စစ်ဘေးရှောင်တောင်သူများ စိုက်ပျိုးရေးနိုင်လုပ်ခြင်းမရှိ၍ စားဝတ်နေရေးပူပန်နေရ

စစ်ဘေးရှောင်တောင်သူများ စိုက်ပျိုးရေးနိုင်လုပ်ခြင်းမရှိ၍ စားဝတ်နေရေးပူပန်နေရ
by -
နော်ဒွေးအယ်ခူ (KT)

ကယားစစ်ဘေးရှောင်များတွင် တောင်သူများလည်းပါဝင်နေပြီး စိုက်ပျိုးရေးလုပ်ငန်းများ မလုပ်နိုင်သဖြင့် စားဝတ်နေရေး စိုးရိမ်ပူပန်နေရကြောင်း တောင်သူတစ်ဦးက ပြောသည်။

 

ကရင်နီ (ကယား) ပြည်နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့ နေ့စဉ် အပြန်အလှန်ပစ်ခတ်မှုများဖြစ်နေပြီး အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးများကို ရမ်းသမ်းပစ်ခတ်နေသည့်အတွက် မြို့ပေါ်ရပ်ကွက်နေပြည်သူများသာမက ကျေးလက်နေ ပြည်သူများလည်း ဘေးလွတ်ရာကို တိမ်းရှောင်နေကြရကြောင်း သိရသည်။

 

“အခက်အခဲရှိတာပေါ့။ ဆန်စပါးလည်း စားစရာမရှိတော့ဘူး။ အဲလိုတွေဖြစ်ကုန်မှာ။ စိုက်ပျိုးတာလည်း မလုပ်ရတော့ဘူးဆို စားစရာလည်း မရှိတော့ဘူးလေ” ဟု ၎င်းကပြောသည်။

 

အဆိုပါပြည်နယ်တွင် တိုက်ပွဲများဖြစ်ပွားပြီး ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ တံတားများ ဖျက်ဆီးခံရသဖြင့် ကုန်စည်စီးဆင်းမှု နှေးကွေးသွားကာ စာနပ်ရိက္ခာပြတ်လပ်မှုများ ရှိနေကြောင်း သိရသည်။ 

 

မြို့ပေါ်ရပ်ကွက်နေ တောင်သူလယ်သမားများမှာ တောင်ယာစိုက်ပျိုးရေးလုပ်ငန်းများ မလုပ်နိုင်တော့ဘဲ ကျေးလက်နေတောင်သူလယ်သမားများအနည်းငယ်သာ စိုက်ပျိုးမှုပြုလပ်နိုင်သည်ဟု ဆိုသည်။ 

 

သို့သော်လည်း မြေသြဇာ၊ ပိုးသတ်ဆေး စသဖြင့် စိုက်ပျိုးရေးသုံးပစ္စည်းများဝယ်ယူရန် ခက်ခဲမှုနှင့် ကြုံတွေ့နေရကြောင်း သိရသည်။

 

“အခက်အခဲကတော့ အများကြီးရှိတယ်။ ဒီဇယ်ကအစပေါ့။ ထွန်ယက်ဖို့လိုတယ်လေ။ မြေဩဇာတွေဆိုရင်လည်း သွားယူစရာမရှိတော့ဘူးလေ။ ရှိလည်းမရှိတော့ဘူး။ သွားယူလို့လည်းမရတော့ဘူး ဆိုတော့ အခက်အခဲတွေ အများကြီးရှိတယ်” ဟု တောင်သူတစ်ဦးက ပြောသည်။ 

 

ကရင်နီ (ကယား) ပြည်နယ်တွင် မေ ၂၁ ရက်မှစ၍ ပြည်သူ့ကာကွယ်ရေးတပ်များနှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့ အပြန်အလှန်ပစ်ခတ်မှုများကြောင့် တိုက်ပွဲပြင်းထန်လျက်ရှိရာ ဒေသခံများအနေဖြင့် ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပြီး ယနေ့အချိန်ထိ စစ်ဘေးရှောင်ပြည်သူများ တစ်သိန်းဝန်းကျင်ရှိကြောင်း သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...