ATM စက်များနှင့် ပုဂ္ဂလိကဘဏ်များမှ ငွေထုတ်ယူရန် ခက်ခဲနေသဖြင့် ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုပေးသည့်ဆိုင်များတွင် ပြည်သူများအနေဖြင့် သုံးရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိအရှုံးခံ၍ ငွေသားများထုတ်ယူနေရကြောင်း သိရသည်။
အမျိုးမျိုးသော ကန့်သတ်စည်းကမ်းသတ်မှတ်ချက်များကြောင့် မိမိတို့၏ဘဏ်အကောင့်မှ ငွေသားများကို လိုအပ်သလို ထုတ်ယူနိုင်ခြင်းမရှိတော့သဖြင့် ဝန်ဆောင်ပေးသူ၏ဘဏ်စာရင်းသို့ လွှဲပေး၍ သတ်မှတ်ထားသည့် ရာခိုင်နှုန်းအပေါ် ဝန်ဆောင်ခပေးခြင်းဖြင့် မိမိတို့ငွေကြေးများစွာကို အဆုံးရှုံးခံပြီး ထုတ်ယူနေရဆဲဖြစ်သည်။
မော်လမြိုင်မြို့မှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက “ဒါကတရားမဝင်ဝန်ဆောင်မှုဆိုပေမယ့် လောလောဆယ် ငွေသားလိုအပ်ချက်အရ တခြားရွေးချယ်စရာနည်းလမ်းမရှိပါဘူး။ သိန်း ၁၀၀ ထုတ်မယ်ဆိုရင် ကိုးသိန်းတော့ပေးရတယ်။ ဝန်ဆောင်ခတွေတော့ တစ်နေရာနဲ့တစ်နေရာ မတူကြဘူးပေါ့။ ဒါပေမယ့်လည်း ဘဏ်တွေရှေ့မှာ နာရီပေါင်းများစွာ စောင့်နေရတာထက်စာရင် ကောင်းပါတယ်” ဟု ဆိုသည်။
Wave Money နှင့် K pay ဝန်ဆောင်မှုများတွင်လည်း တစ်ရက်လျှင် အများဆုံး ကျပ်တစ်သိန်းသာလွှဲနိုင်ပြီး အနည်းဆုံး ငါးရာခိုင်နှုန်းခန့် ဝန်ဆောင်ခပေးအပ်ရမည်ဖြစ်ကြောင်း Wave Money ဆိုင်ဝန်ထမ်းတစ်ဦးထံမှ သိရသည်။
“တစ်ရက်ကို တစ်သိန်းလွှဲနိုင်တယ်ဆိုပေမယ့် သတ်မှတ်ထားတဲ့ ပမာဏပြည့်သွားရင်တော့ လွှဲလို့မရတော့ဘူး။ ပိုက်ဆံမလည်ပတ်နိုင်သေးတဲ့ကာလဆိုတော့ အများစုတော့ တစ်သိန်းလောက်ပဲလွှဲပါတယ်။ အဲ့ထက်ပိုရင်လည်း ဟိုကထုတ်မရ ဒီကထုတ်မရဖြစ်နေမှာစိုးလို့” ဟု ၎င်းဆိုင်ဝန်ထမ်းကဆိုသည်။
ပြည်သူများအနေဖြင့် ဘဏ်တွင်အပ်နှံထားသည့်ငွေများ မဆုံးရှုံးစေရဟု အာမခံကြောင်း၊ ဘဏ်များပြိုလဲရန်မရှိကြောင်း လက်ရှိဘဏ်လုပ်ငန်းပျက်စီးအောင် ပြုလုပ်နေသူများကြောင့် ငွေထုတ်ယူမှု အကန့်အသတ်များ ပြုလုပ်ရခြင်းဖြစ်ကြောင်း ဗဟိုဘဏ်ဒု-ဥက္ကဌ ဦးဝင်းသော်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း အင်တာနက်အသုံးပြုမှု ကန့်သတ်ပိတ်ပင်ခြင်း၊ ဝန်ထမ်းများ CDM ပြုလုပ်ခြင်းတို့ကြောင့် ဘဏ်နှင့်ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ ကမောက်ကမဖြစ်ခဲ့ရာ ဘဏ်အပ်နှံငွေများကို ရသည့်နည်းလမ်းဖြင့် ပြန်လည်ထုတ်ယူလျက်ရှိသည်။