ကိုဗစ်-၁၉ ရောဂါကြောင့် အိန္ဒိယ-မြန်မာနယ်စပ်ဝင်ပေါက်များ လုံခြုံရေးတင်းကြပ်မည်

ကိုဗစ်-၁၉ ရောဂါကြောင့် အိန္ဒိယ-မြန်မာနယ်စပ်ဝင်ပေါက်များ လုံခြုံရေးတင်းကြပ်မည်

ယခုရက်ပိုင်းအတွင်း အိန္ဒိယ-မြန်မာနယ်စပ် ချင်းပြည်နယ် ရိခေါဒါရ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အဆမတန်မြင့်တက်လာမှုကြောင့် နယ်စပ်ဒေသတလျှောက်ရှိ ဝင်ပေါက်များကို မီဇိုရမ်ဖက်က လုံခြုံရေးတင်းကြပ်သွားမည်ဖြစ်ကြောင်း သိရသည်။ 

 

ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံဖက်ရှိ အိန္ဒိယ-မြန်မာနယ်စပ် အမှတ် ၂ နယ်စပ်ကုန်သွယ်ရေးစခန်းအခြေစိုက်ရာ ချင်းပြည်နယ် ရိခေါဒါရ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အဆမတန်မြင့်တက်လာကြောင်း သိရသည်။

 

အဆိုပါမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရသူ အရှိန်မြင့်တက်လာသည့်အတွက် ဇွန် ၂၂ ရက်က Champhai District Bawrhsap (ခရိုင်အုပ်ချုပ်ရေးမှူး) Maria C.T Zuali နှင့် တာဝန်ရှိသူများ အစည်းအဝေးတစ်ရပ်ပြုလုပ်ခဲ့ရာ အိန္ဒိယ-မြန်မာနယ်စပ်ဂိတ် လုံခြုံရေးတင်းကြမည့်ကိစ္စ ဆွေးနွေးခဲ့ကြကြောင်း ဒေသထုတ်သတင်းစာ The Aizawl Post တွင် ဖော်ပြသည်။

 

အဆိုပါဆွေးနွေးပွဲတွင် ကာလကြာရှည်စွာ နယ်စပ်ဂိတ်ပိတ်ပင်ထားသော်လည်း တရားမဝင်ကုန်ပစ္စည်းများ သယ်ဆောင်လာခြင်း၊ တရားမဝင် မူးယစ်ဆေးဝါးများ သယ်ဆောင်လာခြင်းအပြင် နယ်စပ်ဂိတ်မဟုတ်သည့် အခြားသောဝင်ပေါက်လမ်းကြောင်းမှတဆင့် လူဝင်/လူထွက်များရှိနေ ကြောင်းသိရပြီး ယင်းကိစ္စများကို တင်းကြပ်စွာ ကိုင်တွယ်ဖြေရှင်းရမည်ဟု Maria C.T Zuali က ပြောသည်။

 

ထို့အပြင် မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းသည်လည်း နယ်စပ်ဒေသတွင်တည်ရှိသောမြို့ဖြစ်သည့်အတွက် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှု မြင့်တက်လာ နိုင်သောနေရာဖြစ်ကာ အားလုံးသတိရှိကြရန်လည်း သူမက ပြောကြားခဲ့သည်။

 

အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင်သည် ချင်းပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေပြီး မြန်မာစစ်ဘေးရှောင်အများစု ဝင်ရောက်တိမ်းရှောင်နေသော ဒေသတစ်ခုဖြစ်သည်။

 

ချင်းပြည်နယ်တွင် ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF) နှင့် အာဏာသိမ်းစစ်ကောင်စီတို့ တိုက်ပွဲများဖြစ်ပြီးနောက် ယခုရက်ပိုင်းအတွင်း မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင်အတွင်း ထွက်ပြေးတိမ်းရှောင်လာသူ စစ်ဘေးရှောင် ၅၀၀ ကျော်ရှိနေပြီဖြစ်ကြောင်းနှင့် နယ်စပ်ဒေသတွင် သောင်တင်နေသူ ၅၀၀ ခန့်ရှိနေကြောင်းလည်း သိရသည်။ 

 

လက်ရှိအခြေအနေတွင် မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင် Farkawn ကျေးရွာတွင် စစ်ဘေးရှောင် ၁၀၅၅ ဦး၊ Vaphai တွင် ၂၂၃ ဦး၊ Khawbung တွင် ၁၇၂ ဦး၊ Thekte တွင် ၁၆၅ ဦး၊ Chawngtui တွင် ၁၅၁ ဦးစသဖြင့် အသီးသီးရှိကြပြီး၊ Central YMA နှင့် MLA Pu Ramthanmawia တို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် Farkawn, Vaphai နှင့် Zawlsei ကျေးရွာများတွင် စစ်ဘေးရှောင်များနေထိုင်ရန် Relief Camp များ တည်ဆောက်ရန်စီစဉ်နေပြီဖြစ်ကြောင်း သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...