သူနိုင်ကိုယ်နိုင်လမ်းကြောင်းမှာ ဆွေးနွေးရေးလမ်းကြောင်းဖြစ်သည်ဟု ဒေါ်စောမြရာဇာလင်းဆို

သူနိုင်ကိုယ်နိုင်လမ်းကြောင်းမှာ ဆွေးနွေးရေးလမ်းကြောင်းဖြစ်သည်ဟု ဒေါ်စောမြရာဇာလင်းဆို

မြန်မာနိုင်ငံအတွင်း နှစ်ပေါင်း (၇၀) ကျော် ဖြစ်ပေါ်နေသည့် ပြည်တွင်းပဋိပက္ခတွင် တစ်ဖက်နှင့်တစ်ဖက် အနိုင်မတိုက်ခိုက်နိုင်ဘဲ နှစ်ရှည်ကြာနေပြီး ယင်းအတွက်ကြောင့် သူနိုင်ကိုယ်နိုင်လမ်းကြောင်းမှာ ဆွေးနွေးရေးလမ်းကြောင်းဖြစ်သည်ဟု ရခိုင်ပြည်နယ် လွတ်မြောက်ရေးပါတီ (ALP) မှ ဒေါ်စောမြရာဇာလင်းက ပြောသည်။

“ကျမအနေနဲ့လည်း အင်မတန်ကို တိုက်ဖို့ ဝါသနာပါခဲ့တယ်။ ကျမတို့က လက်နက်ကိုင်နည်းလမ်းနဲ့ပဲ အဓိက တိုက်ပွဲဝင်မယ်ဆိုပြီးတော့ သံဌိဓါန်နဲ့ပဲ တော်လှန်ရေးမှာ ကြိုးပမ်းခဲ့ရတာ ဖြစ်တယ်။ ဒါပေမယ့် တစ်ဖက်မှ မနိုင်ဘူး။ အစိုးရလည်း မနိုင်ဘူး။ ဒီတိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေလည်း မနိုင်ဘူး။ သံသရာပဲ ရှည်နေတယ်။ သံသရာပဲ ရှည်နေတယ်ဆိုတော့ နှစ်ဖက်စလုံးက သုံးသပ်ဖို့လိုတယ်။ ကိုယ်မနိုင်၊ သူမနိုင်မဖြစ်ပဲနဲ့ ကိုယ်နိုင် သူနိုင်ဖြစ်ဖို့လိုတယ်။ ကိုယ်လည်း နိုင်ရမယ်။ သူလည်း နိုင်ရမယ်ဆိုတဲ့ လမ်းကြောင်းကတော့ ဆွေးနွေးရေးလမ်းကြောင်းပဲ” ဟု ဒေါ်စောမြရာဇာလင်းက ပြောသည်။

သူနိုင်ကိုယ်နိုင်လမ်းကြောင်းကို နိုင်ငံတော်ကို အုပ်ချုပ်နေသည့် အစိုးရတိုင်း နားလည်ထားရန် လိုအပ်သလို တိုက်ပွဲဝင်နေကြသည့် တိုင်ရင်းသား လက်နက်ကိုင်‌ခေါင်းဆောင်များလည်း နားလည်ထားရန် လိုအပ်ကြောင်း၊ ထို့ကြောင့် လက်နက်ကိုင် ပဋိပက္ခကို ဖြေရှင်းနိုင်ရန် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA) ဖြစ်ပေါ်လာရသည်ဟု ၄င်းကဆိုသည်။

သို့ရာတွင် စစ်တပ်မှ အာဏာရယူပြီးနောက် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုများကို အချိန်ကာလ ကန့်သတ်ချက်မရှိ ရပ်ဆိုင်းထားမည်ဟု အပစ်ရပ် (၁၀) ဖွဲ့၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) က ဖေဖော်ဝါရီ ၂၀ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

NCA မပျက်သော်လည်း NCA အကောင်အထည်ဖော်ဆောင်ရွက်မှုများ မလုပ်ဆောင်နိုင်သေးကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/ SSA) မှ အတွင်းရေးမှူး-၂ ဗိုလ်မှူးကြီးစိုင်းငင်းက ဆိုသည်။

“ဒီ NCA ကို လက်မှတ်ရေးထိုးထားတဲ့ တပ်မတော်ရော ကျနော်တို့ EAO ရော နှစ်ဖက်စလုံးကပဲ ဒီ NCA ဟာ ဆက်လက်ရှိနေပါသေးတယ်။ ဆက်လက်ဆုပ်ကိုင်နေပါသေးတယ်ဆိုတဲ့ အတွက် NCA မပျက်သေးဘူးလို့ပဲ အဲလိုမြင်ပါတယ်။ ဒါပေမယ့် ခုနပြောသလိုပေ့ါ။ ဒီ NCA မပျက်ဘူးဆိုပေမယ့်လည်း NCA အရ NCA အကောင်အထည်ဖော်ဆောင်ရွက်ရေးတွေတော့ မလုပ်နိုင်ဘူး။ ပြောမယ်ဆိုရင် အခုအနေအထား အဲလို ဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီး စိုင်းငင်းက ပြောသည်။

ဒေါ်စောမြရာဇာလင်းက အနာဂတ် တိုင်းပြည်ကို ထူထောင်ရာတွင်လည်း လူမျိုးစုတစ်စုတည်း ကြည့်ခြင်းမျိုးမဟုတ်ပဲ တစ်တိုင်းပြည်လုံး၏ အနာဂတ်ကြည့်ပြီး လုပ်ဆောင်သင့်သည်ဟု ဆိုသည်။

“တစ်တိုင်းပြည်လုံးရဲ့ အနာဂတ် ပြည်သူတွေမှာရှိနေတဲ့ အနာဂတ်ကို ကြည့်မယ်ဆိုလို့ရှိရင် ကျမတို့ မြန်မာနိုင်ငံကို ဖက်ဒရယ်နိုင်ငံအစစ် မထူထောင်လို့ မရတော့ဘူး။ ကျမတို့က ဘာကြောင့် ဖြစ်နေလဲဆိုလိုရှိရင် ရပိုင်ခွင့်တွေ ဆုံးရှုံးနေလို့ဖြစ်တယ်။ ကိုယ့်ရဲ့ဘဝကို ကိုယ်တို့ မဖန်တီးနိုင်ဖို့ဖြစ်တယ်။ အဲတာကြောင့် ဒါကိုတော့ အားလုံး နားလည်တယ်ဆိုလို့ရှိရင် ဒီပြဿနာကို မဖြေရှင်းနိုင်စရာမရှိဘူး။ အတ္တကို လျော့ဖို့လိုတယ်” ဟု ပြောသည်။

၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့က တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA) ထိုးထားသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တပ်ဦး (ABSDF)၊ ရခိုင်ပြည်နယ်လွတ်မြောက်ရေးပါတီ (ALP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ အဖွဲ့ဝင် (၁၀) ဖွဲ့ဖြင့် PPST ကို ဖွဲ့စည်းထားသည်။

Photo - NCA အပစ်ရပ်ဆွေးနွေးပွဲတစ်ခု

Most read this week

November 18, 2024
ထိုင်းဘတ်ဈေး သိသိသာသာကျဆင်းလာသော်လည်း သယ်ယူပို့ဆောင်ရေးလမ်းပိုင်းအတွင်း ပေးချေရသည့်...
November 18, 2024
မွန်ပြည်နယ်တွင် မွန်ဒေသခံတို့အစား စစ်ကောင်စီစစ်မှုထမ်းသင်တန်းကို အစားထိုးတက်ရောက်နေသည့်...
November 14, 2024
မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေအတွင်းရှိ အသက် ၅ နှစ်အောက်ကလေးနှင့် ကိုယ်ဝန်ဆောင်မိခင်များအတွက်...
November 14, 2024
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ကလွီကျေးရွာနှင့်ဒရယ်ကျေးရွာကြားတွင် ဆောက်လုပ်မည့် ကျောက်မီးသွေး...