အာဆီယံ၏ ဘုံသဘောတူညီချက်များကို ဆောင်ရွက်ရန် ကြန့်ကြာနေသည့် စစ်ကောင်စီ၏လုပ်ရပ်ကြောင့် လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေး ပဋိပက္ခအား ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရေး အဟန့်အတားဖြစ်စေကြောင်း ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောကြားခဲ့သည်။
မေ ၂၇ ရက်ကပြုလုပ်နေသည့် NCA အပစ်ရပ်အဖွဲ့များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ PPST ၏ အစည်းအဝေး အဖွင့်မိန့်ခွန်းထဲတွင် PPST ၏ ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်က ထိုသို့ ထည့်သွင်းပြောဆိုလိုက်ခြင်းဖြစ်သည်။
၎င်းက “ဧပြီလ ၂၄ ရက်၊ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာကျင်းပတဲ့ အာဆီယံခေါင်းဆောင်များ အထူးအစည်းအဝေးရဲ့ ဘုံသဘောထား သဘောတူညီချက် ငါးချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ဖို့အတွက် အာဆီယံရဲ့ကြိုးပမ်းမှုကို စစ်ကောင်စီက အခုအချိန်အထိ ပူးပေါင်း ဆောင်ရွက်မှု မပြုနိုင်ခြင်းဟာ နိုင်ငံရေးအကျပ်အတည်းကို ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ ဖြေရှင်းနိုင်ရေးကို အဟန့်အတားပြုခြင်းပဲဖြစ်ပါတယ်” ဟုပြောသည်။
ထို့ပြင် လက်ရှိ နိုင်ငံရေးအကြပ်အတည်းများကို အကြမ်းဖက်နည်းလမ်းနဲ့ ဖြေရှင်းနေသည့် စစ်ကောင်စီ၏လုပ်ရပ်သည် ပြည်တွင်းစစ်မီးကို ဟုန်းဟုန်းတောက်လောင်စေနိုင်သည့် လုပ်ရပ်ဖြစ်သည်ဟု ဗိုလ်ချုပ်ကြီးယွက်စစ်က ဆိုသည်။
စစ်ကောင်စီ၏ ထိုသို့လုပ်ဆောင်မှုများကြောင့် မြန်မာနိုင်ငံသည် ကမ္ဘာ့အလယ်တွင် ဂုဏ်သိက္ခာညိုးနွမ်းပြီး မျက်နှာငယ်ရသည့်အဖြစ်သို့ ရောက်ရှိနေပြီသာမက အများရဲ့ဖယ်ကြဉ်ခြင်းကို ခံနေရသည်ဟု PPST ယာယီခေါင်းဆောင်က ဆိုသည်။
စစ်ကောင်စီအုပ်ချုပ်သည့်ကာလအတွင်း စစ်တပ်နှင့်ရဲများမှ အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်သည့်အတွက် အာဏာသိမ်းခြင်းကိုဆန့်ကျင်သည့် ပြည်သူလူထု ၈၀၀ ကျော်သေဆုံးကာ ၅၀၀၀ ကျော် ဥပဒေမဲ့ ဖမ်းဆီးခံခဲ့ရခြင်းကို ကြည့်မည်ဆိုပါက နိုင်ငံတကာနှင့် ပြည်တွင်းအဖွဲ့အစည်းများ၏ တောင်းဆိုချက်ဖြစ်သည့် အကြမ်းဖက်လုပ်ရပ်မှန်သမျှ ချက်ချင်းရပ်တန့်ပါဆိုသည့် ပြောဆိုမှုကို စစ်ကောင်စီက မထီမဲ့မြင် မျက်ကွယ်ပြုခြင်းဖြစ်သည်ဟု PPST ယာယီအဖွဲ့ခေါင်းဆောင်က ပြောသည်။
စစ်ကောင်စီအုပ်ချုပ်နေသည့်ကာလအတွင်း နိုင်ငံ၏ အခြေအနေနှင့်ပတ်သက်၍ ဗိုလ်ချုပ်ကြီးယွက်စစ်က “စစ်ကောင်စီ မတရားအုပ်ချုပ်တဲ့ကာလမှာ နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ ကူးသန်းရောင်းဝယ်ရေး၊ ဘဏ္ဍာရေး၊ ပညာရေး၊ လူမှုရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အခြားကဏ္ဍတွေမှာ အစစအရာရာ ပျက်ဆီးယိုယွင်းကျဆင်းနေတာဟာ စစ်ကောင်စီရဲ့ နည်းလမ်းမမှန်တဲ့ စီမံအုပ်ချုပ်ခြင်းကြောင့်ပဲဖြစ်ပါတယ်” ဟု ပြောသည်။
NCA အပစ်ရပ်အဖွဲ့များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အစည်းအဝေးကို မေလ ၂၇ ရက်မှ ၂၈ ရက်နေ့အထိ ၂ ရက်တာ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ထိုအစည်းအဝေးတွင် PPST ၏ လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များနှင့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးမည်ဟု သိရသည်။
NCA အပစ်ရပ်အဖွဲ့များမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS၊ ကရင်အမျိုးသားအစည်းအရုံး KNU၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF၊ ချင်းအမျိုးသားတပ်ဦး CNF၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNLA/PC၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချူပ် PNLO၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP၊ ကရင်အမျိုးသားဒီမိုရေစီအကျိုးပြုတပ်မတော် DKBA၊ မွန်ပြည်သစ်ပါတီ NMSP နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU တို့ ဖြစ်သည်။