ဒီမော့ဆိုဒေသခံများ စစ်ဘေးရှောင်နေရသည့်နေရာတွင် တစ်နှစ်အောက်ကလေးငယ်များ နာမကျန်းဖြစ်မှုများပြားနေပြီး ဆေးဝါးလိုအပ်နေ

ဒီမော့ဆိုဒေသခံများ စစ်ဘေးရှောင်နေရသည့်နေရာတွင် တစ်နှစ်အောက်ကလေးငယ်များ နာမကျန်းဖြစ်မှုများပြားနေပြီး ဆေးဝါးလိုအပ်နေ
by -
နော်ဒွေးအယ်ခူ (KT)

ကယားပြည်နယ်၊ ဒီမော့ဆိုမြို့နယ်တွင် ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF) နှင့် စစ်ကောင်စီ၏တပ်တို့ အပြန်အလှန်ပစ်ခတ်မှုကြောင့် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာနေပြည်သူများ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရပြီး ရှောင်တိမ်းသည့်နေရာတွင် တစ်နှစ်အောက်ကလေးငယ်များ နာမကျန်းအဖြစ်များနေသဖြင့် ဆေးဝါးလိုအပ်နေကြောင်း သိရသည်။

“အထူးသဖြင့်ပြောချင်တာက ကလေးတွ။ ကလေးငယ်တွေက ပန်းနာရင်ကြပ်တွေဖြစ်ကြတယ်။ အထက်လှန်အောက်လျှောတွေဖြစ်တယ်ဆိုတော့ ဓတ်ဆားတွေကအစပေါ့။ အဲဒါတွေ လုံလုံလောက်လောက်မရှိဘူးပေါ့နော်။ အဖျားတိုင်းတဲ့ တာမိုမီတာကအစ မရှိဘူး။ ကျွန်မတို့ကလည်း အလောတကြီးဆိုတော့ ဘာပစ္စည်းမှမပါဘူးလေ။ လောလောဆယ်တော့ ဒီဖက်မှာ ဘာမှမရှိဘူးလို့ ပြောရမှာပေါ့” စစ်ရှောင်နေရသည့်နေရာက ဒေသခံတစ်ဦးက ပြောသည်။

အလောတကြီးစစ်ဘေးရှောင်ခဲ့ရသည့်အတွက် လိုအပ်သည့်ဆေးဝါးမပါသလို၊ သောက်သုံးရေလည်း ရှားပါးနေခြင်းကြောင့် ဖျားနာခြင်း၊ ချောင်းဆိုးနှာစေးခြင်း၊ ရင်ကြပ်ခြင်း၊ အထက်လှန်အောက်လျှောနှင့် ဝမ်းပျက်၊ ဝမ်းလျှော စသည့်အရာများ ကြုံတွေ့နေရကြောင်း သိရသည်။

ကလေးငယ်များ နွေးနွေးထွေးထွေးမနေရသလို လိုအပ်သည့် ဆေးဝါးကုသမှုကိုလည်း မလုပ်နိုင်သေးဘဲ ရှိသည့်ဆေးဝါးဖြင့် အသုံးပြုနေရကြောင်း သိရသည်။

“ဆေးဝါးတွေက မရှိဘူး။ မရှိသလောက်ပဲပေါ့နော်။ အနီးအနားရွာမှာ သူတို့ဆောင်ထားတဲ့ဆေးတွေကိုပဲ မျှပြီးသုံးပေးတာပေါ့နော်။ အနာနဲ့ ဆေးနဲ့မကိုက်တာတွေရှိတယ်။ ကလေးငယ်တွေဖြစ်တဲ့အတွက် ကလေးငယ်အတွက် သီးသန့်သုံးရတဲ့ဆေးလိုတယ် အဲလိုတွေမရှိဘူးပေါ့။ လူကြီးတွေဟာထဲကနေပြီး ဥပမာ - ပါရာဆိုရင်လည်း အလုံးကိုခြမ်းပြီးတိုက်ရတယ်။ အဲလိုပေါ့နော်။ ဆေးတွေကတော့ မရှိသလောက်ပဲပေါ့နော်။ လောလောဆယ်” ဟု ၎င်းကဆက်ပြောသည်။

စစ်ဘေးရှောင်ပြည်သူများအနေဖြင့် နေရာထိုင်ခင်း၊ မိုးကာ၊ စောင်၊ ဖျာ၊ သောက်သုံးရေ၊ ဆေးဝါးလိုအပ်နေပြီး စားသောက်ရိက္ခာလည်း အလုံအလောက် ဖူလှုံမှုမရှိသေးသည့်အတွက် အလှူရှင်များလိုအပ်နေသေးကြောင်း သိရသည်။

“တိုက်ပွဲဖြစ်တော့ ဒီလိုပဲ တစ်ချို့က ထွက်ပြေးကြတော့ စားဖို့သောက်ဖို့လည်းမပါဘူး။ အိပ်ဖို့နေရာတော့ရှိတယ် မိုးကာတို့ အဲလိုမျိုးတွေခက်ခဲတာပေါ့နော်။ ခက်ခဲခါကျတော့ နေရာထိုင်ရတာ အဆင်မပြေဘူးပေါ့။ ပြီးတော့ တချို့ကလေးတွေဆိုရင်လည်း ဒီလိုစစ်ရှောင်ရင်း ဒုက္ခတွေ့နေတဲ့ကလေးတွေလည်း ရှိတယ်လေ သူတို့အတွက်လည်း ဆေးဝါးတွေလိုတယ်။ တော်တော်တော့ ဆိုးဝါးတာရှိတယ်ဗျ။ အခုဒီမှာက ဆေးကုသဖို့က အလုံအလောက်မရှိဘူး။ ပါရာဆို လေး၊ ငါးလုံး အဲ့လိုပဲရှိတယ် ဆေးဝါးတွေက တစ်ခုစီ အရက်ပျံတို့ တစ်ခုစီလောက်ပဲရှိတယ် အလုံလောက်မရှိဘူးပေါ့နော။ ခုဖြစ်နေတဲ့အခြေနေနဲ့ ဆေးဝါးနဲ့က မလုံလောက်ဘူးဖြစ်နေတယ်” ဟု စစ်ဘေးရှောင်အရေး လိုက်ပါကူညီဆောင်ရွက်ပေးသူတစ်ဦးက ပြောသည်။

အဆိုပါ စစ်ရှောင်သည့်နေရာတွင် ဒီမော့ဆိုမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၂ဝ ကျော်က ပြည်သူနှစ်ထောင်နီးပါးရှိပြီး သက်ကြီးရွယ်အိုနှင့် ၁ဝနှစ်အောက်ကလေး အများဆုံးဖြစ်သည့်အပြင် စစ်ဘေးရှောင်စခန်း တိကျစွာမရှိသေးသည့်အတွက် ကြုံရာနေရာတွင် စစ်ရှောင်နေကြရသည်။

ဒီမော့ဆိုမြို့၊ လွိုင်ကော်မြို့၊ ရှမ်း-ကယားနယ်စပ်၊ ရှမ်းပြည်နယ်တောင်ပိုင်းတွင် မေ ၂၁ ရက်မှစပြီး ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF) နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီဖက်က လက်နက်ကြီးတွေအသုံးပြုပြီး ပစ်ခတ်နေခြင်းကြောင့် ဘာသာရေးအဆောက်အအုံ၊ လူနေအိမ်အချို့ မီးလောင်ပျက်စီးခဲ့သလို စစ်ဘေးရှောင်သူဦးရေ ငါးသောင်းအထက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...