့်အတွက် မြေသြဇာ အိတ်(၁၀၀) သိမ်းယူသွားကြောင်း ၎င်းကုန်သည်က ဆိုသည်။
ထိုနည်းတူ မိုင်းဆတ်မြို့ပြင်ဘက်သို့ ဘီယာများတင်သွားသည့် ကုန်ကားကိုလည်း စစ်ကောင်စီလက်အောက်ခံ အခွန်ဦးစီးဌာန အဖွဲ့မှ တားဆီးစစ်ဆေးကာ ဘီယာ (၂၀၀)ဖာ ယူဆောင်သွားကြောင်း သိရသည်။
“ကုန်တွေက တာချီလိတ်ကနေ လွတ်လာပေမယ့် မိုင်းဆတ်ရောက်မှ သိမ်းတာတွေ မဖြစ်သင့်ဘူး။ ပြီးခဲ့တဲ့ရက်ပိုင်းက အခွန်လာကောက်တာ သဘောမတူလို့ ဒီလိုလုပ်နေတာလား မသိဘူး” ဟု ကုန်စုံရောင်းနေသူ တစ်ဦးက ပြောသည်။
စစ်အာဏာသိမ်းပြီး (၉ )လကြာ ကာလအတွင်း စစ်ကောင်စီလက်အောက်ခံ အဖွဲ့များသည် သျှမ်းပြည် အရှေ့ပိုင်း၌ အတင်းအဓမ္မ ငွေကောက်ခံခြင်း၊ ငွေမပေးဆောင်ပါက ကုန်ပစ္စည်းများ သိမ်းယူမှု ပြုလုပ်နေသည့်အပေါ် ပြည်သူများအနေဖြင့် ထိခိုက်နစ်နာမှုများစွာရှိကြောင်းလည်း ကုန်သည်အသိုင်းအဝိုင်းက ဆိုသည်။
စစ်အာဏာသိမ်းယူမှု၊ ကိုဗစ်-၁၉ မြင့်တက်မှုကြောင့် စီးပွားရေးကျဆင်းကာ ပြည်သူများ ဝင်ငွေနည်းပါးနေချိန် စစ်ကောင်စီလက်အောက်ခံအဖွဲ့များ ယခုကဲ့သို့ မပြုလုပ်သင့်ကြောင်းလည်း အမည်မဖော်လိုသူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“အခုနောက်ပိုင်း တာချီလိတ်ဘက်ကနေ တင်သွင်းတဲ့ ကုန်ပစ္စည်းတွေက ဈေးတက်ကုန်တယ်။ တဖက်ကလည်း ဒီလို အတင်း အဓမ္မ ငွေတွေကို ပိုကောက်ခံနေမယ်ဆိုရင် အခြေခံလူတန်းစားတွေ အတွက် အရမ်းခက်ခဲသွားမယ်” ဟု ကုန်သည် တစ်ဦးက ပြောသည်။
မိုင်းဆတ်မြို့သို့ အဓိက တင်သွင်းနေသည့် ကုန်ပစ္စည်းများမှာ ဆပ်ပြာမှုန့်၊ မြေသြဇာ၊ ဘီယာနှင့် အချိုရည်များဖြစ်ပြီး ထို ကုန်ပစ္စည်းများအတွက် တောင်းသည့် အခွန်ပမာဏကို မပေးဆောင်ပါက ပစ္စည်းများ ယူဆောင်သွားကြောင်း သိရှိသည်။