စစ်သား ၅၀ ခန့်ပါဝင်ပြီး လက်နက်၊ ရိက္ခာ သယ်ဆောင်လာသည့် စစ်သင်္ဘောတစ်စီး မေ ၁၆ ရက် နံနက် ၆ နာရီဝန်းကျင်ခန့်က ရွှေကူမြို့၊ဒုတိယမြစ်ကျဉ်းတွင် RPG နှင့်ပစ်ခတ်ခံရကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးထံမှ သိရသည်။
“ရွှေကူကနေ ထွက်သွားတာတော့ နှစ်စီး။ တစ်စီးက RPG နဲ့ ပစ်ခံရတယ်လို့ ကြားတယ်” ဟု ၎င်းကပြောသည်။
ယနေ့နံနက် ရွှေကူမှ မြလယ်နှင့် ပင်လုံအမည်ရှိ သင်္ဘောနှစ်စီးထွက်ခွာခဲ့ပြီး စစ်သား ၅၀ ဦး၊ လက်နက်၊ ခဲယမ်းပါဝင်သော ပင်လုံအမည်ရှိသင်္ဘောပစ်ခံရပြီး ကျန်တစ်စီး၏အခြေအနေ မသိရသေးကြောင်း ၎င်းက ဆက်လက်ပြောသည်။
"အသေအပျောက်တော့ မသိရသေးဘူး။ အဲ RPG နဲ့ ပစ်ခံရတော့ သင်္ဘောကနေလည်း ဒီဘက်ကို ပြန်လှမ်းပစ်တယ်ကြားတယ်” ဟု ၎င်းကပြောသည်။
ယခုရက်ပိုင်း ရွှေကူမြစ်ကြောင်းဘက်တွင် စစ်ကောင်စီသင်္ဘောများ မကြာခဏပစ်ခံနေရပြီး သင်္ဘောမျာအပြင် ရိက္ခာသယ်ယူသည့် ကားများလည်း ပစ်ခံခဲ့ရလေ့ရှိကြောင်း သိရသည်။