မင်းတပ်မြို့နယ်မှာ စစ်ဘေးရှောင်များနားခိုဖို့ စစ်ကင်းမဲ့ဇုံ လိုနေ

မင်းတပ်မြို့နယ်မှာ စစ်ဘေးရှောင်များနားခိုဖို့ စစ်ကင်းမဲ့ဇုံ လိုနေ
Salai Hung Tun Gei
Salai Hung Tun Gei

“မြို့ပေါ်မှာ မလုံခြုံလို့၊ ကျည်ဆံတွေကြားက ဘယ်နေ့ ဘယ်ချိန် ကျည်ဆံမှန်မလဲ မသိ၊ မနက်ဖန်ဆိုတာ မရေရာတော့လို့ တောထဲတောင်ထဲ အဝတ်တထည်ကိုယ် တခုနဲ့ ရှောင်ထွက်ပြေးခဲ့ကြတယ်။ မြို့ပေါ်ကနေ နယ်ဘက်ကျေးရွာတွေကို စစ်ရှောင်ရောက်တော့လဲ ရွာအထိ လိုက်ပစ်ကြတယ်”

ဒီရင်ဖွင့်စကားက လက်ရှိ မင်းတပ်မြို့နယ်မှာ စစ်ဘေးကြုံတွေ့နေရသူတစ်ဦးရဲ့ စကားပါ။  သူကြုံတွေ့ရတဲ့ မြေပြင်အနေအထားကိုလည်း အခုလိုပြောပါတယ်။

သူက “ကျေးရွာရှိ အိမ်အလွတ်တွေ ဖြစ်စေ၊ ကျောင်းဆောင်တွေမှာ အဆင်ပြေသလို နေရတာကို အိမ်တွေဖျက်ဆီး ပြီး အလှူရှင်တွေ ကနေ ပေးတဲ့ ဆန် ဆီ စားတွေ စုဆောင်းသမျှ ဒီဇယ်နဲ့ လောင်းတယ်။ အခုဆို စားစရာ နေစရာ တခုမှမရှိတဲ့ တောင်ယာတွေမှာ ရှောင်ပြေးနေရတယ်။ စကစ မှ စစ်ကြောင်းထိုး ကျေးရွာတွေမှာ အကြမ်းဖက် လုပ်ရပ်တွေ လုပ်သ၍တော့ တမြို့နယ်လုံး ငတ်သေကုန်မှာပဲ။ ကျနော်တို့ မင်းတပ်မြို့က နယ်မြေကျဉ်းကျဉ်းလေးဆိုတော့ အရပ်လေးမျက်နှာမှာ စစ်ကြောင်းထိုး ရှောင်ပြေးစရာ မြေမရှိတော့ဘူး” လို့ပြောပါတယ်။

စစ်ဘေးရှောင်အရေး ကူညီသူ မင်းတပ်မြို့က အရပ်ဖက်အဖွဲ့အစည်းမှာ လုပ်ဆောင်ခဲ့သူတစ်ဦးကတော့ စစ်ဘေးရှောင်နေရာတွေကို စစ်ကင်းမဲ့ဇုံအဖြစ် သတ်မှတ်ပြီး စစ်ဖြစ်တဲ့နှစ်ဖက်က စစ်ဘေးရှောင်တွေကို အာမခံချက်ပေးဖို့လိုတယ်လို့ဆိုပါတယ်။

သူက “စစ်ကင်းမဲ့ဇုံသတ်မှတ်ပြီး၊ နယ်ပဲမဟုတ်ပဲ မြို့ပေါ်မှာလည်း သတ်မှတ််စေချင်တာပေါ့။ အဲလိုသတ်မှတ်ပြီး ရောက်လာတဲ့သူတွေကို နှစ်ဖက်က အာမခံပေးဖို့ဖြစ်စေချင်တာပေါ့” လို့ဆိုပါတယ်။

လက်ရှိမှာ စစ်ဘေးရှောင်တွေအတွက် ထောက်ပံ့မှုရှိနေပေမယ့် စစ်ဘေးရှောင်အများစု ရောက်နေတဲ့ ကျေးရွာတွေမှာကတော့ ထောက်ပံံ့မှုတွေမရသလို လက်ရှိ ရာသီဥတုအရ ကျန်းမာရေးစောက်ရှောက်မှုတွေ အထူးလိုနေတယ်လို့ ကျေးရွာဖက်က စစ်ဘေးရှောင်ကူညီရေးဆောင်ရွက်သူတစ်ဦးကပြောပါတယ်။

ကျေးရွာဖက်စစ်ဘေးရှောင်တွေကို ကူညီပေးသူတစ်ဦးက “အခုထောက်ပံ့မှုတွေနဲ့ပတ်သက်ပြီး ရွာတွေမှာတော့ သိပ်မရောက်ဖြစ်ဘူး။ မြို့ပေါ်ကတော့ လုံလောာက်တယ်။ ရွာတွေမှာတော့ မလုံလောက်ဘူး။ အဓိကတော့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့စားဝတ်ရိက္ခာပဲ” လို့ဆိုပါတယ်။

လက်ရှိမှာ စစ်ပွဲတွေ ဆက်တိုက်ရှိနေတဲ့အတွက် စစ်ဘေးရှောင်တွေထပ်တိုးဖို့ ရှိနေတယ်လို့ မင်းတပ်မြို့ဒေသခံတွေပြောပါတယ်။ စစ်ဘေးရှောင်တွေအတွက် လက်ရှိရောက်လာနေတဲ့ နိုင်ငံတကာကြက်ခြေနီအဖအနေနဲ့ စားနပ်ရိက္ခာအပြင် ဆေးဝါးကုသမှုပိုင်းဆိုင်ရာတွေလည်း လိုအပ်နေတယ်လို့ ဒေသခံတွေကဆိုပါတယ်။

လက်ရှိမှာ မင်းတပ်မြို့နယ်အတွင်း မည်သည့်နေရာမှမလုံခြုံတော့သလို ဖျက်စီးမီးရှို့မှုတွေ အပြင် အထွက်အမြက်ထားရာ ဘုရားကျောင်းနဲ့အသုံးဆောင်ပစ္စည်းတွေကို စစ်ကောင်စီက ဖျက်စီးမှုတွေရှိနေတယ်လို့ ဒေသခံတစ်ဦးက ချင်းဝေါလ်ကိုပြောပါတယ်။

သူက “ပြည်သူတွေကတော့ ဘာသာရေး ကျောင်းတို့ အစိုးရအဆောက်အအုံတွေမှာ နေရင် စကစဘက်က ဘာမှ မလုပ်လောက်ဘူးထင်ပြီး နေကြသေးတယ်၊ ဒါပေမဲ့ ပြည်သူတွေရှိတဲ့ နေရာတိုင်းက ဘာသာရေး အဆောက်အုံတွေ၊ အစိုးရ ကျောင်းဆောင်တွေကိုပါ ဖျက်စီးပြီး ဘုရားကျောင်းထဲက ကျမ်းစာအုပ်တွေကအစ မီးရှို့ စသဖြင့် အကြမ်းဖက်လုပ်တော့ ဘယ်သူမှ ရွာထဲမှာ မနေရဲတော့ဘူး။ တောထဲ တောင်ထဲ ရှောင်ပြေးနေကြတာပေါ့” လို့ပြောပါတယ်။

မင်းတပ်မြို့ခံ ၁ ဦး ဖြစ်သူကလည်း စစ်ဘေးရှောင်အရေးနဲ့ပတ်သက်ပြီး အခုလို သုံးသပ်ပါတယ်။

သူက “စစ်ဘေးရှောင်တွေ လျော့သွားဖို့မရှိဘူး။ ပိုတိုးလာဖို့ဘဲရှိတယ်။ စစ်တပ်ရဲ့ ထိုးစစ်ဆင်မှုက မြေပြင်နဲ့ ဝေဟင် (လေယဉ်) လက်နက်ကြီးတွေ ပစ်မှတ်ကို သတ်သတ်မှတ်မှတ် မထားဘဲ ပြည်သူရှိတဲ့နေရာတွေကို ရမ်းပစ်နေတာ။ ဒါကြောင့် ပြည်သူတွေက ရွာမှာမနေရဲ့ဘူး” လို့ ဆိုပါတယ်။

စစ်ဘေးရှောင်တွေနဲ့ပတ်သက်ပြီး အထူးသဖြင့် အမျိုးသမီးတွေအတွက်လည်း အခက်အခဲမျိုးစုံကြုံနေရတယ်လို့ မင်းတပ်မြို့နယ်မှာ အမျိုးသမီးများဘဝဖွံဖြိုးရေးနဲဲ့ပတ်သက်ပြီး နှစ်ပေါင်းများစွာလုပ်ဆောင်ခဲ့တဲ့အမျိုးသမီးခေါင်းဆောင် ၁ ဦးက အခုလိုပြောပါတယ်။

“အမျိုးသမီးတွေအတွက် သူတို့လုံခြုံရေးအပြင်၊ အမျိုးသမီးလစဉ်သုံးကိစ္စကအစ အခက်အခဲရောက်တယ်။ ကိုယ်ဝန်ဆောင်တွေဆိုရင်ပိုဆိုးတယ်။ အမျိုးသမီးတွေ အတော်ဒုက္ခရောက်ရတယ်” လို့ ဆိုပါတယ်။

မင်းတပ်မြို့နယ် အရပ်ဖက်အဖွဲ့အစည်းတွင် ဦးဆောင်သူ တစ်ယောက်အနေဖြင့် ပါဝင်သူ တစ်ဦးက ပြည်သူများ၏ လုံခြုံရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများလည်း စစ်ဘေးရှောင်များအရေးနဲ့ပတ်သက်ပြီး ပူးပေါင်းဖို့ အခုလိုတိုက်တွန်းပါတယ်။

သူက “ပြည်သူတွေ အသက်လုံခြုံဘို့က သက်ဆိုင်ရာ နိုင်တကာအဖွဲ့အစည်းများဖြစ်တဲ့ လူ့အခွင့်ရေးအဖွဲ့တို့လူသားချင်းစာနာထောက်ထားမှု စတဲ့ ဥပမာ UNHCH လို အဖွဲ့စည်းအနေဖြင့် အလံဖြူထောင်ပြီး စစ်ဘေးရှောင်စခန်းတွေ လုပ်ပေးဘို့ လိုအပ်ပါတယ်။ စစ်ဘေးရှောင်ရင်း အစာငတ် တောထဲ ရောက်နေတဲ့ ပြည်သူတွေကို ကူညီနေတဲ့ ပုဂ္ဂိုလ်တွေ၊ ဆေးဝါးကုသပေးနေတဲ့ စေတနာ့ ဝန်ထမ်းတွေကိုလည်း စကစဘက်ကခြိမ်းခြောက်ဖမ်းဆီးနှိပ်စက်ပြီး၊ ဆေးဝါးတွေ သယ်ယူခွင့်မပေးတာမျိုးတွေ တောက်လျှောက်လုပ်တော့ ဘယ်သူ ဘယ်အဖွဲ့အစည်းကမှ မလုပ်ရဲတော့ဘူး”လို့ပြောပါတယ်။

မင်းတပ်မြို့ခံ ၁ ဦး ဖြစ်သူကလည်း အခုလိုမှတ်ချက်ပေးပါတယ်။ လူသားချင်းစာနာ ထောက်ထားတဲ့ အကူအညီတွေကို အချိန်နဲ့ တပြေးညီရစေချင်ကြောင်းနဲ့အဲသလိုအဆင်ပြေဖို့ စစ်တပ်က ချမှတ်ထားတဲ့အကန့်အသတ်တွေကို အမြန်ဆုံးဖယ်ရှားပေးရပါ့မယ်လို့ဆိုထားပါတယ်။

အဲ့ဒီအပြင် ပြည်သူတွေအတွက် စိုးရိမ်စရာက မိုးတွင်းကာလရဲ့ တောင်ပေါ်အခက်အခဲတွေဖြစ်သလို စစ်တပ်ရဲ့ဖြတ်လေးဖြတ် စီမံကိန်းတွေက အထူးသတိထားပြီး ဂရုစိုက်ရမယ်လို့ အသိပေးပါတယ်။

သူက “အစားအစာ ရှားပါးမှု ဆေးဝါးပစ္စည်း ရှားပါးမှုတွေကြောင့် မိုးတွင်းကာလ နေရာထိုင်ခင်း အခက်ခဲတွေကြောင့် ကျန်းမာရေးချို့တဲ့မှုတွေ နေ့စဉ်ရက်ဆက် ကြုံတွေ့နေရပါတယ်။ စစ်တပ်ရဲ့ ဖြတ်လေးဖြတ်ရဲ့ ဆက်တွဲက လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ အငတ်ဘေးကပ်ဆိုဒ်မယ့်ဘေးကိုမလွယ်မသွေ ကြုံရပါလိမ့်မယ်” လို့ ဆိုပါတယ်။

စစ်ဘေးရှောင်အရေး ကူညီသူ မင်းတပ်မြို့က အရပ်ဖက်အဖွဲ့အစည်းမှာ လုပ်ဆောင်ခဲ့သူတစ်ဦးကတော့ စစ်ဘေးရှောင်နေရာတွေကို စစ်ကင်းမဲ့ဇုံအဖြစ် သတ်မှတ်ပြီး စစ်ဖြစ်တဲ့နှစ်ဖက်က စစ်ဘေးရှောင်တွေကို အာမခံချက်ပေးဖို့လိုတယ်လို့ဆိုပါတယ်။

လက်ရှိမှာ မင်းတပ်မြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့နဲ့ CDF-Mindat အဖွဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေသလို စစ်ဘေးရှောင်လည်း လူဦးရေ တစ်သောင်းထက်မက ရှိပြီလို့သိရပါတယ်။

Most read this week

November 25, 2024
စစ်ပွဲကြားမှာ ရှင်သန်နေထိုင်ရုန်းကန်ရင်း နိုင်ငံတကာတက္ကသိုလ်တွေမှာ ပညာသင်ယူနိုင်ဖို့ဆိုတာ...
November 25, 2024
ချင်းပြည်နယ်၊ပလက်ဝမြို့နယ်၊ ဆမီးမြို့က ကလေး ၃ ယောက်မိခင် အသက် ၃၅ နှစ်အရွယ်အမျိုးသမီးတစ်ဦး...
November 23, 2024
ချင်းပြည်နယ် ၊ ပလက်ဝမြို့နယ်၊ ဟားလာဝကျေးရွာက ကျောင်းဆရာမတစ်ဦး  နိုဝင်ဘာလ ၂၂ ရက်နေ့မှာ...