စစ်ကောင်စီရဲ့ MPT နဲ့ အဓိကမိတ်ဖတ် ဂျပန်ကုမ္ပဏီကြီးနှစ်ခု

စစ်ကောင်စီရဲ့ MPT နဲ့ အဓိကမိတ်ဖတ် ဂျပန်ကုမ္ပဏီကြီးနှစ်ခု

ဂျပန်ကုမ္ပဏီကြီးနှစ်ခုဖြစ်တဲ့ KDDI နဲ့ Sumitomo တို့ ပူးတွဲတည်ထောင်ထားတဲ့ KDDISummit Global Myanmar (KSGM) ကုမ္ပဏီဟာ ကန်ဒေါ်လာ နှစ်ဘီလျံ ရင်းနှီးမြှုပ်နှံထားပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) နဲ့ အကျိုးတူ ပူးပေါင်းလုပ်ဆောင်နေတာဖြစ်ပါတယ်။

နှစ်ဘီလျံဆိုတဲ့ ပမာဏဟာ တယ်လီနော ရင်းနှီးမြှုပ်နှံမူထက် ကြီးတဲ့ပမာဏလည်းဖြစ်ပါတယ်။ တယ်လီနောဟာ မြန်မာနိုင်ငံကို စဝင်တဲ့ အချိန်မှာအခြေခံအဆောက်အဦပိုင်းတွေအတွက် အမေရိကန်ဒေါ်လာ ၁ ဘီလျံ သုံးစွဲမယ်လို့နိုင်ငံတကာ မီဒီယာတွေကို ဖြေကြားခဲ့ဖူးပါတယ်။

တယ်လီနောဟာ မြန်မာနိုင်ငံက လုပ်ငန်းတွေကို အမေရိကန်ဒေါ်လာ ၁၀၅ သန်းနဲ့ M1 Groupကုမ္ပဏီကို ဇူလိုင်လ ၈ ရက်နေ့က ရောင်းချခဲ့တာပါ။ M1 Group ဟာ စစ်တပ်ပိုင် မိုဘိုင်းဖုန်းအော်ပရေတာ Mytel နဲ့ စီးပွားရေး လုပ်ဆောင်နေတဲ့ Irrawaddy Green Towersဆက်သွယ်ရေး တာဝါတိုင်ကုမ္ပဏီမှာ ရင်းနှီး မြှုပ်နှံ ထားသူလည်း ဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းမှုကြောင့် ယိုယွင်းနေတဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေတွေပိုဆိုးလာတာကြောင့် ကုမ္ပဏီရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ရုတ်သိမ်းဖို့ ဆုံးဖြတ်ခဲ့တာလို့တယ်လီနောက ထုတ်ပြန်ခဲ့ပါတယ်။

ဒီလို အခြေအနေမှာ အစိုးရ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့်နည်းပညာဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) မှာ အမေရိကန်ဒေါ်လာနှစ်ဘီလျံ ရင်းနှီးမြှုပ်နှံ ထားတဲ့ ဂျပန်နိုင်ငံက ကုမ္ပဏီကြီး နှစ်ခုကရော မြန်မာနိုင်ငံကထွက်ခွာတော့မလား ဆိုတာ စိတ်ဝင်စားစရာ ဖြစ်လာပါတယ်။

KSGM ကုမ္ပဏီ အကျိုးတူ ပူးပေါင်းထားတဲ့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT ဟာစစ်တပ်နဲ့ ဆက်စပ်နေတဲ့ လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။ ဒါကို  Justice for Myanmarအဖွဲ့ကလည်း ထုတ်ဖော် ထားပါတယ်။

MPT ဟာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန (MOTC) လက်အောက်ကနိုင်ငံပိုင်လုပ်ငန်း တစ်ခု ဖြစ်ပါတယ်။ MOTC ဟာ စစ်အစိုးရ၏အကြမ်းဖက်မှုကိုကျယ်ကျယ်ပြန့်ပြန့် လှုံ့ဆော်ရာမှာ လက်နက်တစ်ခု ဖြစ်ပြီး MPT က စစ်တပ်ရဲ့ရက်စက်ကြမ်းကြုတ်မှုတွေကို ငွေကြေးထောက်ပံ့ နေတယ်လို့ Justice For Myanmar ရဲ့ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောပါတယ်။

"KDDI နဲ့ Sumitomo Corporation တွေဟာ MPT ရဲ့ မိတ်ဖက်ကုမ္မဏီတွေ ဖြစ်ပြီးမြန်မာစစ်တပ်ရဲ့ ကျယ်ပြန့်တဲ့ အကြမ်းဖက်လုပ်ရပ်တွေထဲက  တစ်ခုဖြစ်တဲ့ ဆက်သွယ်ရေး  ကွန်ယက်တွေကို အသုံးချ ထောက်လှမ်းမှုကို  MPT ကတဆင့် အကူအညီ ပေးနေတယ်လို့ပြောနိုင်ပါတယ်။ KDDI နဲ့ Sumitomo ကုမ္မဏီတွေဟာ သူတို့ လိုက်နာလုပ်ဆောင်ဖို့ လိုအပ်တဲ့

လူ့အခွင့်အရေး တာဝန်ရှိမှုနဲ့ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ဖို့ တောက်လျှောက်ပျက်ကွက်နေခဲ့တာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့က ဂျပန်နိုင်ငံ အနေနဲ့မြန်မာ့ပြည်သူပြည်သားတွေ ဘက်က ပြတ်ပြတ်သားသား ရပ်တည်ပြီး  MPT အပါအဝင်အကြမ်းဖက်  စစ်တပ်ကို အကျိုးဖြစ်ထွန်းစေမယ့် စီးပွားရေးလုပ်ငန်းအားလုံးကိုပစ်မှတ်ထား  အရေးယူ  ပိတ်ဆို့ဖို့ တိုက်တွန်းနေတာ  ဖြစ်ပါတယ် " လို့ သူက ပြောပါတယ်။

MPTရဲ့ CDM ဝန်ထမ်းတစ်ဦးကလည်း MPTဟာ လက်ရှိအချိန်မှာ သုံးစွဲသူတွေ ပြောတဲ့စကားတွေကို စစ်ကောင်စီအလိုကျ ခြေရာခံပေးနေတယ်လို မီဒီယာတစ်ခုမှာဖြေကြားခဲ့ပါတယ်။ ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီ လက်အောက်မှာ  ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဌာန အမြဲတမ်းအတွင်းဝန်အဖြစ် ဆက်လက်လုပ်ကိုင်နေတဲ့ဦးစိုးသိန်းက MPTရဲ့ အမှုဆောင်အရာရှိချုပ် အဖြစ်လည်း တာဝန်ထမ်းဆောင်နေတယ်လို့အဲ့ဒီဝန်ထမ်းက ဖြေကြား ခဲ့ပါသေးတယ်။

ဦးစိုးသိန်းဟာ အာဏာမသိမ်းခင် လပိုင်းအလိုက အမှုဆောင်အရာရှိချုပ် ရာထူးကိုဦးခင်မောင်ထွန်း ဆီက လွှဲယူထားတာလို့ အဆိုပါ ဝန်ထမ်းက ထွက်ဆိုထားပြီးစစ်ကောင်စီက လူမှုကွန်ရက် တွေကို ပိတ်ထားဖို့ ညွှန်ကြားစာမှာလည်း ဦးစိုးသိန်းရဲ့လက်မှတ်ရေးထိုး ထားပါတယ်။

မြန်မာနိုင်ငံမှာ MPT  အသုံးပြုသူ ၂၃သန်းရှိတယ်လို့ MPTက ထုတ်ပြန်ထားပြီး MPTနဲ့စစ်တပ်နဲ့ ဆက်နွယ်နေတာကို သိတဲ့သူကတော့ အလွန်နည်းပါတယ်။ အချိန်ကြာမြင့်စွာ MPT ကို အသုံးပြု ခဲ့ပေမယ့် စစ်တပ်နဲ့ စပ်ဆက်နေတာကို သိတဲ့အခါ MPTဆင်းကဒ်ကိုဖြုတ်ပစ်လိုက်တဲ့ လူငယ်တစ်ဦးက အခုလိုပြောပါတယ်။

"ကျွန်တော်အရင်ထဲက MPT သုံးတယ်။ MPTက စစ်တပ်နဲ့ စပ်ဆက်နေမှန်းမသိခဲ့ဘူး။လွန်ခဲ့တဲ့ရက်ပိုင်းက အင်တာနက်မှာ MPTဟာ စစ်တပ်နဲ့ ဆက်စပ်နေတဲ့  အကြောင်းတွေဖတ်လိုက်ရတယ်။  လိုက်ပြီး အတည်ပြုတော့ တကယ်ဖြစ်နေတယ်။  လူသတ်စစ်တပ်ဆီပိုက်ဆံ မရောက်စေချင်တာကြောင့် ကျွန်တော် MPTသုံးတာကို ရပ်တန့်ခဲ့တယ်"လို့ သူကပြောပါတယ်။

နာမည်ကြီး ဂျပန် တာယာလုပ်ငန်း ဖြစ်တဲ့ BRIDGESTONE ကတော့ အခု ဇူလိုင်လကုန်မှာရပ်နားမယ်လို့ တရားဝင် ထုတ်ပြန်ထားပါတယ်။ စစ်တပ်နဲ့ဆက်နွယ်နေတဲ့ MPTမှာအကျိုးတူ ပူးပေါင်းထားတဲ့ ဂျပန်ကုမ္ပဏီတွေ အနေနဲ့ ရှယ်ယာတွေ ရပ်နားသွားဖို့ ရှိ၊ မရှိ အဆိုပါ ကုမ္ပဏီတွေကို ဆက်သွယ် မေးမြန်းခဲ့ပေမယ့် တစ်စုံတစ်ရာ အကြောင်းပြန်ခြင်းမရှိခဲ့ပါဘူး။

ဒီအခြေအနေနဲ့ ပတ်သတ်ပြီး MPTကိုလည်း ဆက်သွယ်မေးမြန်းခဲ့ပေမယ့် တစ်စုံတစ်ရာန်လည် ဖြေကြားခြင်း မရှိခဲ့ပါဘူး။

"တရုတ်ကို ယှဉ်နိုင်တာဆိုလို့ အာရှတိုက်မှာဆိုရင် ဂျပန်ပဲရှိတယ်။ ဂျပန်နဲ့ တရုတ်ကွာခြားချက်က သူက သိုသိုသိပ်သိပ် လုပ်တယ်။ အရှေ့တောင်အာရှမှာ ဂျပန်ကအဓိကပဲ။တကယ့် Connectivity (ဆက်သွယ်မှုအားကောင်းရေး)ကို အာရှတိုက်မှာ ဂျပန်က အဓိကအာရုံထားတယ်။ ကိုယ့်နိုင်ငံမှာလည်း လိုအပ်ချက်တွေက များနေတယ်။ ဒါကြောင့် တခြားကရင်းနှီးမြှုပ်နှံမှု မရှိရင်တော့ ဒီဘက်က တရုတ်ကိုပဲ လက်ခံရမယ် "လို့ သန္ဓိအုပ်ချုပ်စီမံမှုအဖွဲ့၏ အမှုဆောင် ဒါရိုက်တာ ဦးခိုင်ဝင်းက ဆိုပါတယ်။

 

MPT ကနေ ဂျပန်ကုမ္ပဏီတွေ ထွက်ခွာသွားဖို့ က မဖြစ်နိုင်ဘူးလို့ သုံးသပ်မှုတွေလည်းရှိပါတယ်။ ဂျပန်နိုင်ငံဟာ စုစုပေါင်း ပြည်တွင်းထုတ်ကုန်တန်ဖိုးအရ ကမ္ဘာပေါ်မှာတတိယအကြီးဆုံးစီးပွားရေးစနစ်၊ တတိယမြောက် အကြီးဆုံး ဝယ်အားရှိတဲ့ နိုင်ငံဖြစ်ပါတယ်။

ဂျပန်ကုမ္ပဏီအနေနဲ့ မြန်မာ့ဆက်သွယ်ရေးကနေ နုတ်ထွက်သွားတဲ့အခါ စစ်တပ်နဲ့ နီးစပ်တဲ့တရုတ်က ဝင်လာနိုင်တာကြောင့် မထွက်ခွာနိုင်ဘူးလို့ မြန်မာအရေးလေ့လာသူတစ်ဦးကသုံးသပ်ထားပါတယ်။

"ဂျပန်ဆိုရင် တရုတ်ကြောင့် ထွက်မှာမဟုတ်ဘူး။ အဲဒါ သူတို့ရဲ့ မူဝါဒ အပေါ်မှာမှုတည်တာဘဲ။ MPT က ဂျပန်လေ။ တရုပ် company လက်ထဲ ဘယ်အရောက်ခံမလဲ"လို့သူက ဆိုပါတယ်။

စစ်တပ်ထိန်းချုပ်မှုအောက် ရောက်နေတဲ့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT နဲ့ဂျပန်ကုမ္ပဏီတွေ ဆက်လက်လုပ်ကိုင်နေမှု အခြေအနေနဲ့ ပတ်သတ်ပြီး  အမျိုးသားညီညွတ်ရေး အစိုးရ NUG ရဲ့ စီမံ-ဘဏာနဲ့ ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးတင်ထွန်းနိုင်ကို ဆက်သွယ်မေးမြန်ခဲ့ရာမှာတော့ ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပါဘူး။

MPT နဲ့ အကျိုးတူ ပူးပေါင်းလုပ်ကိုင်နေတဲ့ Sumitomo Corporation ရဲ့ မြန်မာနိုင်ငံမှာရှိတဲ့သူ့ရဲ့ အခြား ကြီးမားတဲ့ အဓိက ရင်းနှီးမြှုပ်နှံမှုနေရာကတော့ သီလဝါအထူးစီးပွားရေးဇုန်ပဲဖြစ်ပါတယ်။ ဂျပန်- မြန်မာ ပူးတွဲတည်ထောင်ထားတဲ့ သီလဝါ စီးပွားရေးဇုန်မှာ ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံသူ တစ်ဦးအဖြစ် ပါဝင်နေပါတယ်။

အာဏာသိမ်းပြီးချိန် ဂျပန်အစိုးရရဲ့ မူဝါဒကို ပြန်ကြည့်မယ်ဆိုရင် ဂျပန်နိုင်ငံဟာအာဏာသိမ်းမှုကို ရှုတ်ချကြောင်းနဲ့ မြန်မာပြည်သူ တွေကို အကြမ်းမဖက်ဖို့ကို ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာ အာဏာသိမ်း စစ်တပ်ကို ထိထိရောက်ရောက် အရေးယူပေးဖို့ကိုလည်း အမေရိကန်နဲ့ ဥရောပ သမ္မဂကို တောင်းဆို ခဲ့ပါတယ်။

မြန်မာနိုင်ငံက ဂျပန်ကုမ္ပဏီတွေထဲမှာတော့ မြန်မာစစ်တပ်နဲ့ ဆက်စပ်လုပ်ငန်းတွေ လုပ်ကိုင်ရင်း စစ်တပ်နဲ့ ကြံရာပါ သဘောမျိုး ဖြစ်နေတဲ့ ကုမ္ပဏီတွေ ရှိနေပါသေးတယ်။

Justice For Myanmar က ဒါနဲ့ပတ်သတ်ပြီး ဂျပန်အစိုးရရဲ့ ကုမ္ပဏီတွေအနေနဲ့ ရက်စက်ကြမ်းကြုတ်တဲ့ မြန်မာစစ်တပ်နဲ့ ကြံရာပါ ဖြစ်နေခြင်းကို အဆုံးသတ်ရပါမယ် လို့ ပြောဆိုထားပါတယ်။

ဂျပန်နိုင်ငံဟာ မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှုကို ကန့်ကွက်ကြောင်း စာတွေထုတ်နေပေမယ့် တရားဝင်စီးပွားရေးပိတ်ဆို့တာတွေ မရှိတာကြောင့် ဝေဖန်ခံခဲ့ရတာတွေလည်း ရှိပါတယ်။ ဂျပန်နိုင်ငံ ပိတ်ဆို့မှုရဲ့ ဒဏ်က မြန်မာပြည်သူတွေအပေါ် ပိုသက်ရောက်မှာဖြစ်တယ်လို့ ဂျပန်သံရုံးက ပြန်လည် ပြောဆိုထားပါတယ်။

Most read this week

၂၀၂၂ခုနှစ် ဩဂုတ်လက မြန်မာရွှေ့ပြောင်းအလုပ်သမားများကို အိန္ဒိယအာဏာပိုင်များက ဖမ်းဆီးစဥ် ( ဓာတ်ပုံ- ပုံဟောင်း)
November 18, 2024
အိန္ဒိယနိုင်ငံ ၊ မဏိပူရပြည်နယ်ရှိ အကျဥ်းထောင်အတွင်း ထိန်းသိမ်းခံနေရသည့် မြန်မာများအတွက်...
November 14, 2024
ထိုင်း-မြန်မာနယ်စပ် ကော့သောင်း-ရနောင်း နယ်စပ်ဂိတ်မှတဆင့် ထိုင်းလူဝင်မှုကြီးကြပ်ရေးအရာရှိများက...
November 14, 2024
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ရဲတပ်ဖွဲ့ရုံးနှင့် ကားပစ္စည်းအရောင်းဆိုင်များကို စစ်ကောင်စီက...
နောင်ချိုမြို့ပေါ်၊ ဈေးရပ်ကွက်ရှိ လန်းဆန်းလက်ဖက်ရည်ဆိုင် လေကြောင်းတိုက်ခိုက်ခံရပြီးနောက် မြင်ကွင်း(ဓာတ်ပုံ- ဒေသခံ)
November 13, 2024
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးနှင့် မူဆယ်သို့သွားသည့် ခရီးသွားကားများ တထောက်နားသည့်...