ကယားတွင် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ CDM ဝန်ထမ်းတချို့ စားဝတ်နေရေးအခက်အခဲဖြစ်ပေါ်နေ

ကယားတွင် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ CDM ဝန်ထမ်းတချို့ စားဝတ်နေရေးအခက်အခဲဖြစ်ပေါ်နေ
by -
နော်ဒွေးအယ်ခူ (KT)

ကယားပြည်နယ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ CDM ဝန်ထမ်းများ စားဝတ်နေရေး အခက်အခဲဖြစ်ပေါ်နေကြောင်း CDM ပြုလုပ်သူတစ်ဦးက ပြောသည်။

 

“ချွေတာပြီးတော့ စားရတာပေါ့။ မိသားစုကလဲများတော့ အိမ်ကလည်း အမကိုပဲမှီခိုနေတာဆိုတော့ အရင်ကစုထားတာတွေနဲ့ပဲ ချွေတာပြီး စားနေရတယ်” ဟု အဆိုပါ CDM ဝန်ထမ်းတစ်ဦးက ပြောသည်။ 

 

ကယားပြည်နယ် ဆောက်လုပ်ရေးဝန်ကြီးဌာနအောက်ရှိ ကျေး/လက်လမ်းဦးစီးဌာနမှ CDM ဝန်ထမ်း ၁၇ ဦး၊ လမ်းဦးစီးဌာနမှ CDM ဝန်ထမ်း လေးဦး အလုပ်မှ ထုတ်ပယ်ခံထားရကြောင်း သိရသည်။ 

 

ဆောက်လုပ်ရေးဝန်ကြီးဌာနမှ CDM လုပ်နေသည့် ဝန်ထမ်းများ CDM လုပ်ပြီး နှစ်လအကျော်တွင် တာဝန်ကနေ ရပ်ဆိုင်းခံလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

 

ဆောက်လုပ်ရေးဝန်ကြီးဌာနတွင် သပိတ်အစောပိုင်းကာလတွင် CDM ပြုလုပ်သူများသော်လည်း စာရင်းမပေါက်သူများက Non-CDM ပြန်လုပ်သူရှိကြောင်း သိရသည်။

 

"အစပိုင်းကတော့ CDM တော်တော်များများလုပ်ပါတယ်။ နောက်ပိုင်းတော့ စာရင်းမပေါက်တာရယ်ကြောင့် အလုပ်ပြန်ဝင်တာတွေရှိတယ်။ စာရင်းပေါက်တဲ့လူကတော့ လုံးဝပြန်မဝင်ပါဘူး။ ကျန်တဲ့လူတွေကတော့ သူတို့ရဲ့အခြေအနေ သူတို့ရဲ့ခံယူချက်တွေကတော့ မသိရဘူး” ဟု ၎င်းကပြောသည်။ 

 

CDM ပြုလုပ်သည့်အတွက် လစာမရဘဲ ချွေတာစုဆောင်းစားရသလို နေထိုင်ရေးအတွက် ဆွေမျိုးထံနေထိုင်ရကြောင်း CDM ဝန်ထမ်းတစ်ဦးက ပြောသည်။ 

 

“လုံးဝအားမငယ်ပါနဲ့။ ကျွန်မတို့လည်းအားတင်းထားတယ်။ ကျွန်မတို့က တရားတဲ့ဖက်မှာရပ်တည်တဲ့အတွက် ဘာပဲဖြစ်နေနေ ကျွန်မတို့ နိုင်ကိုနိုင်ရမယ်ဆိုတဲ့ စိတ်ပဲထားရမယ်။ အလင်းရောင်ရမယ့်နေ့ကို ရောက်ရမယ်။ အခုဆိုရင် ကျွန်မတို့ဘဝတွေ အမှောင်ကျနေတယ်။ ကျွန်မတို့တွေည..ညဆို စိတ်ဆင်းရဲရတယ်။ မနက်မနက်ဆို စိတ်ဆင်းရဲပီးတော့နိုးထရတယ်။ ဒါပေမယ့် ကျွန်မတို့ ပန်းတိုင်ရောက်မယ့်တစ်နေ့ ရောင်နီလာမယ့်တစ်နေ့ ရောက်ကိုရောက်ရမယ်။ ကျွန်မ လုံးဝယုံကြည်တယ်” ဟု ၎င်းကပြောသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနအောက်ရှိ ဌာနအသီးသီး၏ CDM ဝန်ထမ်းစာရင်းကိုမူ မသိရှိရပေ။

 

CDM ပြုလုပ်နေသည့် ဝန်ထမ်းများအား အလုပ်ထုတ်ပယ်ခြင်းနှင့် တရားစွဲဆိုခြင်းများကို စစ်ကောင်စီအောက်ဆွဲ ဌာနအကြီးအကဲများက လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...