မိုင်းယော်ဒေသ စစ်ကောင်စီ လက်နက်ကြီးကျ နေအိမ်တစ်လုံးပျက်စီး

မိုင်းယော်ဒေသ စစ်ကောင်စီ လက်နက်ကြီးကျ နေအိမ်တစ်လုံးပျက်စီး

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်ကျေးရွာအုပ်စုအတွင်းရှိ ကွန်ဖြူကျေးရွာတွင် စစ်ကောင်စီမှ လက်နက်ကြီးပစ်ခတ်ရာ နေအိမ်တစ်လုံး ပျက်စီးသွားကြောင်း စုံစမ်းသိရှိရသည်။

အောက်တိုဘာ (၂၈) ရက် နေ့လည် (၂) နာရီကျော်က အာဏာသိမ်းစစ်ကောင်စီသည် မိုင်းယော်ကျေးရွာရှိ မန့်ပန်ပြည်သူ့စစ် စခန်းတွင်နေပြီး လက်နက်ကြီးဖြင့်ပစ်ခတ်ရာ ဒေသခံနေအိမ်တစ်လုံး ထိခိုက်ပျက်စီးသွားကြောင်း ကွန်ဖြူကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။

“ပြည်သူ့စစ်တပ်စခန်းကနေပြီး လက်နက်ကြီးနဲ့ ပစ်တာ၊ ဒေသခံ နေအိမ်ထိသွားတယ်။ ထိခိုက်ဒဏ်ရာ ရရှိတဲ့သူတော့မရှိဘူး” ဟု ကွန်ဖြူဒေသခံ တစ်ဦးက ပြောသည်။

ထို့အတူ အောက်တိုဘာ (၂၈) ရက် နေ့လည် (၃) နာရီခန့်တွင် လားရှိုးမှ မိုင်းယော်သို့ ပြန်မည့် ဒေသခံများ အပြန်လမ်းမှာ စစ်ကောင်စီ စစ်ကြောင်းများနှင့်တွေ့စဉ် စစ်ကြောင်းမှ ဒေသခံများကို ရှေ့သို့ ဖြတ်ခွင့်မပြုဘဲ နောက်မှ လိုက်လာရသဖြင့် ညနက် (၁) နာရီမှ မိုင်းယော်သို့ ရောက်ခဲ့ကြောင်း မိုင်းယော်ဒေသခံတစ်ဦးက ပြောသည်။

“ဒီမနက် (၁) နာရီလောက်မှ အိမ်ရောက်တယ်။ သူတို့စစ်ကြောင်းရှေ့က မပေးဖြတ်သွားဘူး။ လားရှိုးလှည့်ပြန်မယ်ဆိုလည်း မပေးလှည့်ပြန်ဘူး။ သူတို့နောက်ကနေ လိုက်လာရတယ်” ဟု မိုင်းယော်ဒေသခံတစ်ဦးက ပြောသည်။

လားရှိုး–မိုင်းယော်သည် မိုင် (၃၀) ကွာဝေးပြီး ကားစီးလျှင် (၁) နာရီကျော်သာ အချိန်ကြာကြောင်း သိရှိရသည်။

ယမန်နေ့ အောက်တိုဘာ (၂၈) ရက်တွင် မိုင်းယော်ကျေးရွာအုပ်စု လုံမွန်းကျေးရွာမှ နေပြီး စစ်ကောင်စီဘက်မှ လက်နက်ကြီးပစ်သဖြင့် ည (၁၁) နာရီအချိန်ထိ လက်နက်ကြီးသံ ကြားနေရကြောင်း မိုင်းယော်ဒေသခံများ ကပြောသည်။

အောက်တိုဘာ (၂၇) ရက်မှစတင်ပြီး စစ်ကောင်စီသည် မိုင်းယော်ကျေးရွာအုပ်စုအတွင်း စစ်အင်အားများ ဖြည့်ဆည်းနေကြောင်း ဒေသခံများက ပြောဆိုကြသည်။

မိုင်းယော်ကျေးရွာအုပ်စုသည် ကိုးကန့်တပ်မတော် (MNDAA)၊ ရခိုင်တပ်မတော် (AA)၊ သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ တအာင်းလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ကချင်တပ်မတော် (KIA) တို့ လှုပ်ရှားရာဒေသဖြစ်သည်။

Most read this week

November 14, 2024
သျှမ်းပြည် မိုင်းရယ် – လားရှိုးသွားသည့်လမ်းကို စစ်ကောင်စီက ရက်အကန့်အသတ်မရှိ ပိတ်လိုက်ကြောင်း...
November 12, 2024
မိုးကုတ်မြို့ကို ယမန်နေ့ နိုဝင်ဘာလ (၁၁ ) ရက်၊ ညပိုင်းက စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲ...
November 12, 2024
သျှမ်းပြည်၊ ပင်လောင်းမြို့နယ်  ပအိုဝ်းပြည်သူ့စစ် PNO က စစ်ဘေးရှောင်များကို ခြိမ်းခြောက်ပြီး...
November 11, 2024
သျှမ်းပြည်၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသ‌တွင် ရေကြီးမှုဒဏ်ခံရပြီးနောက် ပြန်လည်ထူထောင်ရန်ခက်ခဲနေ‌...