လာရှိုး – မိုင်းယော်ကြား စစ်ရေးပြင်းထန်၊ စစ်ကောင်စီမှ ဒေသခံကားသမားများကို ချောဆွဲနေ

လာရှိုး – မိုင်းယော်ကြား စစ်ရေးပြင်းထန်၊ စစ်ကောင်စီမှ ဒေသခံကားသမားများကို ချောဆွဲနေ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နှင့် မိုင်းယော်တိုက်နယ်ကြားတွင် စစ်ရေးပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီမှ ၎င်းတို့၏ ဒဏ်ရာရတပ်သားများကို ဆေးရုံသို့ သယ်ယူပို့ဆောင်ပေးရန် ဒေသခံကားများကို ချောဆွဲနေကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၇ ရက်နေ့မှ စတင်ကာ မိုင်းယော်တိုက်နယ်အတွင်းတွင် စစ်ကောင်စီနှင့် တိုင်းရင်း သားလက်နက်ကိုင်တပ်ဖွဲ့တို့ နေ့စဥ်ရက်ဆက် တိုက်ပွဲဖြစ်ပွားနေပြီး နှစ်ဦးနှစ်ဖက် ထိခိုက်ကျဆုံးမှုရှိနေကြောင်း သိရသည်။

ထို့ကြောင့် စစ်ကောင်စီဘက်မှ ထိခိုက်ဒဏ်ရာရသူများကို ဒေသခံကားသမားများက ဆေးရုံသို့ပို့ပေးရန် အတင်းအဓမ္မခိုင်းစေနေကြောင်း ဒေသခံများက ပြောသည်၊၊

“တိုက်ပွဲမှာတော့ နှစ်ဖက်လုံး ကျဆုံးမှုရှိတယ်လို့ထင်တယ်၊ ဘာလို့လဲဆို တိုက်ပွဲကနေပြန်လာတဲ့ စစ်သားတွေမှာ တစ်ယောက်ကို သေနတ်နှစ်လက်သုံးလက် ထမ်းနေတာမျိုးတွေ့ရတယ်၊ နှစ်ဖက်လုံးပဲ၊ ပြီးတော့ စစ်ကောင်စီ တွေက သူတို့လူဒဏ်ရာရတယ်ဆိုရင် ဒေသခံကားတွေကို လားရှိုးဆေးရုံ လိုက်ပို့ခိုင်းတာရှိတယ်၊ မနေ့ကလည်း နှစ်ယောက်ပို့ပေးရတယ်” ဟု ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်၊၊

ယင်းကဲ့သို့ စေခိုင်း ချောဆွဲမှုများရှိနေသည့်အတွက် မိုင်းယော်တိုက်နယ်အတွင်းမှ ဒေသခံတို့သည် မသွားရဲ မလာရဲဖြစ်နေကြကြောင်း သိရသည်။

“တိုက်ပွဲက ရွာထဲမဟုတ်ပေမဲ့ သူတို့အဲ့လို ချောဆွဲတော့ ဘယ်သူကမှ အပြင်မထွက်ရဲလောက်အောင်ဖြစ်နေပြီ၊ မွန်းလွဲပိုင်းရောက်ပြီဆိုတာနဲ့ အပြင်ထွက်တဲ့သူ မရှိသလောက်ပဲ၊ တိုက်ပွဲကတော့ နေ့တိုင်းဖြစ်နေတယ်” ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်၊၊

ပြီးခဲ့သည့် အောက်တိုဘာလ ၂၈ ရက်နေ့မှာလည်း စစ်ကောင်စီတပ်သား (၁၀၀)ကျော် မိုင်းယော်ကျေးရွာသို့ ဖြတ်ဝင်သွားပြီးချိန်မှာ ရဲစခန်းတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။

မိုင်းယော်တိုက်နယ်တွင် တိုင်းရင်းသားလက်နက်ကိုင်များဖြစ်သည့် ကိုးကန့် (MNDAA)၊ တအာင်း (ပလောင်) TNLA ၊ ရခိုင်တပ်မတော် (AA) ၊ ကချင်တပ်မတော် (KIA)၊ သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် အာဏာသိမ်း စစ်ကောင်စီတို့ သွားလာလှုပ်ရှားလျက်ရှိသည်။

November 14, 2024
သျှမ်းပြည် မိုင်းရယ် – လားရှိုးသွားသည့်လမ်းကို စစ်ကောင်စီက ရက်အကန့်အသတ်မရှိ ပိတ်လိုက်ကြောင်း...
November 12, 2024
မိုးကုတ်မြို့ကို ယမန်နေ့ နိုဝင်ဘာလ (၁၁ ) ရက်၊ ညပိုင်းက စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲ...
November 12, 2024
သျှမ်းပြည်၊ ပင်လောင်းမြို့နယ်  ပအိုဝ်းပြည်သူ့စစ် PNO က စစ်ဘေးရှောင်များကို ခြိမ်းခြောက်ပြီး...
November 11, 2024
သျှမ်းပြည်၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသ‌တွင် ရေကြီးမှုဒဏ်ခံရပြီးနောက် ပြန်လည်ထူထောင်ရန်ခက်ခဲနေ‌...