မိုးမောက်မြို့ စစ်ဘေးရှောင်များကိုကူညီရန် ပစ္စည်းသယ်သည့်ယာဉ်များကို စစ်တပ်ကတားဆီးကာ ၄င်းတို့ကို ပို့ဆောင်ခိုင်းခြင်းများရှိလာကြောင်း မိုးမောက်မြို့ဒေသခံများက ပြောသည်။
“ခုအချိန်က ပဲသိမ်းတဲ့ရာသီဆိုတော့ ပဲသိမ်းတဲ့ကားတွေရော စစ်ဘေးရှောင်တွေကိုကူညီဖို့ ပစ္စည်းတင်လာတဲ့ကားတွေရောကို တားပြီး သူတို့သွားချင်တဲ့နေရာတွေကို လိုက်ပို့ခိုင်းတာတွေလုပ်နေတယ်” ဟု ၄င်းကပြောသည်။
မိုးမောက်မြို့တွင် စစ်ကောင်စီတပ်နှင့် ကချင်တပ် (KIA) တို့ တိုက်ပွဲဖြစ်ပွားနေပြီး KIA ဖက်က အရပ်သားပြည်သူများ ကုန်တင်ကားများကို မိုးကာအုပ်ပြီးမတင်ဆောင်ရန်နှင့် စစ်တပ်ကို လိုက်ပါမပို့ဆောင်ရန် သတိပေးထားမှုများရှိပြီး ထိုသို့သထိပေးထားမှုများကြောင့် ၄င်းတို့ပါ ထိခိုက်မည်ကို စိုးရိမ်နေကြခြင်းဖြစ်သည်။
“သူတို့က တားတားပြီးပို့ခိုင်းတာက အရေးမကြီးဘူး KIA ကပစ်လိုက်ရင် ကျွန်တော်တို့ပြည်သူတွေပါ ဒုက္ခရောက်ကြရမှာ အဲတာကိုပဲ စိုးရိမ်နေတာ” ဟု မိုးမောက်ဒေသခံတစ်ဦးက ပြောသည်။
လက်ရှိအချိန်တွင် စစ်ကောင်စီတပ်နှင့် KIA တို့ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး တိုက်ပွဲနှင့်နီစပ်သည့် ကျေးရွာများမှ အနည်းငယ်အလှမ်းဝေးသည့် မိုးမောက်မြို့ရှိ လုံခြုံသောကျေးရွာများကို ၀င်ရောက်ခိုလှုံလာမှုများ များလာကြောင်း ၄င်းကဆိုသည်။
စစ်ဘေးရှောင်များ တိုးပွားလာသည့်ခြင်းနှင့် မိုးရာသီရောက်ရှိလာပြီဖြစ်သောကြောင့် ရောက်ရှိလာသည့် စစ်ဘေးရှောင်ဒေသခံများကို အကူအညီပေးရေလုပ်ငန်းစဥ်များကို ပိုမိုလုပ်ဆောင်နေကြရပြီး အလှူရှင်များလည်း လိုအပ်လျက်ရှိကြောင်း သိရသည်။
“ဒီလို့ ဟိုလိုက်ပို့ဒီလိုက်ပို့ခိုင်းတာကို မီဒီယာမှာရေးလိုက်ရင်လဲ ဘယ်သူဆိုတာသိပြီး ကျွန်တော်တို့ ဒုက္ခဖြစ်မှာလဲစိုးရတယ်။ ကျွန်တော်တို့ဒေသမှာက အဲလိုပရဟိတတွေ စစ်ဘေးရှောင်တွေကို ကူညီနေတာ သိပ်မလုပ်ကြဘူးလေ အဲတာကြောင့်ပါ” ဟု ၄င်းကပြောသည်။
ဇန်နဝါရီ ၁ ရက် စစ်တပ်က ရွေးကောက်ပွဲရလဒ်များကို တရားမ၀င်ဟုဆိုကာ အာဏာသိမ်းခဲ့ပြီးနောက်ပိုင်းတွင် အဆိုပါ မိုးမောက်ဒေသအပါအ၀င် ကချင်ပြည်နယ် နေရာအများစုတွင် စစ်ကောင်စီတပ်များနှင့် KIA တပ်များ တိုက်ပွဲဆက်တိုက်ဖြစ်ပွားလျက်ရှိပြီး စစ်ဘေရှောင်များလည်း တစ်နေ့ထက်တစ်နေ့ တိုးလာနေကြောင်းသိရသည်။