မင်းတပ်တစ်မြို့လုံးနီးပါး စစ်ဘေးရှောင်နေရပြီး ကူညီထောက်ပံ့မှု လိုအပ်နေ

မင်းတပ်တစ်မြို့လုံးနီးပါး စစ်ဘေးရှောင်နေရပြီး ကူညီထောက်ပံ့မှု လိုအပ်နေ

စစ်အုပ်ချုပ်ရေး ကြေညာခံထားရသည့် ချင်းပြည်နယ် မင်းတပ်မြို့တွင် တိုက်ပွဲများ တကျော့ပြန် ပြင်းထန်လာမည်ကို စိုးရိမ်ကြသည့်အတွက် မင်းတပ်မြို့ပေါ်ရှိ ပြည်သူလူထုအားလုံးနီးပါးသည် ထွက်ပြေးတိမ်းရှောင်နေကြရပြီး ကူညီထောက်ပံ့မှုများ လိုအပ်လျက်ရှိကြောင်း သိရသည်။

 

“၁၅ ရက်နေ့မှာ မြို့လေးကို လက်နက်ကြီးနဲ့ အချက် ၆၀ ကျော် စစ်ကောင်စီက လှမ်းပစ်တယ်။ ရဟတ်ယာဉ်ပေါ်ကေနပစ်တယ်ဆိုတဲ့အခြေအနေက ဘယ်သူမှ ထိတ်မလန့်တဲ့သူမရှိတော့ဘူးလေ။ ဒါကြောင့် မင်းတပ်မြို့နဲ့ခပ်လှမ်းလှမ်းမှာ ချောင်းထဲမှာ၊ ချောက်ထဲမှာအဲ့လိုမျိုး ရှောင်ပြေးတာတွေများ သွားပြီ၊ မြို့ထဲမှာတော့ တချို့သက်ကြီးသူတွေ၊ ကလေးငယ်တွေပဲရှိတယ် မပြေးနိုင်တဲ့သူတွေ၊ မပြေးချင်တဲ့သူတွေ၊ မပြေးဖို့ ဆုံးဖြတ်တဲ့သူတွေ အဲ့လိုမျိုးသူတွွေပဲကျန်တော့တယ်၊ ကျန်တဲ့သူတော်တော်များကေတာ့ အကုန်လုံးကတော့ တောထဲ၊ ချောက်ထဲမှာ ပြေးဝင်ကြပြီဆိုတော့ မြို့ရဲ့ ၈၀/ ၉၀ ရာခိုင်နှုန်းလောက်က ပြေးတယ်" ဟု မင်းတပ်စစ်ဘေးရှောင် ကူညီရေးအဖွဲ့မှတာဝန်ရှိသူတစ်ဦးက ပြောသည်။

 

မင်းတပ်မြို့မှ ထွက်ပြေးလာကြသည့် စစ်ဘေးရှောင်ပြည်သူများ ပိုတိုးလာသည့်အတွက်ကြောင့် စစ်ဘေးရှောင်ပြည်သူ လူဦးရေ ၄၀၀-၅၀၀ ခန့်နေထိုင်နိုင်မည့်စခန်း (IDP Camp) (၄) ခုနှင့် အခြားကျေးရွာများတွင်လည်း (IDP Camp) (၁၀) ခုခ န့်ဖွင့်လှစ်ထားကာ လူဦးရေအားဖြင့် ၁၀၀၀၀ ဝန်းကျင်ရှိပြီး ၎င်းတို့အတွက် စားနပ်ရိက္ခာနှင့် အမိုးအကာများ အရေးပေါ်လိုအပ်နေကြောင်း ၎င်းက ဆက်လက်ပြောသည်။

 

ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် အာဏာသိမ်းစစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အကြား ဆွေးနွေးပွဲပျက်ပြယ်ကာ မေ ၁၂ ရက်မှစ၍ တကျော့ပြန် တိုက်ပွဲဖြစ်ပွားလာခဲ့ပြီး မေ ၁၃ ရက်တွင် အာဏာသိမ်းစစ်ကောင်စီက မင်းတပ်မြို့ကို စစ်အုပ်ချုပ်ရေးအဖြစ် ကြေညာခဲ့သည်။

 

သို့သော်လည်း မင်းတပ်မြို့တွင် စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အကြား တိုက်ပွဲဆက်လက်ဖြစ်ပွားကာ အာဏာသိမ်းစစ်ကောင်စီဘက်က စစ်အင်အားအလုံးအရင်းနှင့် လက်နက်ကြီးများ၊ စစ်ရဟတ်ယာဉ်များအသုံးပြုကာ အပြင်အထန်ပစ်ခတ်ခဲ့ခြင်းကြောင့် ပြည်သူများထိခိုက်နစ်နာမည်ကို စိုးရိမ်သည့်အတွက် မင်းတပ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က မေ ၁၅ ရက်တွင် နောက်ဆုတ်ပေးခဲ့သည်။

 

ထိုကဲ့သို့ နောက်ဆုတ်ပေးခဲ့သော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မင်းတပ်မြို့ပေါ်ရှိ နေအိမ်များ ဖျက်ဆီဝင်ရောက်ဖမ်းဆီးခြင်း၊ သေနတ်ပစ်ခတ်မှုများကြောင့် အိမ်ထဲပုန်းခိုနေသည့် အသက် ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦး၏ လည်ပင်းနား ကျည်ဆံထိမှန်ကာ ယခုလက်ရှိတွင် မန္တလေးသို့ ကုသမှုခံယူလျက်ရှိသည်။

 

ယခုလက်ရှိတွင် မင်းတပ်မြို့ကို အာဏာသိမ်းစစ်ကောင်စီ၏ ၂၇၄ တပ်ရင်းက ထိန်းချုပ်ထားပြီး မြို့ပေါ်တွင်နေထိုင်ခြင်းသည် လုံခြုံမှုမရှိတော့သည့်အပြင် တိုက်ပွဲများ ပြန်လည်ပြင်းထန်လာမည်ကို စိုးရိမ်ကြသည့်အတွက် မြို့ခံပြည်သူများအားလုံးနီးပါးသည် ဘေးလွှတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရခြင်းဖြစ်သည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...