ကရင်နီပြည်နယ် ဖရူဆိုမြို့နယ်အတွင်း ထီးပေါ်ဆိုကျေးရွာမှာ နေထိုင်တဲ့ စစ်ဘေးရှောင်ပြည်သူတစ်ဦးကို အကြမ်းဖက်စစ်ကောင်စီက ယမန်နေ့ညနေပိုင်းမှာ အကြောင်းမဲ့ပစ်ပြီး အဆိုပါပြည်သူမှာ သေဆုံးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
“မနေ့ကဖြစ်စဉ်က ကဒါးလားရွာနားရောက်တဲ့အချိန်မှာ စစ်ကောင်စီက လက်နက်ကြီးကော လက်နက်ငယ်ကော သူတို့ ပစ်ခတ်မှုတွေလုပ်တယ် ဘယ်သူမှ မတိုက်ခိုက်ဘဲနဲ့ပေါ့။ ရွာသားတွေက ဒါကိုကြောက်ပြီးမှ စစ်ဘေးရှောင်စခန်းသွားကြတယ်။ စစ်ကောင်စီက ညနေ ၅ နာရီလောက်မှာက ထီးပေါ်ဆို စာသင်ကျောင်းနားလေးရောက်ပြီ။ ဒေါညေးခူရွာနားလည်းရောက်ပြီ ရွာသားက သူ့အိမ်အောက်က နွားတွေကို လွှတ်ဖို့ပြန်သွားတာတဲ့။ အဲ့ချိန်မှာ ရွာထဲရောက်တဲ့အချိန် ဆိုင်ကယ်မောင်းလာတဲ့အချိန်မှာ စစ်ကောင်စီဖက်က ပစ်လိုက်တာ ဘယ်ဖက်ပေါင်ကျိုးသွားတယ်။ ဆိုင်ကယ်မှောက်သွားတယ်။ ဒီမနက်မှ အလောင်းသွားပြန်ကောက်ရတယ်ပေါ့နော။” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
အကြမ်းဖက်စစ်ကောင်စီမှ အကြောင်းမဲ့ ပစ်သတ်သွားသူမှာ အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်ပြီး အမျိုးသမီးနဲ့ အသက် ၃ နှစ်အရွယ်ကလေးတစ်ဦး၊ ၂ နှစ်အရွယ်ကလေးတစ်ဦး ကျန်ရှိတယ်လို့ သိရပါတယ်။
ဒီးမော့ဆို-ဖရူဆိုမြို့နယ် လမ်းမကြီးတစ်လျှောက်မှာ နေထိုင်ကြတဲ့ ဒေသခံပြည်သူတွေ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ရမ်းသန်းပစ်ခတ်မှုကြောင့် ကြောက်လန့်နေရပြီး ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။