တနိုင်းတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို စစ်ကောင်စီတပ်များဖမ်းဆီး

တနိုင်းတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို စစ်ကောင်စီတပ်များဖမ်းဆီး

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်ရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို စစ်ကောင်စီတပ်များက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

 

ဖမ်းဆီးခံရသူမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းလင်းဦး ဖြစ်ပြီး မေ ၂၀ ရက် နေ့လည် ၁၂ နာရီအချိန်ခန့်က ၎င်း၏နေအိမ်၌ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

 

“အိမ်မှာနေနေတာကို ဖမ်းသွားတာပါ။ ရဲတွေလည်းပါတယ်။ စစ်သားတွေလည်းပါတယ်။ စစ်ကားက နှစ်စီး၊ ရဲကားက တစ်စီးနဲ့ လာဖမ်းသွားတာလို့ ပြောတယ်။ ဒီနေ့ နေ့လည် ၁၂ နာရီလောက်က ဒီ စစ်သားတွေ၊ ရဲတွေက အိမ်အထိလာပြီး ဖမ်းသွားတာပါ။ ဘာလို့ ဖမ်းသွားတယ်ဆိုတာတော့ မသိရသေးဘူး” ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

 

စစ်တပ်က အာဏာသိမ်းပြီးနောက် တနိုင်းမြို့နယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် နှစ်ဦး၊ တနိုင်းမြို့ နယ် NLD ဥက္ကဋ္ဌတို့ကိုလည်း လနှင့်ချီဖမ်းဆီးခဲ့ပြီးနောက် ဦးလင်းလင်းဦးမှာ ထပ်မံဖမ်းဆီးခံ ရခြင်း ဖြစ်သည်ဟု ဆိုသည်။

 

“တနိုင်းက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် နှစ်ဦးနဲ့ တနိုင်းမြို့နယ် NLD ဥက္ကဌ ကိုလည်း ဖမ်းတယ်။ သူတို့ ကို လနဲ့ချီပြီးဖမ်းထားတာဟုတ်တယ်။ သူတို့ကိုတော့ အခုက လွှတ်လိုက်ပြီလေနော်။ သူတို့တုန်းကတော့ စစ်တပ်မှာ လနဲ့ချီပြီး ထိန်းသိမ်းခဲ့တာဟုတ်တယ်။ အခု ဦးလင်းလင်းဦးကတော့ သူတို့လွှတ်ပြီးတော့ နောက်ထပ် ပြန်ဖမ်းခံရတာပေါ့” ဟု ၎င်းက ပြောသည်။

 

ဦးလင်းလင်းဦးသည် တနိုင်းမြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် ၂၀၁၀ ရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း အနိုင်မရရှိခဲ့ပေ။

သို့သော်  ၂၀၁၅ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကို ကိုယ်စားပြု၍ အဆိုပါနေရာတွင် ထပ်မံယှဉ်ပြိုင်ခဲ့ရာ အနိုင်ရရှိခဲ့ပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဖြစ်လာခဲ့သည်။

 

၂၀၂၀ ခုနှစ်၊ နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင်လည်း ဦးလင်းလင်းဦးသည် တနိုင်းမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာတွင် ထပ်မံဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာတွင်လည်း အနိုင်ရရှိခဲ့သည့် ကိုယ်စားလှယ်တစ်ဦးဖြစ်သည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...