အာဏာသိမ်းဂယက်ကြောင့် အခက်ပွေနေကြတဲ့ အထည်ချုပ်လုပ်သားများ

အာဏာသိမ်းဂယက်ကြောင့် အခက်ပွေနေကြတဲ့ အထည်ချုပ်လုပ်သားများ
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြနေကြသည့် အလုပ်သမားများ
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြနေကြသည့် အလုပ်သမားများ

မခင်သန္တာမိုးဟာ လှိုင်သာယာစက်မှုဇုန် (၂) SIOEN Myanmar အထည်ချုပ် စက်ရုံမှာ အလုပ်လုပ်ကိုင်နေတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။ သူဟာ အသက် ၁၇ နှစ်အရွယ်ရှိတဲ့ သမီးလေးတစ်ယောက်ကို တစ်ဦးတည်း ပြုစုပျိုးထောင်နေတဲ့ Single Mother လည်းဖြစ်ပါတယ်။ အလုပ်သွားလိုက် အိမ်ပြန်လိုက်နဲ့ ဖြတ်သန်းနေရတဲ့ သူရဲ့ နေ့စဉ်ဘဝဟာ သြဂုတ်လ ၂၄ ရက် မနက် ၁၀ နာရီမှာတော့ အပြောင်းအလဲဖြစ်သွားခဲ့ပါတယ်။

မခင်သန္တာမိုး အလုပ်လုပ်ကိုင်နေတဲ့ လှိုင်သာယာကစက်ရုံကို အရပ်ဝတ်နဲ့ လက်နက်ကိုင် စစ်သားနဲ့ရဲတွေ ရောက်လာပြီးတော့ ယာယီ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ကို ဖေ့စ်ဘွတ်လူမှုကွန်ရက်မှာ ထောက်ခံကြောင်း ရေးသားတဲ့အတွက် စစ်ဆေးစရာရှိတယ်လို့ဆိုကာ ခေါ်ဆောင်ဖမ်းစီးသွားခဲ့တာ ဒီနေ့ဆို ၁၇ ရက်တိတိ ရှိသွားပါပြီ။

"သူနဲ့က အခုထိလည်း မတွေ့ရဘူး၊ စကားလည်းမပြောရဘူး။ အခြေအနေက ဘာမှကို မထူးသေးဘူး။ လှိုင်သာယာက (၅) ထိပ်စခန်းမှာ ထားတယ်ဆိုတာပဲသိပြီး  သူ့ကို မြင်လည်းမမြင်ခဲ့ရဘူး။ သူလိုတာလေးတွေ သွားပို့ပေးပေမယ့်လည်း မရောက်ဘူးလို့လည်းကြားရတော့ စိတ်မကောင်းဖြစ်ရတယ်" လို့ မိတ်ဆွေတစ်ဦးက ပြောပါတယ်။

မခင်သန္တာမိုးဟာ စက်ရုံရဲ့အလုပ်သမားသမဂ္ဂဝင်တစ်ဦးဖြစ်ပြီးတော့ စစ်အာဏာသိမ်းပြီးကတည်းက သမဂ္ဂအလုပ်တွေကို ရပ်နားခဲ့တာပါ။ ဒါပေမယ့်လည်း ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြတဲ့အထဲမှာ အလုပ်သမားအဖွဲ့အစည်းတွေက အင်တိုက်အားတိုက်ပါဝင်ခဲ့ကြပါတယ်။ အခုတော့ ပုဒ်မ (၅၀၅) က နဲ့ တရားစွဲခံထားရတယ်လို့ တဆင့်စကားနဲ့ကြားသိခဲ့ရပါတယ်။ သူလိုပဲတစ်ခြားသော အလုပ်သမားအဖွဲ့အစည်းတွေက ခေါင်းဆောင်အများစုဟာ အခုချိန်ထိ ရှောင်တိမ်းနေရဆဲဖြစ်သလို အချို့ကလည်း အဖမ်းခံထားရပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်က တာဝန်ခံအမျိုးသမီးဟာ ဖေဖော်ဝါရီ ၅ ရက်နေ့ကတည်းက စစ်ကောင်စီက လိုက်လံ ရှာဖွေလို့ တိမ်းရှောင်နေခဲ့ရပါတယ်။ ဒါ့အပြင် သွေးစည်းညီညွှတ်သော သမဂ္ဂများအဖွဲ့ချုပ်ရဲ့ ဒါရိုက်တာ အလုပ်သမားအရေးတက်ကြွလှုပ်ရှားသူ ဒေါ်မျိုးမျိုးအေးကို ဧပြီ ၁၆ ရက်ကတည်းက ဖမ်းဆီးထားခဲ့ပါတယ်။  

အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်ခဲ့တဲ့ မြန်မာနိုင်ငံ အလုပ်သမားအဖွဲ့အစည်းတစ်ခုရဲ့ ခေါင်းဆောင်တစ်ဦးက "လုပ်ငန်းခွင်တွေက အလုပ်သမားတွေအတွက် မလုံခြုံတော့ဘူး။ ရှောင်တိမ်းနေရတဲ့ အလုပ်သမားတွေ ခေါင်းဆောင်တွေလည်း တော်တော်ဒုက္ခရောက်နေကြရတယ်" လို့ ပြောပါတယ်။

စစ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကစလို့ ပြည်တွင်းအထည်ချုပ်စက်ရုံ ၁၅၀ ကနေ ၂၀၀ အထိ ပိတ်သိမ်းခဲ့ရပြီး အလုပ်သမား သုံးသိန်းကျော် အလုပ်လက်မဲ့ဖြစ်တာတွေနဲ့ ရှောင်တိမ်းနေရတဲ့ အလုပ်သမားတွေလည်းရှိတာမို့ လက်ရှိအလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမားဟာ နှစ်သိန်းကျော်လောက်ပဲ ရှိတော့တယ်လို့ ကျွမ်းကျင်သူတွေက တွက်ဆထားပါတယ်။

အထည်ချုပ်စက်ရုံတွေမှာ အလုပ်လုပ်ကိုင်နေတဲ့ အမျိုးသမီးအရေအတွက်က ၉၅ ရာခိုင်နှုန်းလောက်ရှိတာမို့ အမျိုးသမီးအလုပ်လက်မဲ့အရေအတွက်ဟာ သုံးသိန်းလောက် ရှိနေပါတယ်လို့ အလုပ်သမားအရေး ကျွမ်းကျင်သူတစ်ဦးက ပြောပါတယ်။

"စက်ရုံတွေ ပိတ်သိမ်းတာကြောင့် နေရပ်ပြန်ကြတဲ့ကလေးတွေက အခု လိုက်ဖမ်းတာတွေကြားနေရတော့ စက်ရုံကို ပြန်မလာရဲကြတော့ဘူး။ နယ်မှာပဲ လုပ်ကိုင်စားသောက်ပြီး နေကြတာပေါ့။ လုပ်ငန်းခွင်ထဲရှိနေတဲ့ အလုပ်သမားတွေကလည်း လစာပုံမှန်မရတာတွေ၊ အခုဆို ရောဂါတွေလည်းရှိပေမယ့် ကျန်းမာရေးစောင့်ရှောက်မှု မရတာတွေနဲ့ အချိန်ပိုကြေးတွေမရတာ စသဖြင့်ပေါ့ ရှိကြပေမယ့် မပြောရဲကြတော့ဘူး။ အကြောင်းပြချက်မရှိ အလုပ်ထုတ်ခံရရင်တော့ မပြောရဲတဲ့အထိပဲ" လို့ အလုပ်သမားရေး ကျွမ်းကျင်သူက ပြောပါတယ်။

စစ်အာဏာသိမ်းပြီးတဲ့ ခုနှစ်လကျော်ကာလအတွင်း အလုပ်ရှင် အလုပ်သမား အငြင်းပွားမှု ညှိနှိုင်းဖြေရှင်းတဲ့ ယန္တရားလည်း ပျက်စီးသွားတာဖြစ်လို့ လုပ်ငန်းခွင်ထဲကျန်ရှိနေတဲ့ အလုပ်သမားတွေဟာ အခွင့်အရေးချိုးဖောက်တာတွေနဲ့ အကြောင်းပြချက်မရှိ အလုပ်ထုတ်ပစ်တာတွေ၊ စက်ရုံတွင်း ဝင်ရောက်ဖမ်းဆီးတဲ့အခါ အကာအကွယ်မရှိ ရင်ဆိုင်နေရပါတယ်။



မခင်သန္တာမိုးကို လာရောက်ဖမ်းဆီးစဉ်စစ်သားများက ပြသသည့် ဓာတ်ပုံ

ဖေဖော်ဝါရီလလယ်လောက်ကတည်းကစပြီး အခုချိန်ထိ ယာယီ စက်ရုံပိတ်သိမ်းထားတဲ့ လှိုင်သာယာ Unique HTT အထည်ချုပ်စက်ရုံအလုပ်သမတစ်ဦးက "အစ်မတို့က အလုပ်ပိတ်ထားတာ ခြောက်လကျော်နေပြီ။ စက်ရုံက ဟိုနေ့ဖွင့်မယ် ဒီနေ့ဖွင့်မယ်ပြောနေလို့ နယ်မပြန်ပဲစောင့်နေရတာ။ နယ်ပြန်ဖို့ကလည်း အစစ်ဆေးတွေရှိတယ် အပစ်အခတ်တွေလည်းကြားနေတော့ မပြန်ရဲဘူးလေ။ ဒီမှာနေတော့လည်း အလုပ်က မဖွင့်သေး တခြားအလုပ်တွေကလည်း ကိုယ်က အသက်ကြီးနေတော့ လျှောက်မရနဲ့။ အဆောင်မှာနေတော့ အဆောင်ခတွေ စားစရိတ်တွေက ပေးဖို့မရှိတော့ ဒုက္ခရောက်ရတယ်" လို့ ပြောပါတယ်။

မခင်သန္တာမိုးကို SIOEN Myanmar အထည်ချုပ်စက်ရုံက အလွယ်တကူ ဖမ်းခွင့်ပေးတာဟာ သမဂ္ဂကို ဖြိုခွဲတာလားလို့ တွေးမိပြီး တခြားအလုပ်သမား တွေဟာလည်း စားဝတ်နေရေးအတွက် အလုပ်လုပ်နေရပေမယ့် လုပ်ငန်းခွင် လုံခြုံမှုမရှိတော့တဲ့အတွက် ထိတ်လန့်နေရတယ်လို့ အလုပ်သမားတစ်ဦးက ပြောပါတယ်။

"နိုင်ငံရေးလုပ်လို့ ဖမ်းသွားတယ်ဆိုပြီး ပြောနေကြတော့ သူ့နောက်ကို ဘယ်သူမှ မလိုက်ပေးရဲကြဘူး။ အခုက ရုံးတွေကလည်း စက်တင်ဘာလ တစ်လလုံး နားမယ်။ ရုံးထုတ်မယ့်ရက်သိရရင် အကြောင်းကြားမယ်ပဲပြောတယ်လို့ ကြားရတယ်။ အခုထိ သူနဲ့လည်းမတွေ့ရ အဆက်အသွယ်မရတော့ အရမ်းစိတ်ပူတယ်" လို့ မခင်သန္တာမိုးရဲ့မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

November 14, 2024
ထိုင်း-မြန်မာနယ်စပ် ကော့သောင်း-ရနောင်း နယ်စပ်ဂိတ်မှတဆင့် ထိုင်းလူဝင်မှုကြီးကြပ်ရေးအရာရှိများက...
November 14, 2024
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ရဲတပ်ဖွဲ့ရုံးနှင့် ကားပစ္စည်းအရောင်းဆိုင်များကို စစ်ကောင်စီက...
နောင်ချိုမြို့ပေါ်၊ ဈေးရပ်ကွက်ရှိ လန်းဆန်းလက်ဖက်ရည်ဆိုင် လေကြောင်းတိုက်ခိုက်ခံရပြီးနောက် မြင်ကွင်း(ဓာတ်ပုံ- ဒေသခံ)
November 13, 2024
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးနှင့် မူဆယ်သို့သွားသည့် ခရီးသွားကားများ တထောက်နားသည့်...
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထားသည့် အမ်းမြို့နယ် မဲတောင်ဗျုဟာကုန်းရှိ စစ်လက်နက်ခဲယမ်းများ  ဓါတ်ပုံ-AA Info Desk
November 12, 2024
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှအရာရှိအချို့အပါအဝင် တပ်ဖွဲ့ဝင်...