“ကျွန်တော်တို့ သူ့ကို လုံး၀ လက်မလွှတ်ခဲ့ပါဘူး။ သူ့အတွက် တစ်နေကုန်အောင် အောက်စီဂျင်ရဖို့ ဆေးရုံတက်ခွင့်ရဖို့ ကြိုးစားခဲ့ပါတယ်။ ဆေးရုံတက်ခွင့်ရဖို့အတွက် ကျွန်တော်တို့ တောင်းပန်မယ်။ ဒူးထောက်ဖို့အထိတောင် တွေးထားတာပါ။ ဒါပေမဲ့ သူဆေးရုံတောင် မသွားလိုက်ရဘဲ ည ၁ နာရီလောက်မှာ ဆုံးသွားပါတယ်” လို့ ဒေါ်ရင်ရင်ရဲ့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။
ကိုဗစ်လူနာတစ်ဦးဖြစ်တဲ့ အသက် ၆၇ နှစ်အရွယ် ဒေါ်ရင်ရင်ကိုတော့ သူရဲ့မိသားစုဝင်တွေက ယခုအချိန်မှာ မဆုံးရှုံးသင့်ဘဲ လက်လွှတ်ဆုံးရှုံးလိုက်ရပြီပဲဖြစ်ပါတယ်။
ဒေါ်ရင်ရင်ရဲ့ အောက်ဆီဂျင်ပမာဏဟာ ၃၂ လောက်အထိ ထိုးကျနေခဲ့ပြီး သူရဲ့ မိသားစုဝင်တွေဟာလည်း ကိုဗစ်ကူးစက်ခံထားရသူတွေပါ။
ဒါပေမဲ့ သူတို့ဟာ သူ့ (ဒေါ်ရင်ရင်) ကို ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ကယ်တင်လို့ရအောင် ကြိုးစားဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
“ဦးတို့က လူနာကိုဆေးရုံတင်ချင်တယ်။ ဆေးရုံတင်ရင် သူသတိလည်လာနိုင်တယ်။ အဲဒီလို သတိလည်လာရင် အစာကျွေးမယ် ပြုစုမယ်လို့တွေးထားတာ။ ဒါပေမဲ့ ဆေးရုံတွေက လက်မခံဘူး။ နောက်ပြီးတော့ လက်ခံပါတယ်လို့ပြောတဲ့ ဆေးရုံတွေကျတော့လည်း ရပ်ကွက်ထောက်ခံစာပါရမယ်၊ ဒေသန္တရထောက်ခံစာပါရမယ်တဲ့။ ဦးတို့က ဒေသန္တရကိုဖုန်းဆက်တော့ အပြင်မှာ ကိုဗစ်စစ်တာက တရားမဝင်ဘူးတဲ့။ တရားဝင်စစ်တဲ့ဌာနမှာ သွားစစ်ရပါမယ်တဲ့။ လူနာက သတိရတချက် မရတချက် အဲ့ဒီကို ဘယ်လိုသွားစစ်နိုင်မလဲ။ ပြီးတော့ ရပ်ကွက်ထောက်ခံစာတွေ လိုအပ်တယ်” လို့ ဒေါ်ရင်ရင်ရဲ့ မိသားစုဝင်တစ်ဦးက သူတို့ဖြတ်သန်းရင်ဆိုင်ခဲ့ရပုံတွေကို ပြောပါတယ်။
ဒေသန္တရဆိုတာ မြို့နယ်ကျန်းမာရေးဌာနကို ဆိုလိုတာပါ။ ရပ်ကွက်အုပ်ချုပ်ရေးမှူးထံက ရယူထားတဲ့ ကိုဗစ်လူနာဖြစ်ကြောင်း ထောက်ခံချက်ကို မြို့နယ်ကျန်းမာရေးဌာနထံပြပြီး တစ်ဆင့်ထောက်ခံချက် ထပ်ယူပြီးမှသာ ကိုဗစ်လူနာတွေအတွက် ဆေးရုံတက်ကုသခွင့်ကို ရရှိမှာပါ။
ကိုဗစ်ပထမလှိုင်းမှာ အရပ်သားအစိုးရရဲ့ ကျန်းမာရေးအသိပေးမှုတွေဟာ ထိရောက်တဲ့အတွက် ကူးစက်မှုနှုန်းတွေက တစ်နေ့ကို ဆယ်ဂဏန်းလောက်သာရှိခဲ့တာပါ။ ကိုဗစ်ဒုတိယလှိုင်းမှာတော့ ကူးစက်မှုနှုန်းများခဲ့ပေမယ့်လည်း အစိုးရရဲ့ ကျန်းမာရေးဆိုင်ရာ လုပ်ဆောင်ချက်တွေက ထိရောက်မှုရှိခဲ့ပါတယ်။
အရပ်သားအစိုးရက ကိုဗစ်လူနာတွေကို ဆေးရုံတွေမှာ ကုသမှုရရှိအောင် ဆောင်ရွက်ပေးခဲ့ပြီး ကိုဗစ်လူနာနဲ့ ထိတွေ့ဆက်စပ်တဲ့သူတွေကို ကွာရန်တင်းဝင်စေတာတွေအပြင် ငွေကြေးထောက်ပံ့ပေးတာတွေကိုလည်း ပြုလုပ်ပေးခဲ့ပါတယ်။
လက်ရှိ ကိုဗစ်တတိယလှိုင်းမှာတော့ ယခင် ကိုဗစ်လှိုင်းနဲ့တွေ ပြောင်းပြန်ဆိုရလောက်အောင် ဆေးရုံတက်ကုသခွင့်မရတာကြောင့် သေဆုံးရတဲ့ ကိုဗစ်လူနာအရေအတွက်က များပြားလာနေပါတယ်။
ကိုဗစ်လူနာတွေကို လက်ခံကုသပေးလျှက်ရှိတဲ့ ဆေးရုံတာဝန်ရှိသူတွေက ကိုဗစ်လူနာတွေကို လူမှုကွန်ယက်ကတစ်ဆင့် ချိတ်ဆက်မိတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ကိုဗစ်ရှိ/မရှိ စစ်ဆေးခဲ့တာကြောင့် တရားဝင်မှုမရှိဘူးလို့ဆိုကာ ငြင်းဆိုခဲ့တာပါ။
ဒေါ်ရင်ရင်ရဲ့မိသားစု တွေ့ကြုံခဲ့ရတဲ့ အတားအဆီးတွေကို နည်းလမ်းမျိုးစုံနဲ့ဖြေရှင်းဖို့ ကြိုးစားခဲ့ကြပါသေးတယ်။
သူတို့က မြို့နယ်ကျန်းမာရေး (ဒေသန္တရ) အဖွဲ့ရဲ့ အကူအညီကိုစောင့်ရင်း တစ်ဖက်ကလည်း လူနာအတွက် လိုအပ်တဲ့ အောက်စီဂျင်လိုက်ရှာခဲ့သလို အရေးပေါ်လူနာတင်ကားရရှိဖို့လည်း ဆက်သွယ်ဆောင်ရွက်ခဲ့ကြပါတယ်။
ဒါပေမဲ့လည်း နောက်ဆုံးမှာ များပြားလွန်းတဲ့ အတည်ပြုချက် တောင်းခံရမှုတွေနဲ့ စစ်အစိုးရရဲ့ ညမထွက်ရအမိန့်တွေဟာ ဒေါ်ရင်ရင်မိသားစုရဲ့ မျှော်လင့်ချက်တွေကို ပျောက်ဆုံးစေခဲ့ပါတယ်။
ဒေါ်ရင်ရင်ဟာလည်း ဆေးရုံတက်ရောက်ကုသခွင့် မရရှိခင်မှာဘဲ အသက်ရှုရပ်တန့်သွားခဲ့ပါတယ်။
“ကူညီပေးမယ့်ကားကို လာပေးဖို့မလိုတော့ဘူးလို့ ဖုန်းလှမ်းဆက်လိုက်ရတော့တယ်။ အဒေါ်က (ဒေါ်ရင်ရင်) ဆေးရုံတောင်မသွားလိုက်ရဘဲ ည ၁ နာရီလောက်မှာ ဆုံးသွားပါတယ်” လို့ သူရဲ့ မိသားစုဝင်တစ်ဦးက ဆိုပါတယ်။
သူသေဆုံးပြီးနောက် သေဆုံးကြောင်းထောက်ခံစာရရှိဖို့ ဆောင်ရွက်ရတဲ့ နောက်ဆက်တွဲကိစ္စတွေကလည်း ချောမွေ့နေတာတော့ မဟုတ်ပါဘူး။
“ကိုဗစ်နဲ့မဟုတ်ဘဲ တခြားရောဂါနဲ့သေပါတယ်လုပ်ပြီးမှ ရပ်ကွက်ရုံးကနေ သေဆုံးကြောင်းထောက်ခံစာရပြီး သဂြိုလ်ခွင့်ရတယ်” လို့ သူ့ရဲ့မိသားစုဝင်က ဆက်လက်ပြောဆိုလာပါတယ်။
အဲဒီလို အပူမီးတွေကို ဒေါ်ရင်ရင်တို့ မိသားစုတစ်စုပဲ ရင်ဆိုင်ကြုံတွေ့နေရတာတော့ မဟုတ်ပါဘူး။
မြန်မာနိုင်ငံမှာနေထိုင်ကြတဲ့ မိသားစုတိုင်းလိုလိုက အလားတူ ဒါမှမဟုတ် အခြားသော မချမ်းမြေ့ဖွယ် အပူမီးတွေကို ရင်ဆိုင်ကျော်ဖြတ်နေကြရတာပါ။
လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးက “ဆေးရုံတွေဟာ ကိုဗစ်လူနာတွေကို လက်မခံတဲ့အတွက် အိမ်မှာ အောက်စီဂျင်ရှုပြီး နေနေရတဲ့လူနာတွေ အများကြီးရှိနေတယ်။ လူနာတွေကို ဆေးရုံလိုက်လံပို့ဆောင်ပေးပေမယ့် ဆေးရုံတွေက လက်မခံတာကြောင့် အိမ်ပဲ ပြန်ပြန်ပို့နေရတယ်လို့“ ပြောပါတယ်။
လက်ရှိမှာ လူမှုကူညီရေးအဖွဲ့တွေဟာ လူနာတင်ကားလိုအပ်ချက်အတွက် အကူအညီပေးနိုင်ပေမယ့် ဆေးရုံတက်ခွင့်ရ/မရကို လူနာရှင်တွေကိုယ်တိုင် အတည်ပြုပြီးမှသာ သူတို့ထံ ဆက်သွယ်လာပေးဖို့ ပြောတာတွေလည်းရှိနေပါတယ်။
စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဆေးရုံတွေမှာ အောက်စီဂျင်အလုံအလောက်ရှိနေပြီး လူနာတွေကို အိမ်မှာကြိတ်မကုဖို့နဲ့ ဆေးရုံတက်ကုသမှုခံယူဖို့ ဇူလိုင်လ ၁၁ ရက်က ထုတ်ပြန်ခဲ့ပါတယ်။
တစ်ကယ်တမ်းလက်တွေ့မှာတော့ ဆေးရုံသွားတဲ့လူနာတွေကို ဆေးရုံကလက်မခံဘဲ အိမ်ပြန်လွှတ်နေခဲ့တာပါ။ ထုတ်ပြန်ချက်နဲ့ ဆန့်ကျင်ဘက်ဖြစ်နေတဲ့ ပြောကြားချက်တွေကလည်း ထွက်ပေါ်နေပါတယ်။ အဲဒါကတော့ ဆေးရုံတက်ဖို့စီစဉ်ပေးတဲ့ ဒေသန္တရကျန်းမာရေး တာဝန်ရှိသူတွေက အောက်စီဂျင်တွေ ရသလောက်ဝယ်ပြီး အိမ်မှာဆောင်ထားပါလို့ ပြောကြားနေတာပါ။
ထွက်ပေါ်နေတဲ့ ပြောကြားချက်တွေနဲ့ပတ်သတ်ပြီး ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးကို ဆက်သွယ်မေးမြန်းပေမယ့် ဖြေကြားခြင်းမရှိပါဘူး။
ဇူလိုင်လ ၁၀ ရက် ညနေပိုင်းကစလို့ စစ်ကောင်စီက အောက်စီဂျင်စက်ရုံအချို့ကို ပိတ်သိမ်းလိုက်ပါတယ်။ ကိုဗစ်စင်တာတွေနဲ့ အစိုးရဆေးရုံတွေကို အောက်စီဂျင်ပေးသွင်းဖို့ စစ်ကောင်စီက ညွှန်ကြားထားတာဖြစ်တဲ့အတွက် လူပုဂ္ဂိုလ်များကို အောက်စီဂျင်ပေးဝေမှု ယာယီရပ်နားတယ်လို့ ဇူလိုင်လ ၁၁ ရက် မနက်ပိုင်းက သိမ်ဖြူင်္ဘောကျင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က ကြေညာခဲ့ပါတယ်။
ယင်းနောက်မှာတော့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က အောက်စီဂျင်တွေ အလုံအလောက်ရှိတယ်လို့ ပြောတဲ့သတင်းကို အစိုးရပိုင်သတင်းဌာနတစ်ခုဖြစ်တဲ့ မြဝတီရုပ်မြင်သံကြားကနေ ဇူလိုင် ၁၂ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
"တကယ်တော့ အောက်စီဂျင်က လက်ရှိအနေအထားမှာ လုံလုံလောက်လောက်ရှိပါတယ်။ လူတွေက ကြောက်လန့်ပြီးတော့ စိုးရိမ်ပြီးတော့ တစ်ချို့က ဝယ်ထားတာရှိတယ်။ တစ်ချို့ကလည်း မသမာတဲ့နည်းနဲ့ လုပ်ဖို့ရှိတယ်။ ဒီအပေါ်မှာ နိုင်ငံရေးအရ အမြတ်ထုတ်ဖို့ ဆောင်ရွက်ချင်တဲ့သူတွေလည်းရှိတယ်။ အဲဒီတော့ အောက်စီဂျင်အိုးတွေဝယ်ပြီးတော့ ဖမ်းထိန်းတယ်။ အောက်စီဂျင်ပြတ်သွားပြီ။ အဲ့မှာ ကောလဟာလတွေ ထွက်ကုန်တယ်" လို့ ဆိုပါတယ်။
အစိုးရဆေးရုံတက်ခွင့်ရတဲ့ လူနာတွေကလည်း သက်ဆိုင်ရာ ရာထူးရှိတဲ့လူတွေနဲ့ ပုဂ္ဂိုလ်ရေးအရ ရင်းနှီးသူတွေ ငွေကြေးတတ်နိုင်တဲ့သူတွေလောက်သာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဆေးရုံမှာ ဆေးပစ္စည်းလုံလောက်မှုမရှိတာကြောင့် ကိုယ်တိုင်ဝယ်ယူနေရတယ်လို့လည်း အမည်မဖော်လိုသူ လူနာရှင်တစ်ဦးက ဆိုပါတယ်။
“လူနာကတော့ ဆေးရုံတက်ခွင့်ရပါတယ်။ လိုအပ်တဲ့ဆေးပစ္စည်းတွေနဲ့ အောက်စီဂျင်ကတော့ အရင်ကလိုပဲ ကိုယ်တိုင်တန်းစီ လိုက်ရှာနေရတာပေါ့။ ဒါပေမဲ့ဗျာ ဆေးရုံပေါ်မှာ ကိုယ့်လူနာကရှိနေပြီဆိုတော့ နည်းနည်းတော့ စိတ်သက်သာရာရတာပေါ့” လို့ အမည်မဖော်လိုသူ လူနာရှင်တစ်ဦးက ပြောသည်။
စစ်ဆေးရုံကို သွားပြခဲ့သူတစ်ဦးကလည်း “ကိုယ့်အဖေက စစ်သားဟောင်းမို့ ကုလို့ရမယ်လို့ထင်ခဲ့တာ။ ဒါပေမဲ့ ရောဂါပိုးရှိရှိ/မရှိရှိ အိမ်မှာပဲနေ ရေများများသောက်လို့ ပြောလွှတ်တယ်။ ဒါတောင် စစ်သားဟောင်းသမီးမို့ အဲ့လိုပြောပေးတာနော်။ သာမန်အရပ်သားဆိုရင် မောင်းပါထုတ်တာ” လို့ သူ့ရဲ့အတွေ့အကြုံကို ပြောပါတယ်။
ကိုဗစ်တတိယလှိုင်းမှာ အသက်ရှုရခက်ခဲလာတဲ့ လူနာတွေက အောက်စီဂျင်ရရှိဖို့ ခက်ခဲတဲ့အကြောင်းအရင်းကြောင့် သေဆုံးမှုတွေက နေ့စဉ် ၆ဝဝကနေ ၁ဝဝဝ အထိရှိနေတယ်လို့ လူမှုကူညီရေးအဖွဲ့တွေက ထုတ်ဖော်ပြောဆိုလာကြပါတယ်။
လက်ရှိမှာတော့ အောက်စီဂျင် 10L အိုး (Flowmeter မပါ) တစ်အိုးကို ကျပ် ၃ သိန်းကနေ ၅ သိန်းခွဲကြားရှိပြီး ၊ 15L အိုးနဲ့ 20L အိုး တစ်အိုးကို ကျပ် ၄ သိန်းကနေ ၆ သိန်းကြား၊ 40L အိုး တစ်အိုးကို ကျပ် ၆ သိန်းကနေ ၁၂ သိန်းအထိ ပေါက်ဈေးရှိနေပါတယ်။ အောက်စီအိုးမှာတပ်ဆင်ရတဲ့ Flowmeter ဈေးကလည်း ကျပ် ၈ သောင်းကနေ ၂ သိန်းအထိ ရှိပါတယ်။ အောက်စီဂျင်စက်တွေကတော့ ၁၀ သိန်းကျော်ကစပြီး ၇၆ သိန်းအထိ ရောင်းတဲ့လူအပေါ်မူတည်ပြီး ဈေးအမျိုးမျိုးဖြစ်နေပါတယ်။
စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ ဇူလိုင်လ ၂၉ ရက် ည ၈ နာရီသတင်းမှာ ယင်းနေ့အတွင်း ကိုဗစ်ရောဂါနဲ့ သေဆုံးသူ ၃၄၂ ဦးအထိရှိတယ်လို့ ဆိုထားပါတယ်။ ဇူလိုင် ၂၈ ရက် ည ၈ နာရီထုတ်ပြန်ချက်မှာတော့ သေဆုံးသူ ၃၆၅ ဦးရှိပြီး ဇူလိုင် ၂၇ ရက်မှာတော့ သေဆုံးသူ ၃၃၈ ဦးရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
လူမှုကူညီရေးအဖွဲ့တွေကတော့ ရန်ကုန်မှာ သေဆုံးသူတွေဟာ နေ့စဉ်ဦးရေ ၁,၀၀၀ အနည်းဆုံးရှိမယ်လို့ ခန့်မှန်းပြောဆိုကြပါတယ်။ သေဆုံးသူတွေ များပြားလွန်းတဲ့အတွက် ရုပ်အလောင်းတွေကို အရင်သဂြိုလ်ခွင့်ရနိုင်ဖို့ ငွေကြေးလာဘ်ထိုးပေးရတာတွေအထိပါ ရှိနေတာပါ။
“သဂြိုလ်ပေးတဲ့သူတွေက ဘယ်လောက်ပေးပါဆိုပြီး ဈေးသတ်မှတ်တာတော့မဟုတ်ဘူး။ ကိုယ့်မိသားစုဝင်ရဲ့ ရုပ်အလောင်းကို ကိုယ့်မျက်စိရှေ့မှာပဲ အရင်သဂြိုလ်နိုင်ဖို့အတွက်ကော အချိန်တွေအကြာကြီး စောင့်ဖို့အဆင်မပြေတဲ့သူတွေကောက ငွေအတင်းပေးကြတာတွေကို တွေ့ရတယ်” လို့ ပရဟိတ လုပ်ဆောင်ပေးနေသူတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ရပ်ကွက်အလိုက် သေဆုံးသူတွေများပြားနေတဲ့အတွက် ကန်တော့ပွဲတွေပေးတာ၊ ဆားခုနှစ်ပုံနဲ့ ဖယောင်းတိုင်ထွန်းတဲ့ ယတြာတွေကိုပါ ပြည်သူလူထုက လုပ်ဆောင်နေကြပါတယ်။
အရင်ကလို ကွာရန်တင်းစင်တာတွေကို စနစ်တကျ ပြန်လည်မဖွင့်လှစ်နိုင်တာအပါအဝင် ဆေးရုံတက်ပြီးကုသနိုင်ဖို့ လုပ်ဆောင်ရတဲ့ စာရွက်စာတမ်း အချက်အလက်တွေက များပြားလွန်းတာကြောင့် မသေသင့်ပဲ သေဆုံးရတာတွေပိုဖြစ်ရတယ်လို့ ကျန်းမာရေးနယ်ပယ်က ကျွမ်းကျင်သူတစ်ဦးက သုံးသပ်ပြောကြားပါတယ်။
ဆေးရုံတွေမှာတော့ အောက်စီဂျင်ပမာဏ ၅၀ အောက် လူနာတွေကို လက်ခံကုသမပေးတော့ဘဲ အောက်စီဂျင် ၈၀ အထက်လောက်ဆိုရင်တော့ဆေးရုံတက်ခွင့်ပေးနေတယ်လို့ အမည်မဖော်လိုသူ ဆရာဝန်တစ်ဦးက ပြောပါတယ်။
ကိုဗစ်နဲ့သေဆုံးသူတွေဟာ ဒေါ်ရင်ရင် သေဆုံးမှုလိုပဲ တခြားရောဂါနဲ့သေဆုံးတယ်လို့ စာရင်းသွင်းမှသာ သဂြိုလ်ခွင့်ရရှိတာကြောင့် ကိုဗစ်သေဆုံးစာရင်းအမှန်ကို စစ်အစိုးရရဲ့ ထုတ်ပြန်ချက်တွေမှာ မတွေ့ရတာဖြစ်တယ်လို့ လူမူကူညီရေးအဖွဲ့အစည်းများက သုံးသပ်ပြောဆိုကြပါတယ်။
မြန်မာနိုင်ငံရဲ့ ကိုဗစ်တတိယလှိုင်းမှာ ဒေါ်ရင်ရင်လိုမိသားစုတွေ လက်ချိုးရေလို့ မရနိုင်အောင် ရှိနေပါတယ်။ လက်ရှိမှာတော့ ဒေါ်ရင်ရင်မိသားစုရဲ့ မျှော်လင့်ချက်က မီးခိုးသဖွယ် လွင့်ပျောက်ခဲ့ပါပြီ။