သျှမ်းမြောက် ကျောက်မဲမြို့တွင်းရှိ ရပ်ကွက်များတွင် အမှိုက်သိမ်းယူမှုစနစ် အားနည်းနေခြင်းကြောင့် တာဝန်ရှိသူတို့မှ ဖြေရှင်းပေးရန် ဒေသခံများက မျှော်လင့်နေကြကြောင်း သတင်းရရှိသည်။
ကျောက်မဲမြို့သည် ခရိုင်မြို့တစ်မြို့ဖြစ်သည့်အပြင် နှစ်စဉ် လူဦးရေတိုးပွားလာပြီး စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်း၊ အမှိုက်သိမ်းယူမှုစနစ် အားနည်းခြင်းတို့ကြောင့် မြို့ပေါ် ရပ်ကွက်များတွင် အမှိုက်ပြဿနာ ကြုံတွေ့နေရကြောင်း ဒေသခံများထံမှ သိရသည်။
“မိန်းလမ်းပေါ်တော့ အမှိုက်သိမ်းတာတွေ့တယ်၊ ဒါပေမယ့် ကျန်တဲ့ ရပ်ကွက်တွေထဲမှာ သိမ်းပေးဖို့ လိုတာ၊ အမှိုက်သွားပစ်ရတဲ့ နေရာကလည်း ဝေးတယ်၊ ကြုံတဲ့နေရာပစ်နေတဲ့သူက ပိုများတော့ အနံ့တွေလည်း မကောင်းတော့ဘူး” ဟု ကျောက်မဲဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
ကျောက်မဲမြို့ မိန်းလမ်းတစ်လျှောက်နှင့် ဈေးအနီးတို့တွင် အမှိုက်သိမ်းယူမှုများ ရှိသော်လည်း ရပ်ကွက်များအတွင်းထိ အမှိုက်သိမ်းယူမှု မရှိကြောင်း၊ ထို့အပြင် ဒေသခံတချို့ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်နေသည့်အတွက် ရပ်ကွက်လမ်းများပေါ်တွင် အမှိုက်များ ပျံ့ကျဲကာ အနံ့အသက်ဆိုးများ ထွက်နေတာဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
အလားတူ နေအိမ်အတွင်း အမှိုက်များမီးရှို့ပါက ပတ်ဝန်းကျင်များကို ထိခိုက်စေကြောင်း၊ ထို့ကြောင့် အမှိုက်စွန့်ပစ်ရန် သတ်မှတ်ထားသည့် နေရာအထိ သွားရောက်စွန့်ပစ်နေရကြောင်း ရပ်ကွက် (၂) အတွင်း နေထိုင်သည့် ဒေသခံတစ်ဦးက ပြောသည်။
“အမှိုက်ကို ကိုယ့်ဝိုင်းထဲ မီးရှို့မယ်ဆိုရင်လည်း အနံ့တွေက မကောင်းဘူး၊ ပတ်ဝန်းကျင်အတွက်လည်း အဆင်မပြေဘူး၊ အဲ့တော့ အမှိုက်ကို စုပြီး (၃/၄)ရက်တစ်ကြိမ် သျှမ်းကျောင်းကြီးနောက်က အမှိုက်ပုံထိ သွားပစ်ရတယ်” ဟု အထက်ပါဒေသခံက ဆိုသည်။
ကျောက်မဲမြို့တွင်း အမှိုက်သိမ်းယူမှုနှင့်ပတ်သက်ပြီး ယခင်အစိုးရလက်ထက်က ကုမ္ပဏီတစ်ခုအား တာဝန်ပေးရန် ညှိနှိုင်းမှုရှိခဲ့သော်လည်း ယနေ့အချိန်ထိ အကောင်အထည် မဖော်နိုင်သေးကြောင်း လူမှုအသိုင်းဝိုင်းမှ ဒေသခံတစ်ဦးထံမှ သိရသည်။
“အရင် အစိုးရလက်ထက်တုန်းက အမှိုက်ကို စနစ်တကျသိမ်းဖို့ ကုမ္ပဏီကို တာဝန်ပေးမယ်ဆိုပြီး ဆွေးနွေးတယ်ဆိုပြီး ကြားဖူးတယ်၊ ဒါပေမယ့် ဘယ်လိုပြဿနာတွေ ရှိခဲ့လဲတော့ သေခြာမသိဘူး၊ ခုထိ အကောင်အထည် မဖော်နိုင်သေးဘူး” ဟု အထက်ပါဒေသခံ က ပြောသည်။
ကျောက်မဲမြို့တွင် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ (၄) သိန်းဝန်းကျင်နေထိုင်လျက်ရှိကြောင်း သိရသည်။
ထို့အပြင် ယခုနှစ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်တိုက်ပွဲ ပြင်းထန်ခဲ့မှုကြောင့် မြို့ပေါ်ရပ်ကွက်သို့ ပြောင်းရွှေ့လာသည့် စစ်ဘေးရှောင် (၁၇၀၀) ကျော်ရှိနေကြောင်း စစ်ရှောင်ကူညီသူများထံမှ သိရသည်။
ကျောက်မဲမြို့တွင် ပြီးခဲ့သည့် စက်တင်ဘာလ (၂၀) ရက်နေ့က စည်းကမ်းမဲ့အမှိုက်စွန့်ပစ်ခြင်းကြောင့် ရေကြီးရေလျံမှုဖြစ်ကာ အိမ်ခြေ (၄၀၀) ခန့်ထိ ရေဘေးကြုံတွေ့ခဲ့ရကြောင်း၊ ထိုရေကြီးရေလျံမှုသည် (၄) နှစ်အတွင်း အကြီးမားဆုံး ရေကြီးရေလျှံမှုဖြစ်ကြောင်း သိရှိရသည်။