ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်ရှိ ရပ်ကွက် ၊ ကျေးရွာအတွင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေ ကင်းပုန်းဝပ်ဝင်ရောက်နေရာယူထားပြီး နေ့စဉ် ပြည်သူတွေရဲ့နေအိမ်ကို ဝင်ရောက်ဖျက်ဆီးတာ၊ မီးရှို့တာ၊ လက်နက်ကြီးတွေနဲ့ အကြောင်းမဲ့ ရမ်းသမ်းပစ်ခတ်နေတာကြောင့် ပြည်သူတွေရဲ့နေအိမ် ထိခိုက်မှု များပြားလာတယ်လို့ သိရပါတယ်။
ရိက္ခာပြန်လာယူတဲ့ ပြည်သူတွေကို အကြမ်းဖက်စစ်ကောင်စီတပ်မှ လိုက်လံပစ်ခတ်တာရှိနေပြီး လက်နက်ကြီးရမ်းသန်းပစ်ခတ်နေတဲ့အတွက် ဒေါငံခါး၊ ငူးပလော့၊ခေါက်ပလော့ စတဲ့နေရာက ပြည်သူနေအိမ်တွေလည်း ပျက်စီးခဲ့ပါတယ်။
ဒါ့အပြင် ဒီကနေ့ နိုဝင်ဘာလ ၁ ရက်နေ့ ညနေ ၄နာရီခွဲဝန်းကျင်မှာလည်း ဒီးမော့ဆိုမြို့နယ်အတွင်းမှာ နှစ်ဖက်ပစ်ခတ်သံ၊ လက်နက်ကြီးပစ်ခတ်သံတွေ ကြားနေရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“၄ နာရီကျော်တုန်းက လက်နက်ငယ်တွေ အတွဲလိုက်ပစ်သံကြားတယ်။ လက်နက်ကြီးကောထုတယ်။ စစကြားတုန်းက နှစ်ဖက်ပစ်နေသလိုမျိုး အခုတော့ လက်နက်ကြီးနဲ့ တစ်ဖက်သတ်ပစ်နေတာ”လို့ ဒီးမော့ဆိုမြို့ ဒေသခံတစ်ဦးက ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။
ဒီးမော့ဆိုမြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်ကနေ နေ့စဥ် လက်နက်ကြီးတွေ အကြောင်းမဲ့ ရမ်းသန်းပစ်ခတ်နေတဲ့အတွက် ပြည်သူလူထုအနေနဲ့ အသွားအလာဆင်ခြင် သတိထားသွားကြရန်၊ မဖြစ်မနေသွားလာရမယ်ဆိုလျှင် သက်ဆိုင်ရာ ဒေသကာကွယ်ရေးတပ်ဖွဲ့ကို အကြောင်းကြားပြီး သွားလာကြဖို့ ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အသိပေးနိုးဆော်ထားပါတယ်။
ဒီးမော့ဆိုမြို့နယ်အတွင်းမှာ ကရင်နီပူးပေါင်းတပ်နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ရဲ့ တိုက်ပွဲကြောင့် စစ်ဘေးရှောင်ပြည်သူတွေ လက်ရှိအချိန် မိမိနေအိမ်ကို ပြန်ရောက်လာနိုင်ခြင်းမရှိသေးပါဘူး။ လက်ရှိမှာလည်း စစ်ဘေးရှောင်စခန်းတွေမှာ စားနပ်ရိက္ခာ၊ ဆေးဝါး၊ အနွေးထည်တွေ လိုအပ်နေဆဲလို့ စစ်ဘေးရှောင်ကူညီပေးနေသူတွေက ပြောပါတယ်။