မွန်ပြည်နယ် မော်လမြိုင်မြို့တွင် သတ်မှတ်ထားသည့် ညမထွက်ရအမိန့်ကို ည ၁၀ နာရီမှ နံနက် ၄ နာရီအထိ ပြောင်းလဲသတ်မှတ်ထား သော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက နေ့စဉ် ၆ နာရီမှစ လုံခြုံရေးတင်းကြပ်ဆောင်ရွက်နေကြောင်း ဒေသခံများထံက သိရသည်။
ညမထွက်အမိန့် ၁၀ နာရီအထိ ပြောင်းလဲသတ်မှတ်ထားပေမဲ့ မော်လမြိုင်မြို့အနှံ အသွားအလာ ဒေသခံပြည်သူများကို ရဲတပ်ဖွဲ့အင်အားအများအပြားဖြစ် စစ်ဆေးဆောင်ရွက်မှုတွေရှိခြင်းကြောင့် ယခင်အတိုင်း ည ၈ နာရီမတိုင်မီ လမ်းသွားလမ်းလာ နည်းပါးလျက်ရှိသည်ဟု ဆိုသည်။
“ညမထွက်ရ အချိန်ပြောင်းထားတယ်လဲကြားတယ်။ ဒါပေမဲ့ သူတို့က ညနေလောက်ထဲကစပြီး လမ်းမှာသွားနေတဲ့သူတွေကို ဆိုင်ကယ်ဘောက်စစ်တာတွေ၊ ပါလာတဲ့အထုတ်တွေ၊ အိပ်တွေကို စစ်ဆေးတာတွေလုပ်နေတော့ ၈ နာရီ မတိုင်ခင်ထဲကိုက လမ်းသွား/လမ်းလာတွေက သိပ်မရှိတော့ဘူး။ နည်းနည်းပါးပါးပဲ သွားနေကြတာ” ဟု မော်လမြိုင်မြို့ ဒေသခံတစ်ဦးက ပြောသည်။
ယခင်က မော်လမြိုင်မြို့တွင် အကြမ်းဖက်စစ်ကောင်စီက သက်မှတ်ထားသည့် ညမထွက်ရအမိန့်ကို ည ၈ နာရီမှ နံနက် ၄ နာရီအထိဖြစ်ပြီး မေ ၁၂ ရက်မှစတင်ကာ ညမထွက်ရအမိန့်ကို ည ၁၀ နာရီမှ နံနက် ၄ နာရီအဖြစ် ပြောင်းလဲသတ်မှတ်လိုက်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
မြို့တွင်းသွားလာနေသည့် ဆိုင်ကယ်၊ ကားများကို စစ်ဆေးရှာဖွေမှုများကို မြို့ဝင်/မြို့ထွက်များအပြင် မြို့တွင်းနေရာတို့မှာ ရဲအင်အား အများအပြားဖြစ် စစ်ဆေးမှုများ ပိုမိုလုပ်ဆောင်လာကြောင်း ဒေသခံများက ဆိုသည်။
အဆိုပါ စစ်ဆေးဆောင်ရွက်မှုများကို မော်လမြိုင်မြို့ အသွား/အလာများသည့် ဈေးကြိုအဝိုင်းတွင် မီးပ္ပိုင်အနီးနေရာ၊ ဖက်ခင်းလမ်းအဝင်၊ မြို့ရှောင်လမ်းအစတို့နှင့် ဒိုင်းဝန်ကွင်း မီးပ္ပိုင်းအနီးတို့မှ နေစဉ် စစ်ဆေးမှုပြုလုပ်နေကြောင်း ဒေသခံများထံက သိရသည်။
မွန်ပြည်နယ် ညမထွက်ရအမိန့် ထုတ်ပြန်ထားသည့် ကာလအတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် ကျဆုံးခဲ့သူ ရှစ်ဦးအထိရှိပြီး ဖမ်းဆီးခံထားရသူ ၃၀၀ ကျော်ရှိကြောင်း သိရသည်။