မအေးမာတစ်ယောက် ရန်ကုန်ရှိ သူမတို့မိသားစုနေထိုင်ရာ နေအိမ်ခန်းတစ်ခုမှာ သူမရဲ့ ကလေးခုနစ်ယောက်နဲ့အတူထိုင်နေရင်း ၎င်းတို့ရဲ့ စားစရာဖြစ်တဲ့ ဆန်နဲ့ သေးသေးမျှင်မျှင် ဟင်းသီးဟင်းရွက်တွေနဲ့ ၎င်းတို့ရဲ့ ဆာလောင်မှုကို ဖြေဖျောက်နိုင်ပါ့မလားတွေးပြီး ပူပန်နေရပါတယ်။ ဒီစားစရာတွေဆိုတာကလည်း အာဏာသိမ်းမှုကြောင့် ဖိစီးမှုဒဏ်ကြုံနေရတဲ့ မြန်မာနိုင်ငံမှာ သူမ၀ယ်ခြမ်းနိုင်တာဆိုလို့ ဒါတွေပဲရှိတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖေါ်၀ါရီလက အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုဖမ်းဆီးပြီး စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက်ပိုင်းကတည်းက နိုင်ငံရဲ့ စီးပွားရေးနဲ့ ဘဏ်လုပ်ငန်းစနစ်ဟာ တုံ့ဆိုင်းပြီး မလှုပ်မယှက်ချင်ဖြစ်နေခဲ့ပါတယ်။
ဆန္ဒပြမှုတွေနဲ့ စက်ရုံအလုပ်ရုံတွေ ပိတ်သိမ်းမှုတွေကြောင့် နိုင်ငံမှာ အသက်မွေး၀မ်းကြောင်းတွေ ဆုံးရှုံးထားခဲ့ရသလို လောင်စာဆီ စျေးနှုန်းတွေဟာလည်း မြင့်တက်ထားခဲ့ပါတယ်။ ဘဏ်စုဆောင်းငွေတွေရှိထားတဲ့ ကံကောင်းတယ်လို့ဆိုနိုင်တဲ့ လူတွေဟာလည်း သူတို့ငွေတွေကိုထုတ်ဖို့ တစ်နေကုန်ကြာ လူတန်းရှည် တန်းစီစောင့်ဆိုင်းရမှုနဲ့ ကြုံနေခဲ့ကြရပါတယ်။
အရပ်သား ၈၀၀ ကျော် သေဆုံးခဲ့ရပြီးဖြစ်တဲ့ အာဏာသိမ်းစစ်အုပ်စုရဲ့ လူမဆန်တဲ့ ဥပဒေမဲ့ဖြိုခွင်းမှုတွေ ရှိနေခဲ့တဲ့အချိန်မှာ ခုလိုကာလမှာ ပရိယေသန ၀မ်းစာအတွက် အပြင်ထွက် ငွေရှာခြင်းကလည်း ဘေးကင်းမှုဆိုင်ရာ အန္တရာယ်တစ်ခု ဖြစ်လာနေခဲ့ပါတယ်။
ပုံမှန်အချိန်တွေမှာဆို ဆန်၊ ပဲ အမျိုးမျိုးနဲ့ သစ်သီး၀လံတွေကို ပြည်ပတင်ပို့တဲ့ နိုင်ငံတစ်နိုင်ငံအနေနဲ့ ခုလိုအတိုင်းသာဆိုရင် လာမည့်လတွေထဲမှာ လူသန်းနဲ့ချီ ဆာလောင်ငတ်မွတ်ကြရဖို့ ရှိနေတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ်ကလည်း သတိပေးထားပါတယ်။
“ကျွန်မ ကလေးတွေကိုတော့ နပ်မှန်အောင် ကျွေးရပါလိမ့်မယ်၊ ဒါမှ သူတို့ မငတ်မှာလေ” လို့ မအေးမာက ပြောပါတယ်။ သူမအနားမှာလည်း ကြိုးပုခက်တစ်ခုနဲ့ ကလေးတစ်ယောက်ကို လွှဲသိပ်ထားပါတယ်။
အဆိုပါ အသက် ၃၃ နှစ်အရွယ် အမျိုးသမီးကတော့ ခုချိန်မှာ အလုပ်အကိုင်မရှိဘဲ ဖြစ်နေသလို သူမရဲ့ အမျိုးသားဖြစ်သူဟာလည်း ခုချိန်မှာ မိလ္လာကန် တူးရတဲ့ အလုပ်အပါအ၀င် ရရာအလုပ်ကို လုပ်နေရပါတယ်။
အလားတူ စျေးသည်တစ်ဦးဖြစ်တဲ့ အသက် ၃၇ နှစ်အရွယ် မ၀ါ၀ါကလည်း အာဏာသိမ်းပြီးနောက်ပိုင်း ကုန်စျေးနှုန်းတွေ တက်နေခဲ့တဲ့အတွက် စျေး၀ယ်သူတွေဟာဆိုရင် ငါးခြောက်တစ်ခွက်လိုမျိုး အသင့်အတင့် စားစရာတွေကိုလည်း မတတ်နိုင်ကြတော့ဘူးလို့ ဆိုပါတယ်။
“ကျွန်မ ဒါကို ရောင်းလို့ အဆင်မပြေတော့ပါဘူး၊ ဘာလို့လဲဆိုတော့ ၀ယ်သူတွေက မ၀ယ်နိုင်ကြတော့ဘူး၊ ကျွန်မ ဒီငါးခြောက်တစ်ဇလုံကို ငွေ ၅၀၀ နဲ့ ရောင်းပေးမယ်ဆိုရင်တောင် သူတို့ မ၀ယ်နိုင်ကြတော့ဘူး” လို့ သူမက အေအက်ဖ်ပီကို ပြောပါတယ်။
“လူတိုင်းဟာ ခုချိန်မှာ ပိုက်ဆံကို သေချာ စိစစ်ချွေတာ သုံးကြရလိမ့်မယ်၊ ဘာလို့လဲဆိုတော့ အလုပ်အကိုင်တွေ မရှိကြဘူးလေ၊ ကျွန်မတို့ဟာ အကြောင်းတရားနဲ့ နေ နေကြရတယ်၊ ဘယ်အချိန် ဘာဖြစ်မယ်မှန်းမှ ကျွန်မတို့ မသိတာပဲလေ” လို့ သူမက ပြောသွားပါတယ်။