တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံဘက်သို့ တိမ်းရှောင်နေရသည့် ကရင်ပြည်နယ်က စစ်ဘေးရှောင်များ အစားအသောက်နှင့် အကူအညီများလိုအပ်နေ

တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံဘက်သို့ တိမ်းရှောင်နေရသည့် ကရင်ပြည်နယ်က စစ်ဘေးရှောင်များ အစားအသောက်နှင့် အကူအညီများလိုအပ်နေ

ကရင်ပြည်နယ် မြ၀တီမြို့နယ် ဖလူးကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ဒေသခံ ၄၀၀ ကျော် ထိုင်းနိုင်ငံသို့ စစ်ဘေးရှောင်နေရပြီး အစားအသောက်နှင့် အကူအညီများလိုအပ်နေကြောင်း KNU က ပြောသည်။

ဗိုလ်ကျော်သက်ဦးဆောင်သည့် ခွဲထွက် DKBA အဖွဲ့နှင့် ဗိုလ်မုတ်သုန်ဦးဆောင်သည့် BGF ၁၀၂၂ တပ်ခွဲတို့သည် ဇွန် ၁ ရက် နေလည်ပိုင်းမှစ၍ ဖလူးကျေးရွာတွင် တိုက်ပွဲဖြစ်ပွားလာသည့်အတွက် ဒေသခံများက ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သွားကြသည်ဟု KNU တပ်မဟာ ၆ ဒူးပလာယာခရိုင်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ထွက်ပြေးတိမ်းရှောင်လာကြသည့် ဒေသခံများမှာ အစားအသောက်နှင့် အခြေခံလူအသုံးအဆောင်ပစ္စည်းများ လိုအပ်နေသည်ဟု ဒေသခံများ၏ ပြောဆိုချက်ကိုကိုးကား၍ KNU ဒူးပလာယာခရိုင်က ဆိုသည်။

“တချို့ကျတော့ ထိုင်းဘက် အမျိုးအိမ်ရောက်နေတယ်။ သောင်ရင်းမြစ်ကို ဒီတိုင်းပဲဖြတ်ကူးလာတာ။ ရေက ရင်ဘတ်လောက်ထိရောက်တာပေါ့။ အဲ့ဒါကြောင့် တချို့က ဘာမှသယ်မရဘူး။ ဟိုဘက်ရောက်တော့ ထိုင်းစစ်သားတွေလာပြီး ကျန်းမာရေးစစ်ဆေးမှုတွေ mask ဝေပေးတာတွေ လုပ်ပေးနေတယ်။ အစားအသောက် အဝတ်အထည် နေရာထိုင်ခင်း အကူညီလိုအပ်တာပေါ့။ အခု သူတို့နေတာ နွားတင်ကုပ်ထဲမှာ စုနေရတာလေ။ ဖလူးလေး ဖလူးကြီးရွာသူရွာသားတွေပေါ့” ဟု ဒူးပလာယာခရိုင်၏ သတင်းထုတ်ပြန်ချက်ထဲတွင် ဒေသခံ၏ပြောဆိုချက်ကို ဖော်ပြထားသည်။

လက်ရှိတွင် ဖလူးဒေသတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်ဟု သိရသည်။

ယနေ့တိုက်ပွဲတွင် စစ်ကောင်စီဖက်မှ လေးဦးသေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု KNU ဒူးပလာယာခရိုင်၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် ဇွန် ၁ ရက်တွင် ကရင်ပြည်နယ် ဖာပွန် (မူတြော်) မြို့နယ်ရှိ ကူးဆိပ်နှင့် မထောကျေးရွာကြားတွင် စစ်ကောင်စီတပ်များနှင့် KNU တပ်မဟာ ၅ တို့အကြား မိနစ် ၂၀ ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဖက်မှ ငါးဦးသေဆုံးခဲ့သည်ဟု KNU ပြန်ကြားရေးဌာန သူလေးသတင်းက သတင်းထုတ်ပြန်ထားသည်။

လက်ရှိတွင် ကရင်အမျိုးသားအစည်းအရုံး KNU နှင့် စစ်ကောင်စီတပ်တို့အကြားက တိုက်ပွဲများကြောင့် ဒေသခံသောင်းချီ စစ်ဘေးလွတ်ရာ တောထဲတောင်ထဲသို့ ထွက်ပြေးတိမ်းရှောင်နေကြရသကဲ့သို့ အချို့မှာ ထိုင်းနိုင်ငံဖက်သို့ ထွက်ပြေးတိမ်းရှောင်နေကြသည်ဟု သိရသည်။

ထွက်ပြေးတိမ်းရှောင်သူများအတွက် လက်ရှိတွင် အစားအသောက်နှင့် အခြေခံလူအသုံးအဆောင်များဖြစ်သည့် အဝတ်အစား၊ စောင်၊ မိုးကာ၊ ခြင်ထောင်များအပြင် ဆေးဝါးများလည်း အရေးအပေါ်လိုအပ်နေသည်ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသူများက ပြောဆိုထားသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...