၂၀၂၁ ခု အောက်တိုဘာလ ၁၅ ရက်နေ့သည် ပြည်ထောင်းစုသမ္မတ မြန်မာနိုင်ငံအစိုးရနှင့် တိုင်းရင်းသားလက်ကိုင်အဖွဲ့အစည်းများအကြား တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ချုပ်ဆိုခဲ့သည်မှာ ၆ နှစ် ပြည့်ပြီးဖြစ်သည်။ NCA သည် မြန်မာနိုင်ငံ၏နှစ်ပေါင်းခြောက်ဆယ်ကျော်ကြာ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းပြီး တိုင်းရင်းသားများတောင်းဆိုနေသည့် ဒီမိုကရေစီရေး၊အမျိုးသားတန်းတူရေးနှင့်ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေး အာမခံချက်အပြည့်အဝရှိသော ဒီမိုကရေစီနှင့်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်သည့် သဘောတူစာချုပ်ဖြစ်သည်ဟု လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ NCA-S EAOs တို့က အစဉ်တစိုက် ပြောဆိုနေပေသည်။
သို့သော် NCA လက်မှတ်ရေးထိုးပြီးနောက် ၆ နှစ်ကြာလာခဲ့သည့်တိုင် မြန်မာနိုင်ငံတဝှမ်းတွင် တိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာပြီး ဖေဖော်ဝါရီလအာဏာသိမ်းပြီးနောက်ပိုင်းတွင် တိုင်းရင်းသားဒေသများတွင်သာမက မြန်မာနိုင်ငံအတွင်းပိုင်းတွင်ပါ တိုက်ပွဲများ ပိုမိုဖြစ်ပွားနေသည်ကို တွေ့ရပေသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံ၏ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်ပတ်သက်ပြီး အန်စီအေ၏ အခန်းကဏ္ဍကို မေးခွန်းထုတ်နေသလို စစ်အာဏာသိမ်းမှုကြောင့် အန်စီအေပျက်ပယ်ပြီးဟု သုံးသပ်မှုများလည်း ထွက်ပေါ်လာပေသည်။ အန်စီအေလက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ငြိမ်းချမ်းရေးလုပ်ငန်းဦးဆောင်အဖွဲ့ (PPST) ကမူ မြန်မာ့နိုင်ငံရေးလုပ်ငန်းစဉ်ကို NCA လမ်းကြောင်းအတိုင်း NCA-S EAOs မှ ရပ်တည်ဆောင်ရွက်သွားမည်ဟု ၎င်းတို့၏ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။
စစ်အာဏာသိမ်းပြီးနောက် NCA-S-EAOs ၏ သဘောထားရပ်တည်မှုများ
၂၀၂၁ ဖေဖော်ဝါရီလ အာဏာသိမ်းပြီးနောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏သဘောထားနှင့် ရပ်တည်မှုများအကြား မတူကွဲပြားကြသလို NCA လက်မှတ်ရေးထိုးထားသည့် EAOs များအကြားတွင်လည်း ကွဲပြားနေပါသည်။ PPST သည် NCA-S EAOs ၏ရပ်တည်ချက်သဘောထားနှင့် လုပ်ငန်းစဉ်များကို ဦးဆောင် အကောင်အထည်ဖော်နေပါသည်။
စစ်အာဏာသိမ်းပြီး ဖေဖော်ဝါရီလ ၂ ရက်နေ့ (PPST) ၏ဘုံသဘောထား (၇) အချက်ပါထုတ်ပြန်ချက်တွင် လက်ရှိ နိုင်ငံရေးအကျပ်အတည်းအပေါ် မြန်မာ့တပ်မတော်မှ အာဏာသိမ်းယူသည့်နည်းလမ်းဖြင့် ဖြေရှင်းခြင်းကို ဆန့်ကျင်ကန့်ကွက်ပြီး ဖမ်းဆီးထားသူများအားလုံး ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရန် တောင်းဆိုထားပြီး နိုင်ငံရေး ပြဿနာကို ငြိမ်းချမ်းသောနည်းဖြင့် တွေ့ဆုံဆွေးနွေးရန် တိုက်တွန်းထားပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို NCA လမ်းကြောင်းအတိုင်း NCA-S EAOs မှ ဆောင်ရွက်သွားမည်ဟု ဖော်ပြထားပေသည်။
ဧပြီလ ၄ ရက်နေ့ ထုတ်ပြန်ချက်တွင် ပြည်သူလူထုတစ်ရပ်လုံးက ဆင်နွှဲနေသည့် နွေဦးတော်လှန်ရေးအပါအဝင် စီဒီအမ်လူထုလှုပ်ရှားမှုများအား ဆက်လက်ကူညီပံ့ပိုးသွားမည်ဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ထုတ်ပြန်သော ဖက်ဒရယ်ဒီမိုကရေစီပဋိဥာဥ် (Federal Democracy Charter) သည် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် ကြိုးပမ်းမှုတစ်ရပ်အဖြစ် ကြိုဆိုထားပါသည်။
ဧပြီလ ၂၇ ရက်နေ့ထုတ်ပြန်ချက်တွင် (CRPH) နှင့်ဆက်စပ်ညှိနှိုင်းရေးကို အစုအဖွဲ့အလိုက်သော်လည်းကောင်း၊ တစ်ဖွဲ့ချင်းအလိုက်သော်လည်းကောင်း ဆောင်ရွက်သွားပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ဖွဲ့စည်းနိုင် ခြင်းသည် ဖက်ဒရယ်ပြည်ထောင်စု ကြိုးပမ်းတည်ဆောက်ရေးတွင် တိုးတက်မှုအဆင့်တစ်ရပ်သို့ တက်လှမ်းနိုင်ခြင်းဟု ရှုမြင်သည်ဟု ဖော်ပြထားပေသည်။
ဩဂုတ်လ (၅) ရက်ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံရေးအကျပ်အတည်းဖြေရှင်းနိုင်ရေးအတွက် ASEAN ၏ဘုံ သဘောတူညီချက် (၅) ချက်အား အကောင်အထည်ဖော်နိုင်ရန် ASEAN အထူးကိုယ်စားလှယ်ခန့်အပ်ခြင်းကို ကြို ဆိုပြီး နိုင်ငံတကာကြားဝင်စေ့စပ်ဖြေရှင်းခြင်းများသည် မြန်မာ့နိုင်ငံ၏ပကတိနိုင်ငံရေးအခြေအနေနှင့် လိုက်လျောညီထွေဖြစ်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ပါရှိပေသည်။
စက်တင်ဘာလ ၉ ရက်နေ့တွင် NCA အနှစ်သာရဖြစ်သည့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေး၊ သက်ဆိုင်သူအားလုံးပါဝင်ပြီး အဓိပ္ပါယ်ပြည့်ဝသည့် နိုင်ငံရေးဆွေးနွေးပွဲများ ဖြစ်မြောက်ရေးအပါအဝင် လက်ရှိနိုင်ငံရေးအကျပ်အတည်းဖြေရှင်းနိုင်ရေးအတွက် PPST ၏ နိုင်ငံရေးရည်မှန်းချက်များ (၇) ရပ်ကို ချမှတ်ခဲ့ပါသည်။
အောက်တိုဘာလ (၁၅) ရက် NCA လက်မှတ်ရေးထိုးခြင်း ၆ နှစ်ပြည့်အထိမ်းအမှတ် ထုတ်ပြန်ကြေငြာချက်တွင် PPST ၏ နိုင်ငံရေးရည်မှန်းချက်များ (၇) ရပ်ကို လက်တွေ့အကောင်အထည်ဖော်နိုင်ရေးကြိုးပမ်းဆောင်ရွက်သွား မည်ဟု ပါရှိပေသည်။ PPST ၏နိုင်ငံရေးရည်မှန်းချက်များ (၇) ရပ်အနက် ဖမ်းဆီးထားသူများအားလုံးအမြန်ဆုံး လွှတ်ပေးပြီး နိုင်ငံရေးမတူညီမှုများအား အမြန်ဆုံးဆွေးနွေးအဖြေရှာသွားရေး၊ အနာဂတ်နိုင်ငံရေးတွင် သက်ဆိုင် သူအားလုံးပါဝင်ပြီး နိုင်ငံတကာ၏ကူညီပံ့ပိုးမှုများနှင့်နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာသွားရေး၊ တိုင်းပြည်အာ ဏာကို အရပ်သားကိုယ်စားလှယ်များအုပ်ချုပ်မှုနှင့် ဒီမိုကရေစီဘောင်အတွင်း ဆောလျင်စွာ ပြန်လွှဲပြောင်းရေး ကို ဝိုင်းဝန်းအဖြေရှာကြရန်နှင့် လူထုကို အကာအကွယ်ပေးသည့်လုံခြုံရေးစနစ် တည်ဆောက်သွားရေးတို့သည် အရေးပါသည့်အချက်များ ဖြစ်သည်။
PPST ၏ထုတ်ပြန်ချက်အားလုံးကို ခြုံကြည့်ပါက PPST သည် CRPH က ထုတ်ပြန်သည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဥာဥ် (Federal Democracy Charter) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဖွဲ့စည်းနိုင်ခြင်းသည် ဖက်ဒရယ် ပြည်ထောင်စု ကြိုးပမ်းတည်ဆောက်ရေးတွင် တိုးတက်မှုအဆင့်တစ်ရပ်သို့ တက်လှမ်းနိုင်ခြင်းရှုမြင်သော်လည်း ၎င်း၏အခြေခံရပ်တည်ချက်သည် NCA အနှစ်သာရကို အခြေခံသည့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရေးနှင့် သက်ဆိုင်သူအားလုံး ပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်ပေါ်လာရေးတို့ဖြစ်သည်။
မရှင်းသည့် PPST ရပ်တည်ချက်များ
NCA ၏ နိုင်ငံရေးလမ်းပြမြေပုံတွင် နိုင်ငံရေးဆွေးနွေးဖက်အဖြစ် အစိုးရ၊ တပ်မတော်၊ NCA-S EAOs နှင့် နိုင်ငံရေးပါတီတို့ဖြစ်ပြီး ယခုလက်ရှိအနေအထားတွင် အစိုးရနှင့် နိုင်ငံရေးပါတီများ မရှိနိုင်သည့်အနေအထားတွင် နိုင်ငံရေး ဆွေးနွေးပွဲကို မည်သို့အကောင်အထည်ဖော်မည်ကို မရှင်းလင်းပေ။
NCA လမ်းကြောင်းဖြင့် နိုင်ငံရေးပြဿနာကို ဖြေရှင်းပါက NCA စာချုပ်သည် အစိုးရနှင့်တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများအကြား ချုပ်ဆိုထားသည့် စာချုပ်ဖြစ်သည့်အတွက် PPST သည် အာဏာသိမ်းစစ်ကောင်စီကို အစိုးရအဖြစ် အသိအမှတ်ပြုဆွေးနွေးမည်လောဆိုသည့်မေးခွန်း ဖြစ်စေပါသည်။
အထူးသဖြင့် PPST ၏ နိုင်ငံရေးရည်မှန်းချက်အမှတ် (၃) ဖြစ်သည့် တိုင်းပြည်အာဏာကို အရပ်သားကိုယ်စားလှယ်များအုပ်ချုပ်မှုနှင့် ဒီမိုကရေစီဘောင်အတွင်း ဆောလျင်စွာ ပြန်လွှဲပြောင်းရေးကို ဝိုင်းဝန်းအဖြေရှာကြရန်ဆိုသည့် အချက်သည် ရှင်းလင်းမှုမရှိပေ။
တိုင်းပြည်အာဏာကို အရပ်သားကိုယ်စားလှယ်များ အုပ်ချုပ်မှုနှင့် ဒီမိုကရေစီဘောင်အတွင်း ဆောလျင်စွာ ပြန်လွှဲပြောင်းရေးသည် ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လက်ထဲ အာဏာပြန်လည်အပ်နှင်းမည်လော သို့မဟုတ် စစ်ကောင်စီကကျင်းပမည့်ရွေးကောက်ပွဲမှ အနိုင်ရကိုယ်စားလှယ်လက်ထဲ အာဏာလွှဲပြောင်းမည်လောဆိုသည်ကို မရှင်းပေ။
အကယ်၍ PPST ၏ နိုင်ငံရေးရည်မှန်းချက်အမှတ် (၃) သည် စစ်ကောင်စီက ကျင်းပမည့်ရွေးကောက်ပွဲမှ အနိုင်ရသည့် ကိုယ်စားလှယ်လက်ထဲ အာဏာလွှဲပြောင်းမည်ဟုဆိုပါက PPST သည် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ဖျက်သိမ်းခြင်းနှင့် စစ်ကောင်စီ၏ချမှတ်ထားသည့် နိုင်ငံရေးလမ်းပြမြေပုံကိုပါ ထောက်ခံရာရောက်ပေသည်။
လက်ရှိအနေအထားတွင် PPST သည် အာဆီယံသဘောတူညီချက် (၅) ချက်ကို ထောက်ခံထားပြီး အာဆီယံကိုယ်စားလှယ်နဲ့ တတ်နိုင်သမျှ ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဆိုထားသည့်အတွက် ၎င်းတို့မျှော်မှန်းသည် တွေ့ဆုံ ဆွေးနွေးရေးသည် အာဆီယံလမ်းကြောင်းနှင့် NCA လက်မှတ်ထိုးထားသည့် အသိသက်သေနိုင်ငံများလမ်းကြောင်းမှ ချဉ်းကပ်နေပေသည်။
အာဆီယံသဘောတူညီချက်တွင် အကြမ်းဖက်မှုများချက်ချင်းရပ်တန့်ရန်၊ သက်ဆိုင်ရာအစုအဖွဲ့အားလုံးအနေဖြင့် အကြမ်းမဖက်ရေးအတွက် အတတ်နိုင်ဆုံးထိန်းချုပ်ဆောင်ရွက်သွားရန်နှင့် ငြိမ်းချမ်းစွာ အဖြေရှာနိုင်ရေးအတွက် သက်ဆိုင်ရာအစုအဖွဲ့တွေကြား အပြုသဘောဆောင်သည့် ညှိနှိုင်းဆွေးနွေးမှုစတင်ရန်သာပါရှိပြီး ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်အပါအဝင် အဖမ်းဆီးခံနေရသူအားလုံး လွှတ်ပေးရန်ဆိုသည့် သဘောတူချက်မျိုး မရှိပေ။
NCA သည် စစ်ကောင်စီအတွက် ထွက်ပေါက်လော
NCA လမ်းကြောင်းသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့်လမ်းကြောင်းဟု တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက ပြောဆိုနေသော်လည်း NCA စာချုပ်အပေါ် ချုပ်ဆိုပြီး ၆ နှစ်တာကာလအတွင်းတွင် ၂၀၀၈ ဖွဲ့စည်းပုံကို မည်သို့မျှ ပြင်ဆင်နိုင်မှုမရှိသည်ကို တွေ့ရပေသည်။
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် NCA ထီးရိပ်အောက်တွင် ဝင်ရောက်ရန် NCA လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို ဖိတ်ခေါ်နေသော်လည်း NCA စာချုပ်အကောင်အထည်ဖော်ရေး ဆွေးနွေးမှုများတွင် စစ်တပ်၏ဟန့်တားနေမှုနှင့် အမြဲကြုံတွေ့နေရသည်။ ဥပမာ ဖက်ဒရယ်ပြည်ထောင်စု တည် ဆောက်ရေးနှင့်ပတ်သက်၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက တောင်းဆိုနေသည့် ပြည်နယ်ဖွဲ့စည်း ပုံအခြေခံဥပဒေရေးဆွဲရေးကို ဒေါ်အောင်ဆန်းစုကြည်က သဘောတူသော်လည်း စစ်တပ်က ဟန့်တားသည့်အတွက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစု ပင်လုံစတုတ္တအစည်းအဝေးတွင် သဘောတူညီချက် မရရှိခဲ့ပေ။
NCA စာချုပ်အပေါ်အခြေခံသည့် နိုင်ငံရေးဆွေးနွေးပွဲမှ ထွက်ပေါ်လာသည့် ပြည်ထောင်စု သဘောတူစာချုပ်များသည် ၂၀၀၈ အခြေခံဥပဒေပါ ပုဒ်မများနှင့် တူနေသည်ကို တွေ့ရပေသည်။ သာဓကတစ်ခုအနေဖြင့် ပြည် ထောင်စု သဘောတူစာချုပ် အပိုင်း၁-၁ တွင် “နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများမှ ဆင်းသက်ပြီး နိုင်ငံတစ်ဝှမ်း၌တည်သည်” ဆိုသည့်အပိုဒ်သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအပိုဒ် ၄ နှင့် ထပ်တူဖြစ်နေသည်ကို တွေ့ရပေသည်။ ဤသို့သောအနေအထားကြောင့် NCA သည် ၂၀၀၈ အခြေခံဥပဒေအောက်တွင် ဆွဲသွင်းခံရသည်ဟု ဝေဖန်ထောက်ပြနေခြင်းဖြစ်သည်။
အာဏာသိမ်းပြီးနောက် ပြည်သူလူထုတစ်ရပ်လုံးသည် စစ်အာဏာရှင်ဆန့်ကျင်ရေးနှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေဖျက်သိမ်း၊ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးကို ဘုံသဘောထားရပ်တည်ချက်အဖြစ်တောင်းဆို တိုက်ပွဲဝင်နေပေသည်။ CRPH က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းပြီး စစ်ကောင်စီအား အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေငြာထားပါပြီး နိုင်ငံတကာအသိုင်းအဝိုင်းမှလည်း အာဏာသိမ်းစစ်ကောင်စီအား အစိုးရအဖြစ် အသိအမှတ်ပြုထားခြင်းမရှိပေ။
ဤအခြေအနေတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက် သွတ်သွင်းခံရမည့် NCA စာချုပ်အပေါ်အခြေခံမည့် နိုင်ငံရေးဆွေးနွေးပွဲနှင့် ငြိမ်းချမ်းရေးတည်ဆောက်ရေးတို့သည် လူထုတစ်ရပ်လုံးက ထောက်ခံမည်မဟုတ်သည့်အတွက် မည်သို့မျှ အောင်မြင်နိုင်မည်မဟုတ်ပေ။ ၎င်းသည် စစ်ကောင်စီ၏နိုင်ငံရေး အသက်ရူပေါက်သာ ဖြစ်ပေလိမ့်သည်။
နိုင်ဗညားမွန်သည် မွန်ပြည်ဖွံ့ဖြိုးရေးစင်တာ၏ဒါရိုက်တာဖြစ်ပြီး တိုင်းရင်းသားနိုင်ငံရေးကို လေ့လာနေသူတစ်ဦးဖြစ်သည်။