ပလက်ဝ ဗုံးပေါက်ကွဲမှုမှာ စကစအလိုကျ ဖွဲ့စည်းထားသည့် အဖွဲ့မှ ဖောက်ခွဲခြင်းဖြစ်ကြောင်း CDF-Paletwa ထုတ်ပြန်

ပလက်ဝ ဗုံးပေါက်ကွဲမှုမှာ စကစအလိုကျ ဖွဲ့စည်းထားသည့် အဖွဲ့မှ ဖောက်ခွဲခြင်းဖြစ်ကြောင်း CDF-Paletwa ထုတ်ပြန်

ချင်းပြည်နယ် ပလက်ဝမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်နှင့် ထွေအုပ်ရုံးရှေ့တွင် မေ၂၈ရက် မနက် ၇နာရီခန့်က ဖြစ်ပွားခဲ့သည့် ဗုံးပေါက်မှုမှာ CDF-Paletwaနှင့် သက်ဆိုင်ခြင်းမရှိဘဲ စကစအလိုကျ ဖွဲ့စည်းထားသည့် အဖွဲ့အစည်းတစ်ခုမှ အချင်းချင်းကြား နားလည်မှုလွဲစေရန် ရည်ရွယ်ပြီး ဖောက်ခွဲခြင်းသာဖြစ်ကြောင်း CDF-Paletwa မှ ထုတ်ပြန်လိုက်သည်။

 

"ပလက်ဝမြို့တွင်းပေါက်ကွဲမှုက CDF-Paletwa အနေနဲ့ သက်ဆိုင်ခြင်းမရှိဘူး။ CDF ဆိုတာက ပြည်သူလူထုကို ကာကွယ်ဖို့ဖွဲ့စည်းထားတာဖြစ်တဲ့အတွက် ပြည်သူကို ထိတ်လန့်စရာဖြစ်အောင် လည်းမလုပ်ဘူး။ ဒုက္ခပေးမှာလည်းမဟုတ်ဘူး။ တစ်ကယ်လို့ကျွန်တော်တို့ လုပ်တော့မယ်ဆိုရင်တောင် ပြည်သူကို ကြိုတင်သတိပေးမှုတွေကို လုပ်ဆောင်သွားမှာပါ။ ပလက်ဝမှာက AA လည်းရှိတဲ့အတွက် ကျွန်တော်တို့ကြားထဲမှာ အထင်အမြင်လွဲမှားအောင် ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်တာဖြစ်ပါတယ်။ တစ်ကယ် လုပ်တာက စစ်ကောင်စီအလိုအကျ ဖွဲ့စည်းတဲ့အဖွဲ့ကလုပ်တာ။ သူတို့က ကျွန်တော်တို့ စဖွဲ့တာနဲ့ သိပ်မ ကြာဘူး ပေါ်လာတဲ့အဖွဲ့ဖြစ်တယ်။ အသေးစိတ်ကို ကျွန်တော်တို့ စုံစမ်းနေပါတယ်"ဟု CDF-Paletwa တာဝန်ရှိသူ တစ်ဦးကပြောသည်။

 

ဖြစ်စဉ်မှာ မေ ၂၈ရက် မနက် ၇နာရီ ၁၅ မိနစ်ခန့်တွင် ပလက်ဝရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး တစ်မိနစ်ခန့်အကြာတွင် မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင် ပေါက်ကွဲမှုဖြစ်ပွား ခဲ့ခြင်းဖြစ်ပြီး လူထုအကြား စိုးရိမ်မှုများဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။

 

ယင်းဗုံးပေါက်ကွဲမှုနှင့်ပတ်သက်၍ စစ်ကောင်စီက ပြည်သူများအား လိုက်လံဖမ်းဆီးနေပြီး လုံခြုံရေးလည်းတင်းကြပ်ထားကြောင်း သိရသည်။

 

“လူတွေလိုက်ဖမ်းနေတာဟုတ်တယ်။ အိမ်တွေထဲကို ဝင်ပြီးတော့ လိုက်ဖမ်းနေတယ်။ မေးစရာရှိတယ် ဆိုပြီးခေါ်ခေါ်သွားတာ။ ပြန်လွှတ်ပေးတဲ့သူ ရှိလားမရှိလား မသိသေးဘူး။ ဘယ်နှစ်ယောက်ဖမ်းသွား တာလည်း အတိအကျတော့မသိသေးဘူး။ ဖမ်းခံရတဲ့သူတွေက ရန်ကုန်ကပြန်လာတဲ့သူတွေလည်း ပါတယ်လို့ပြောတယ်။ လုံခြုံရေးလည်းလောလောဆယ် တင်းကြပ်ထားတယ်။ အပြင်လည်းမထွက် ရဲဘူး”ဟု ပလက်ဝမြို့ခံတစ်ဦးမှပြောသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...