“ယောကျ်ားရယ် ကျွန်မခြေထောက်နှစ်ချောင်း မရှိတော့ဘူးလို့ပြောတယ်။ သားလတ်ကလည်း ဖေဖေရယ် သားမှာ ခြေထောက်တွေမရှိတော့ဘူးလို့ ငိုပြီးပြောတယ်။ သားငယ်ကတော့ အသက်မရှိတော့ဘူး”
အသက် ၃၀ ကျော်အရွယ် ကိုဦးမောင်က ၂၀၂၁ ခုနှစ် ဧပြီလ ၄ ရက်နေ့က သူတို့မိသားစုရဲ့ ဖြစ်ရပ်ဆိုးကို ပြောပြပါတယ်။
ကိုဦးမောင်မှာ ဇနီး မအေးအေးသိန်းရယ်၊ သားသုံးယောက်ဖြစ်တဲ့ အသက် ၇ နှစ်အရွယ် မောင်ဝေယံလင်း၊ အသက် ၄ နှစ်အရွယ် မောင်ကိုကိုလင်း၊ အသက် ၂ နှစ်ရွယ် မောင်ကျော်ဆန်းဝင်းတို့နဲ့အတူ ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ရွှေပြည်ကျေးရွာမှာ နေထိုင်ကြတာပါ။ ဖြစ်ရပ်ဆိုးမဖြစ်မှီအချိန်အထိပေါ့။
သူတို့လင်မယားနှစ်ယောက်ဟာ နေ့စဉ်ပြုလုပ်နေကျအတိုင်း မနက်အာရုံအချိန်ကနေထပြီးတော့ ထမင်းတွေ ချက်ပြုတ်ကြ။ လင်မယားနှစ်ယောက်စာထမင်းကို ချိုက်ထဲထည့်ကာ သားသုံးယောက် စားသောက်ဖို့အတွက်ကိုလည်း ပြင်ဆင်ထားခဲ့ပါတယ်။ မနက် ၇ နာရီထိုးတာနဲ့ လင်မယားနှစ်ယောက် ကျေးရွာနဲ့ ၂ နာရီမျှ ခြေကျင်သွားရတဲ့ တောင်တွေရှိရာဆီ ဟင်းရှာထွက်ခဲ့ကြပါပြီ။
မိဘတွေမရှိချိန် ညီငယ်နှစ်ဦးကို ကြည့်ရှုစောင့်ရှောက်ဖို့ သားအကြီးဖြစ်တဲ့ အသက် ၇ နှစ်အရွယ် မောင်ဝေယံလင်းကို ဖခင် ကိုဦးမောင်က ဟင်းရှာထွက်တိုင်း အမှာပါးတတ်လေ့ရှိပါတယ်။ သားသုံးယောက်ကို ဒီလိုထားခဲ့ရတာ စိတ်မချနိုင်ပေမယ့် မတတ်နိုင်။ တစ်နေ့မသွားရင် တစ်နေ့စာ မိသားစု ထမင်းငတ်သွားနိုင်တယ်လေ။
“ကျွန်တော်တို့ တောင်ပေါ် ဟင်းရှာသွားနေရတာ၊ သားလေးတွေကို စိတ်မချဘူး။ တစ်ယောက်ယောက် အနိုင်ကျင့်နေပြီလား၊ တစ်ခုခုများ ဖြစ်နေမလားဆိုပြီး စိုးရိမ်စိတ်က အမြဲရှိနေတယ်။ ဖြစ်နိုင်သမျှ အိမ်ကို စောစောရောက်အောင်ပြန်လာတယ်”
လင်မယားနှစ်ယောက် ဟင်းရှာပြီးပြန်လာတာနဲ့ ရလာတဲ့ဟင်းတွေကို အချိန်မီရောင်းချနိုင်ဖို့ ကိုဦးမောင်က ဟင်းတွေကို တစ်စည်းချင်းစည်းပြီး ကျေးရွာထဲ လှည့်လည်ရောင်းချပါတယ်။ ဒီလိုရှာလိုက်၊ ရောင်းလိုက်လို့ တစ်နေ့ဝင်ငွေ ငါးထောင်ကျပ်နဲ့ ခြောက်ထောင်ကျပ်ကြား ရရှိလာမှ သားမယားတွေရဲ့ဝမ်းတွေ ပြည့်ရတာပေါ့။
ကိုဦးမောင်တို့လင်မယားနှစ်ယောက် တတောင်တက်၊ တတောင်ဆင်းနဲ့ တစ်နေ့ကုန်ဟင်းရှာပြီး ညနေစောင်းရင် သားသုံးယောက်က သူတို့လာလမ်းကို မျှော်နေတတ်ပါတယ်။
“ညနေစောင်းရင် ကျွန်တော်တို့အလာကို မျှော်နေကြတယ်။ ကျွန်တော်တို့ကိုမြင်ရင် ပြေးလာကြတယ်။ သားလေးမျက်နှာမြင်လိုက်ရင် တစ်နေ့လုံး ဟိုတောင်ဒီတောင်တက်လို့ မောလာတဲ့အမောတွေ ပျောက်သွားရတယ်”
ဒီမိသားစုရဲ့ ဒီလိုပျော်ရွှင်စရာတွေဟာ အခုတော့ စစ်ပွဲရဲ့အကျိုးဆက်ကြောင့် ပျောက်ဆုံးသွားခဲ့ရပါပြီ။ ဧပြီလ ၄ ရက်နေ့ ညနေပိုင်းမှာ ဟင်းရှာပြီးပြန်ရောက်လို့ ကိုဦးမောင်က ဟင်းစည်းတွေစည်းနေချိန်၊ ဇနီးဖြစ်သူ မအေးအေးသိန်းက နေအိမ်အောက်မှာထိုင်ရင်း သားငယ်ကို နို့တိုက်နေချိန်၊ သားလတ်နဲ့ သားကြီးက မိခင်အနီးမှာ ကစားနေကြချိန် ကျယ်လောင်တဲ့ပေါက်ကွဲသံ ပေါ်ထွက်လာပါတော့တယ်။ ကိုဦးမောင် မြင်တွေ့လိုက် ရသည့်မြင်ကွင်းက မကောင်းလှ။
“သားကြီးက အပြင်ကိုပြေးထွက်လာပြီး ဖေဖေလို့အော်ပြီး မြေမှာလူးလဲငိုနေတယ်။ သူ့အမေက ယောကျ်ားရယ် ဘယ်လိုလုပ်ရမလဲ ကျွန်မခြေထောက်နှစ်ချောင်း မရှိတော့ဘူးလို့ပြောတယ်။ သားလတ်ကလည်း ဖေဖေရယ် သားမှာ ခြေထောက်တွေမရှိတော့ဘူးလို့ ငိုပြီးပြောတယ်။ သားငယ်ကတော့ အသက်မရှိတော့ဘူး”
ကိုဦးမောင်တစ်ယောက် ဒီသားကိုကြည့်ရမလား၊ ဟိုသားကိုဘဲကြည့်ရမလား၊ မိန်းမကိုပဲကြည့်ရမလား။ ဇာတ်လမ်းထဲက မပဒါလိုဖြစ်ခဲ့ရပြီ။
“ကျွန်တော် ရူးမတတ်အောင် ခံစားခဲ့ရတယ်”
အဲဒီပေါက်ကွဲမှုကြောင့် မအေးအေးသိန်းမှာ ညာဘက်ခြေထောက် ကျိုးပဲ့ဒဏ်ရာ၊ ဘယ်ဘက်ခြေထောက် ပွင့်ထွက်ဒဏ်ရာ၊ ညာဘက်ရင်ဖက်မှာ ကျည်စဖောက်ဝင်သွားတဲ့ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။
သားကြီး မောင်ဝေယံလင်းမှာ ဘယ်ဘက်ခြေထောက်နဲ့ ကျော့ကုန်းတွေမှာ ဒဏ်ရာရရှိသွားခဲ့ပါတယ်။ သားလတ် မောင်ကိုကိုလင်းမှာ ခြေထောက်နှစ်ချောင်းလုံးပွင့်ထွက်ကာ ဘယ်ဘက်လက်မောင်း ကျိုးပဲ့သွားခဲ့ပါတယ်။ အငယ်ဆုံးသားလေး မောင်ကျော်ဆန်းဝင်းမှာ ရင်ဘက်ထဲ ကျည်စဖေါက်ဝင်ကာ နေရာတွင် ဆုံးပါးသွားခဲ့ရပါတယ်။
ကိုဦးမောင်တစ်ယောက် ဇနီးနဲ့ သားတွေရဲ့အသက်ကို ကယ်နိုင်ဖို့ ကျောက်တော်ဆေးရုံကို ပို့ဆောင်ဖို့ ကြိုးပမ်းခဲ့ပေမယ့် လမ်းခုလတ်မှာ လက်လျှော့ခဲ့လိုက်ရပါတယ်။
ရွှေပြည်ကျေးရွာကထွက်ပြီး သရီချောင်းကျေးရွာအရောက်မှာ ဇနီး မအေးအေးသိန်း အသက်မရှိတော့ပေ။ ဒါပေမယ့် နောက်ထပ်ကျန်သေးတဲ့ သားတွေကို ဆေးရုံပို့ဆောင်ဖို့ ခရီးဆက်ခဲ့ပေမယ့် သရီချောင်းကျေးရွာအလွန်မှာ သားလတ် မောင်ကိုကိုလင်း အသက်ပျောက်ခဲ့လေပြီ။
ကျောက်တော်ဆေးရုံရောက်တဲ့အခါ သားကြီး မောင်ဝေယံလင်းတစ်ယောက်ပဲ ဆေးကုသမှုခံယူနိုင်ခဲ့ပြီး သားကြီးမှာလည်း ဒဏ်ရာပြင်းထန်တာကြောင့် ဧပြီလ ၇ ရက်နေ့မှာ ကျောက်တော်ဆေးရုံကနေ စစ်တွေဆေးရုံကို လွှဲပြောင်းလိုက်ပါတော့တယ်။
ကိုဦးမောင်ဟာ အချိန်ခဏလေးအတွင်းမှာ ဇနီး၊ သားလတ်၊ သားငယ်တို့ကို ဆုံးရှုံးခဲ့ရပေမယ့် ကျန်ရှိနေသေးတဲ့ သားကြီးကို ဆေးကုသပေးနေရတဲ့အတွက် သူ့မှာ ဝမ်းနည်းနေမယ့်အချိန် မအားလပ်နိုင်ခဲ့ပါဘူး။ ဒီထက် ခံပြင်းစရာကောင်းတာကတော့ မအေးအေးသိန်းရဲ့ဗိုက်ထဲမှာ လေးလသားအရွယ်ကိုယ်ဝန်ကို လွယ်ထားတယ်ဆိုတာပါပဲ။ ကံကြမ္မာကိုပဲ ယိုးမယ်ဖွဲ့ရမလား၊ လူတွေကိုပဲ အပြစ်ဖို့ရမလား ကိုဦးမောင်တစ်ယောက် ဝေခွဲမရတော့ပေ။
သူတို့မိသားစုရဲ့ ကံကြမ္မာကို နေ့ချင်းပြောင်းလဲစေခဲ့တဲ့ အရာကတော့ ရခိုင်မှာဖြစ်ခဲ့တဲ့ ၂ နှစ်တာစစ်ပွဲအတွင်း ကျန်နေခဲ့တဲ့ ဗုံးသီးဟောင်းတစ်လုံးပါပဲ။ မိဘနှစ်ပါးမရှိခိုက် အိမ်ရှေ့မြောင်းကကောက်ယူလာတဲ့ ဗုံးသီးဟောင်းကို မိဘတွေပြန်ရောက်ချိန်မှာ သားကြီးနဲ့သားလတ်က ထုခွဲကစားရာကနေ ပေါက်ကွဲသွားခဲ့တာဖြစ်ပါတယ်။
အခုနှစ် ပွင့်လင်းရာသီရောက်ရင် အကြီးဆုံးသား မောင်ဝေယံလင်းကို ရှင်ပြုအလှူတော်မင်္ဂလာပြုလုပ်မယ်လို့ ရည်မှန်းထားတဲ့ ကိုဦးမောင်တို့လင်မယားနှစ်ယောက်ရဲ့ ကြိတ်မှိတ်ပျော်နေခဲ့ရတဲ့ အပျော်တွေဟာလည်း ဘယ်ဆီလွင့်စင်သွားမှန်း မသိတော့ပေ။
ကိုဦးမောင်တို့မိသားစုဟာ ရခိုင်မှာဖြစ်ပွားခဲ့တဲ့ စစ်ပွဲရဲ့အကျိုးဆက်ကြောင့် စစ်ဘေးရှောင်တွေတဖြစ်လည်း ရှင်သန်ခဲ့ကြပါသေးတယ်။ ၂၀၂၀ မတ်လအတွင်း တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ရဲ့ တိုက်ပွဲပြင်းထန်နေချိန်မှာ ကိုဦးမောင်တို့မိသားစုဟာ အများနည်းတူ ကျေးရွာကိုစွန့်ခွာပြီး ကျောက်တော်မြို့နယ်၊ ညောင်ချောင်းစစ်ဘေးရှောင်စခန်းနဲ့ မဟာမြတ်မုနိ စစ်ဘေးရှောင်စခန်းတွေမှာ ပြောင်းရွှေ့နေထိုင်ခဲ့ကြပါတယ်။
နောက်ပိုင်း တိုက်ပွဲတွေငြိမ်သွားတဲ့ ၂၀၂၀ နှစ်ကုန်ပိုင်းလောက်မှာ မူလနေထိုင်ခဲ့တဲ့ ရွှေပြည်ကျေးရွာဆီပြန်လာပြီး ရိုးရှင်းလှတဲ့ မိသားစုဘဝကို တူတူဖြတ်သန်း နေထိုင်ခဲ့ကြတာဖြစ်ပါတယ်။
စစ်ဘေးရှောင်နေချိန်ကာလအတွင်း မဟာမြတ်မုနိဘုရားကို မိသားစုစုံလင်စွာနဲ့ ဖူးမျှော်ခွင့်ရခဲ့တာကို ကိုဦးမောင်တစ်ယောက် အမှတ်ရနေဆဲပါ။
“မိသားစုအားလုံး တူတူဘုရားဖူးကြတယ်။ ဒီသား ဒီမယားနဲ့ အိုအောင်မင်းအောင် နေထိုင်ရပါစေလို့ ဆုတောင်းခဲ့တယ်။ သားလေးတွေကို ခေါင်းလောင်းတွေတီးပြတယ်။ ဆီမီးထွန်းကြတယ်။ သားတွေနဲ့ လက်ကလေးဆက်လို့ နေရာစုံ လျှောက်လည်ကြတယ်”
အခုတော့ ဒီလိုအချိန်တွေကို ကိုဦးမောင်တစ်ယောက် ပြန်မရနိုင်တော့ပါဘူး။ သူ့ရဲ့ဆန္ဒကတော့ နောက်ထပ်မိသားစုတွေ အခုလိုမပြိုကွဲစေဖို့ မိုင်းရှင်းပေးပါဆိုတာပါပဲ။
“တောတောင်တွေကို မိုင်းရှင်းလင်းရေးလုပ်စေချင်တယ်။ မဟုတ်ရင် မရှိဆင်းရဲသားတွေက ဒုက္ခရောက်ကြရတယ်။ ကျွန်တော်တို့အဖြစ်လို နောက်မဖြစ်စေချင်ဘူး”
နှစ် ၇၀ ကျော်ကြာမြင့်လာတဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်ထဲမှာ ကိုဦးမောင်တို့မိသားစုလို သားကောင်တွေ ဘယ်လောက်များရှိနေသလဲဆိုတာ မတွေးရဲစရာပါ။
ရခိုင်မှာ ၂ နှစ်တာဖြစ်ခဲ့တဲ့ တိုက်ပွဲကာလအတွင်းမှာတော့ နေရပ်ကိုစွန့်ခွာထွက်ပြေးခဲ့ရတဲ့ စစ်ဘေးဒုက္ခသည် ၂ သိန်းကျော်အထိ မြင့်တက်ခဲ့ပါတယ်။ လက်ရှိ တိုက်ပွဲငြိမ်လို့ နေရပ်ပြန်သူအချို့ရှိပေမယ့် လူဦးရေ တစ်သိန်းကျော်ကတော့ နေရပ်ပြန်မရောက်ကြသေးပါဘူး။
စစ်ကျန်လက်နက်တွေနဲ့ မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် အရပ်သား ၆၀ ခန့် သေဆုံးခဲ့ပြီးတော့ ထိခိုက်ဒဏ်ရာရရှိသူ ၁၀၀ ဝန်းကျင်ရှိခဲ့တယ်လို့ ရခိုင်အရပ်ဖက်အဖွဲ့တွေက ကောက်ယူထားတဲ့စာရင်းတွေက ဆိုပါတယ်။
မြန်မာနိုင်ငံအတွင်းမှာ မြေမြုပ်မိုင်းနှင့် မပေါက်ကွဲသေးသည့် စစ်လက်နက်ပစ္စည်းများ (UXO) ကြောင့် သေဆုံးဒဏ်ရာရရှိသူတွေရဲ့ သုံးပုံတစ်ပုံကျော်ဟာ ကလေးငယ်များဖြစ်တယ်လို့ ယူနီဆက် (မြန်မာ) က ဧပြီ ၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ ဒီလို ထိခိုက်ဒဏ်ရာရ သေဆုံးတဲ့ ကလေးငယ်အများဆုံးဟာ ရခိုင်ပြည်နယ်ကဖြစ်ပြီးတော့ တစ်နိုင်ငံလုံးစုစုပေါင်းရဲ့ ၄၇ ရာခိုင်နှုန်းအထိရှိတယ်လို့ ဆိုပါတယ်။
ကိုဦးမောင်ကတော့ သူ့ရဲ့ နောက်ဆုံးမျှော်လင့်ချက်ဖြစ်တဲ့ သားကြီး မောင်ဝေယံလင်းရဲ့လက်ကို ဆုပ်ကိုင်ရင်း ပြောလိုက်တာက “ဒီသားလေးတစ်ယောက် ကျန်းမာဖို့၊ လူတစ်လုံးသူတစ်လုံးဖြစ်လာအောင် ဘယ်လိုပြုစုပျိုးထောင်ရမလဲ။ ကျွန်တော့ဘဝလိုမဖြစ်အောင် ကျွန်တော့မှာ ကြိုးစားဖို့တာဝန်ရှိတယ်။ ဒီသားတစ်ယောက်အတွက် ကျွန်တော် ကြိုးစားသွားမယ်။ သားပျော်ရွှင်ဖို့ လိုအပ်တာကိုဖြည့်ဆည်းပေးဖို့ ကျွန်တော့စိတ်မှာ ဒါပဲရှိတော့တယ်”
သားကြီး မောင်ဝေယံလင်းဟာ စစ်ပွဲရဲ့သားကောင်အဖြစ်ကနေ လွတ်မြောက်လာပြီးတော့ အခုနှစ်မှာ ပထမတန်းပညာကို သင်ကြားလျက်ရှိနေပါတယ်။