ရာသီတုပ်ကွေးကြောင့် ဆေးခန်းလာပြသူ ပုံမှန်ထက်များပြား

ရာသီတုပ်ကွေးကြောင့် ဆေးခန်းလာပြသူ ပုံမှန်ထက်များပြား

ရာသီအပြာင်းအလဲကြောင့် လက်ရှိအချိန်တွင် ရာသီတုပ်ကွေးကူးစက်မှုများရှိလာပြီး စစ်တွေမြို့မှဆေးခန်းများတွင် လာရောက်ပြသသည့်လူနာ ပိုမိုများပြားလာကြောင်း သိရသည်။

ရာသီတုပ်ကွေးမှာ ဆောင်းရာသီသို့ကူးပြောင်းချိန်တွင် အဖြစ်များပြီး ဗိုင်းရစ်ပေါင်း (၁၅၀၀) ထဲမှ ရိုးရိုးရာသီတုပ်ကွေးအမျိုးအစားတစ်ခုဖြစ်ကာ အားနည်းသည့်သူများတွင် ပိုမိုကူးစက်မြန်သည်ဟု စစ်တွေမြို့ ဝေဘူလဆေးခန်းမှ ဒေါက်တာမျိုးညွှန့်က DMG သို့ ပြောသည်။

“အခုဖြစ်နေတဲ့ရာသီတုပ်ကွေးက ဒီလောက်ဒုက္ခမပေးဘူး။ တုပ်ကွေးဖြစ်ပြီး ခန္ဓာကိုယ်အားပြတ်တဲ့အချိန်မှာ အခြားဘတ်တီရီးယား (နမိုးနီးယား) တွေဝင်လာပြီဆိုရင်တော့ အသက်အန္တရာယ် စိုးရိမ်ရတဲ့အခြေအနေရှိတယ်” ဟု ဒေါက်တာမျိုးညွှန့်က ရှင်းပြသည်။

အဆိုပါ ရာသီတုတ်ကွေးမှာ ကိုယ်ခံအားကောင်းသူများဆိုလျှင် သုံးရက်ခန့်အချိန်ယူကုသရပြီး ကိုယ်ခံအားကျဆင်းသူဆိုလျှင် ၁၀ ရက် ဆေးကုသမှုခံယူရန်လိုအပ်ကြောင်း ဆရာဝန်များထံမှ သိရသည်။

ဒေါက်တာမျိုးညွှန့်မှာ ဝေဘူလဆေးခန်းတွင် နေ့တစ်ဝက် တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး ၎င်းတာဝန်ယူထားချိန်အတွင်း ရာသီတုပ်ကွေးကြောင့် ဆေးခန်းလာပြသူ ငါးဦးခန့်ရှိကြောင်း သိရသည်။

ရာသီတုပ်ကွေးဖြစ်ရခြင်းမှာ အိပ်ရေးပျက်ခြင်း၊ အရက်အလွန်အကျွံ သောက်စားခြင်း၊ ပင်ပန်းညောင်းညာခြင်း၊ အချိန်လွန်မှ ရေချိုးခြင်းတို့ကြောင့် အဖြစ်များတတ်ကြောင်း၊ ယင်းတုပ်ကွေးဖြစ်ပါက နှာစေးခြင်း၊ နှာချေခြင်း၊ ချောင်းဆိုးခြင်း၊ ကိုယ်လက်ကိုက်ခဲ နာကျင်ခြင်း၊ အိပ်စက်မရခြင်းနှင့် လည်ချောင်းနာခြင်း အစရှိသည့် ရောဂါလက္ခဏာများ ခံစားရသည်။

အလားတူ စစ်တွေမြို့က ဒေါက်တာဦးကျော်ခိုင်ကလည်း ဆေးခန်းတွင် နေ့စဉ်ရာသီတုပ်ကွေးလူနာ ၁၀ ဦးနှင့်အထက် လာရောက်ကုသမှုခံယူနေကြောင်း ပြောသည်။

“ရာသီတုပ်ကွေးက နှစ်တိုင်းမဖြစ်တတ်ဘူး။ တစ်နှစ်ခြားမှ တစ်ခါလောက်ဖြစ်တတ်တာ။ သုံးနှစ်မှ တစ်ခါလောက်ဖြစ်တာမျိုးလည်းရှိတယ်။ မနှစ်ကထက် ဒီနှစ်မှာ ရာသီတုပ်ကွေးဖြစ်သူ အရေအတွက်ပိုများလာတယ်” ဟု ဒေါက်တာဦးကျော်ခိုင်က ပြောသည်။

ရာသီတုပ်ကွေးမဖြစ်စေရန် အပြင်ထွက်လျှင် နှာခေါင်းစည်း Mask တပ်ဆင်ခြင်း၊ အိပ်ရေးဝအောင်အိပ်စက်ခြင်း၊ ကိုယ်ခံအားကောင်းရန် အစားအစာစားခြင်း၊ ရေခဲအများအပြား စားသုံးရန်မသင့်ခြင်း အစရှိသည်တို့ကို လုပ်ဆောင်သင့်ကြောင်း ဆရာဝန်များကဆိုသည်။

Most read this week

အောက်တိုဘာ ၁၀ ရက်နေ့တွင် ကျောက်တော်မြို့ ကို စစ်ကောင်စီက လေကြောင်းဗုံးကြဲပြီးနောက်။ (ဓာတ်ပုံ - ABN)
November 14, 2024
ရခိုင်ပြည်တွင် တိုက်ပွဲစတင်သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်မှ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်အထိ...
November 14, 2024
ရခိုင်ပြည်အတွင်း ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်တွင် စတင်ခဲ့သည့် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့၏...
မတ်လ ၇ ရက်၊ ၂၀၂၁ ခုနှစ်တွင် ရိုက်ကူးထားသည့် စစ်တွေမြို့ရှိ စစ်ကောင်စီပိုင် အင်းဝဘဏ်ရှေ့မြင်ကွင်း။
November 13, 2024
ရခိုင်ပြည်နယ်စစ်ကောင်စီရုံးစိုက်ရာ စစ်တွေမြို့တွင်းနေရာတချို့တွင် စစ်ကောင်စီက ခံတပ်အခိုင်အမာ...
November 13, 2024
ရခိုင်ဒေသအတွင်း ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်တွင် စတင်ခဲ့သည့် တိုက်ပွဲများသည် အချိန်ကာလအားဖြင့်...