စစ်ကောင်စီ မှ မတရားဖမ်းဆီး ချုပ်နှောင်ခဲ့ပြီး ပြန်လွတ်မြောက်လာသည့်သူများကို နောက်နောင် အလားတူမပြုလုပ်ရန် ခံဝန်ကတိထိုးခဲ့သဖြင့် အနေအထိုင် လွတ်လပ်မှုမရှိနိုင်ကြောင်း စုံစမ်းသိရသည်။
ယမန်နေ့ (အောက်တိုဘာ ၁၈ ရက်) တွင် စစ်ကောင်စီမှ မတရားဖမ်းဆီးချုပ်နှောင်ထားသည့် လားရှိုးအကျဥ်းထောင်မှ ပြည်သူ (၁၁) ဦးကို လွှတ်ပေးခဲ့ပြီး၊ ထိုသူများသည် ခံဝန်ကတိထိုးခိုင်းပြီး လွှတ်ပေးကြောင်းနှင့် နောက်နောင် အလားတူဖြစ်ရပ်မျိုးရှိလာပါက ပြစ်မှုဟောင်းနှင့်အတူ ပြစ်ဒဏ်ခံရဖွယ်ရှိသည်ဟု စစ်ကောင်စီက သတိပေးပြီး ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။
“ကျနော်တို့ နောက် ဒီလို စစ်အာဏာရှင်ကို ဆန့်ကျင်ရင် အရင်အမှု အဟောင်းနဲ့ ပေါင်းပြီးတော့ ပြစ်ဒဏ်ခံရမယ်လို့ ကျနော်တို့ မလွှတ်ခင်က ကတိပေးရတယ်။ ခံဝန်ကတိထိုးခဲ့ရတယ်” ဟု လားရှိုး အကျဉ်းထောင်မှ လွတ်လာသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
လားရှိုး အကျဉ်းထောင်မှ ပြန်လွှတ်ပေးလာသည့်သူများကို စစ်ကောင်စီအုပ်စုက မျက်ခြေမပြတ် စောင့်ကြည့်မှုကို ခံရမည်ဖြစ်သည့်အတွက် လွှတ်လာခဲ့သော်လည်း အကျဉ်းကျနည်းတူပင် ဖြစ်နေသည်ဟု ၎င်းက ပြောသည်။
“ပြောရရင်တော့ အထဲမှာနေတုန်းက ဘာမှ မတွေးရဘူး၊ လွှတ်ရင်လည်း လွတ်ဖို့ အဲ့လောက်ပဲ တွေးရတယ်၊ အပြင်ရောက်လာတော့ တွေးစရာတွေက များတယ်၊ ဘာဆက်လုပ်ရမလဲ၊ ဘယ်လိုလုပ်မလဲ၊ ပြီးတော့ ကိုယ့် နောက်ကို လိုက်ကြည့်နေတဲ့သူတွေလည်း ရှိနိုင်တော့ ဘာမှ အတိမ်းအစောင်းခံလို့တော့ မရဘူးလေ” ဟု ပြန်လွတ်လာသည့် အသက် ၃၀ ကျော် လူငယ်တစ်ဦးက ဆိုသည်။
လားရှိုးမြို့တွင်နေထိုင်ပြီး စစ်အာဏာရှင်ကို ဆန့်ကျင်မှု မပြုလုပ်ခဲ့ဘဲ ဖမ်းဆီးခံရသည့် သျှမ်းလူငယ် တစ်ဦး ဖြစ်သည့် စိုင်းဆိုင်ဝမ်းဦးလည်း ပြန်လည် လွှတ်မြောက်လာခဲ့သည်။
“ကျနော်တို့ကို စစဖမ်းသွားတုန်းက စခန်းမှာစစ်တာပေါ့၊ ကျနော့ခေါင်းကို လက်ဖဝါးနဲ့ရော၊ သေနတ်ဒင်နဲ့ရော ရိုက်ခံရတယ်၊ နောက် အချုပ်ကိုရောက်တော့ စစရောက်တုန်းက ၂၄ နာရီလုံး အပြင်ကို ပေးမထွက်ဘူး၊ ၁၄ ရက်လောက်က အဲ့လိုပဲနေရတယ်၊ အိမ်နဲ့ ထောင်ဝင်စာရနိုင်ဖို့လည်း တော်တော်ခက်တယ်” ဟု စိုင်းဆိုင်ဝမ်းဦးက ပြောသည်။
သျှမ်းလူငယ် စိုင်းဆိုင်ဝမ်းဦး ပြန်လည်လွတ်မြောက်လာခြင်းနှင့် ပတ်သက်ပြီး ၎င်း၏ မိခင်ဖြစ်သူကလည်း ဝမ်းသာကြောင်းနှင့် သားအတွက် စိုးရိမ်မှုတော့ ရှိနေသေးကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။
“သားက လွတ်လာတော့ မိခင်အနေနဲ့တော့ ပျော်တာပေါ့၊ ဘယ်လိုပြောပြော သားက လွတ်လပ်ပြီ၊ အထဲမှာ ရှိနေတုန်းတော့ သူ့စားဖို့သောက်ဖို့က အစ ကျန်းမာရေးတွေကိုပါ စိတ်ပူရတယ်၊ ဒါပေမဲ့ စိုးရိမ်စိတ်ကတော့ ရှိနေဆဲပါ၊ ဘာဖြစ်လို့လဲဆိုတော့ လွှတ်ပေးလိုက်တဲ့သူတွေကို ချက်ခြင်းပြန်ဖမ်းတယ် ဆိုတဲ့သတင်းတွေကို လိုင်းပေါ်မှာ တွေ့နေရလို့၊ ကျမသားကိုတော့ အဲ့လိုမျိုး မဖြစ်ချင်ဘူး” ဟု စိုင်းဆိုင်ဝမ်းဦး၏ မိခင်ဖြစ်သူက ပြောသည်။
မတရားဖမ်းဆီးခံရသူများလည်း လွတ်မြောက်လာသည့်အတွက် ဝမ်းသာသော်လည်း ခံဝန်ကတိနှင့် ထွက် လာရသည့်အတွက် ပေါ့ဆပြီး မနေသင့်ကြောင်းနှင့် စစ်ကောင်စီတို့မှ အာဏာသိမ်းပိုက်နေစဥ် ကာလပတ်လုံး ပြည်သူများအနေဖြင့် အရာရာကို သတိထားနေထိုင်သင့်ကြောင်းလည်း လားရှိုးမြို့ အမျိုးသားလွှတ်တော် နေရာကို အနိုင်ရခဲ့ဖူးသည့် လွှတ်တော်ကိုယ်စားလှယ်ဟောင်း စိုင်းဝမ်းလှိုင်းခမ်းကလည်း သျှမ်းသံတော်ဆင့်ကို ပြောသည်။
“သူ (စိုင်းဆိုင်ဝမ်းဦး) စစပါသွားတုန်းကလည်း ကျနော်တို့ အမျိုးမျိုးကြိုးစားခဲ့ပါတယ်၊ ဒါပေမဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်ခံရတယ်၊ ခုပြန်လွတ်လာတော့ ဝမ်းသာတယ်ပေါ့နော်၊ ဒါပေမဲ့ ကျန်းမာရေးကိုသွားပြီး စစ်ကြည့်ဖို့ ကျနော် အကြံပြုထားတယ်၊ ဘာလို့လဲဆို အထဲမှာ ရှိနေတုန်းက စစ်ဆေးမေးမြန်းမှုတွေကြောင့် ဘယ်လိုခံခဲ့ရလဲဆိုတာ ပြောလို့မရနိုင်ဘူးလေ၊ စစ်အာဏာရှင်က မပြုတ်မချင်း ပြည်သူများအားလုံးလည်း သတိဝိရိယနဲ့ နေဖို့ ကျနော် ပြောချင်တယ်” ဟု စိုင်းဝမ်းလှိုင်းခမ်းက ပြောသည်။
ယမန်နေ့ အောက်တိုဘာလ ၁၈ ရက် နေ့ခင်းပိုင်းအချိန်တွင် စစ်ကောင်စီတို့သည် ၎င်းတို့ ဖမ်းဆီထိန်းသိမ်းထားသည့် တနိုင်ငံလုံးရှိ အကျဥ်းထောင်များမှ ဖမ်းဆီထားသူ (၄၃၂၀) ဦးကို ပြန်လွှတ်ပေးမည်ဟု ကြေညာထားသည်။