စစ်ကောင်စီလက်ထက် KIA ထိန်းချုပ်ရာနယ်မြေတွင် ကိုဗစ်ပိုးတွေ့သူ ၁၄ ဦးရှိလာ

စစ်ကောင်စီလက်ထက် KIA ထိန်းချုပ်ရာနယ်မြေတွင် ကိုဗစ်ပိုးတွေ့သူ ၁၄ ဦးရှိလာ
by -
ခေါင်ညွယ် (KNG)

စစ်ကောင်စီလက်ထက် KIA ထိန်းချုပ်ရာနယ်မြေတွင် ပြီးခဲ့သည့်ရက်ပိုင်းက ကိုဗစ်ပိုးတွေ့လူနာတစ်ဦး တွေ့ရှိသဖြင့် ယင်းနယ်မြေတွင် ကိုဗစ်ပိုးတွေ့သူ ၁၄ ဦးရှိပြီဖြစ်ကြောင်း လိုင်ဇာမြို့ Covid-19 ကာကွယ်ထိန်းချုပ်ရေးဗဟိုကော်မတီမှ တာဝန်ရှိသူများထံမှ သိရသည်။

ယခင်က ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်ရာနယ်မြေအတွင်း ကိုဗစ်ပိုးတွေ့ရှိသူ မရှိခဲ့သော်လည်း အကြမ်းဖက်စစ်တပ် အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလမှ ဇွန် ၂၀ ရက်ထိ ဝင်ရောက်လာသူများတွင် ပိုးတွေ့ရှိသူ ၁၄ ဦးရှိလာပြီဖြစ်သည်။

"ဇွန် ၂၀ ရက်က မြစ်ကြီးနားကနေဝင်လာတဲ့ အမျိုးသားတစ်ယောက်မှာ တွေ့တာပေါ့နော်။ အဲနောက်ပိုင်းတော့ မတွေ့သေးဘူး။ လိုင်ဇာမှာရော၊မိုင်ဂျာယန်မှာရော ပိုးတွေ့သူမရှိဘူး” ဟု Covid-19 ကာကွယ်ထိန်းချုပ်ရေးကော်မတီမှ ဒု-ဗိုလ်မှူးကြီးဟိန်းဝမ်က ပြောသည်။

အဆိုပါ ပိုးတွေ့ရှိခဲ့သည့် အမျိုးသားသည် လက်ရှိ ကွာရန်တင်းစင်တာတွင် ဆေးကုသမူခံယူနေသေးကြောင်းလည်း ၎င်းက ဆက်လက်ပြောသည်။

ထို့ပြင် လိုင်ဇာမြို့တွင် လက်ရှိ ကွာရန်တင်းဝင်ရောက်နေသူ ၂၀၃ ဦး၊ မိုင်ဂျာယန်ကွာရန်တင်းစင်တာတွင် ၂၃ ဦး စုစုပေါင်း ၂၂၆ ဦး ကွာရန်တင်းဝင်ရောက်နေရကြောင်းလည်း သိရသည်။

လက်ရှိမြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါကူးစက်မူ တတိလှိုင်း ပြန်လည်မြင့်တက်လာသည်နှင့်အမျှ ကချင်လွှတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်တွင်လည်း ရောဂါကူးစက်ပြန့်ပွားမူမရှိစေရန် လူအဝင်/ထွက်များအား သေချာစီစစ်နေကြောင်း သိရသည်။

“လူအဝင်/ထွက်ကတော့ ဆေးစစ်မူခံယူစေပြီးတော့ ပုံမှန်ဝင်/ထွက်သွားလာခိုင်းပါတယ်။ ဒါပေမယ့် ကျောင်းတက်မယ်ဆိုတဲ့ ကလေးတွေ၊ကျောင်းသား/သူတွေကိုတော့ အများဆုံး တစ်ပတ်လောက်နေခိုင်းတယ်။ ကျွန်တော်တို့ KIA ထိန်းချုပ်ရာနယ်မြေမှာ Covid-19 နဲ့ပတ်သက်ပြီး ကူးစက်ပြန့်ပွားမူမဖြစ်အောင် စည်းကမ်းပိုင်းတွေရော၊ လူအင်အားရော အရင်ကထက်ပိုမို တင်းကြပ်ပြီးဆောင်ရွက်နေပါတယ်" ဟု ဒု-ဗိုလ်မှူးကြီး ဟိန်းဝမ်ကပြောသည်။

ထို့ပြင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO နယ်မြေအတွင်းသို့ ပြီးခဲ့သည့် ဇွန် ၁၄ ရက်ထိ ဝင်ရောက်လာသူများသည် မိုင်ဆပ်ပါကျန်းမာရေး စစ်ဆေးဂိတ်တွင် ဆေးစစ်မူခံယူပြီး ကိုဗစ်ပိုးမတွေ့ရှိပါက Home Quarantine၊ Hotel Quaratine ငါးရက်ထားကာ ဝင်ရောက်ခွင့်ပြုခဲ့သော်လည်း ဇွန် ၁၄ ရက်တွင် ကိုဗစ်ဆေးစစ်ဆေးမူခံယူသည့်အပြင် ကွာရန်တင်းရက် ၁၄ ရက်ထိ တိုးမြင့်ကာ ပြည်သူများလိုက်နာရမည့် စည်းကမ်းချက်များ ထုတ်ပြန်ခဲ့သည်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO နယ်မြေတွင် ကာကွယ်ဆေးများလည်း ထိုးနှံပေးနေပြီး လက်ရှိချိန်ထိ ကာကွယ်ဆေးထိုးပြီးလူဦးရေ ၆၀၀၀ ကျော်ထိရှိပြီဖြစ်ကြောင်း သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...