တိုက်ပွဲများပြင်ထန်နေသည့် ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့တွင် အာဏာသိမ်းစစ်ကောင်စီက စစ်အင်အား ထပ်မံဖြည့်တင်းပြီး လက်နက်ကြီးများဖြင့် ယနေ့နက်ပိုင်းက ၁၅ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ကြောင်း သိရသည်။
အာဏာသိမ်းစစ်ကောင်စီက မင်းတပ်မြို့ရှိ ၂၇၄ တပ်ရင်းအတွင်းသို့ ရဟတ်ယာဉ် (၆) စီးဖြင့် စစ်ကူများ၊ လက်နက်များအား ယနေ့နံနက်ပိုင်းက လာရောက်ချပေးခဲ့ပြီး မင်းတပ်မြို့ထဲသို့ လက်နက်ကြီး ၁၅ ထက်မနည်း ပစ်ခတ်ခဲ့သည်ဟု မင်းတပ်မြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
မင်းတပ်ဒေသခံတစ်ဦးက “လက်နက်ကြီးတွေနဲ့ မင်းတပ်မြို့ထဲကို ထုနေတယ် မြို့ထဲက စေတီအောက်နဲ့ အ.ထ.က (၃) ကျောင်းနားတွေမှာ လက်နက်ကြီးကျလာတယ်၊ အိမ်ထဲမှာပဲပုန်းနေကြတယ်" ဟု ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့သည် မင်းတပ်မြို့ရှိ အနောက်နတလကျောင်းတွင်လည်း နေရာယူထားကြပြီး လေးမိုင်ဘုန်းကြီးကျောင်းဖက်သို့လည်း တက်သွားကြသည်ဟု ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
မင်းတပ်မြို့တွင် အာဏာသိမ်းစစ်ကောင်စီနှင့် မင်းတပ်မြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အကြား ပစ်ခတ်ရပ်စဲမှုပျက်ပြယ်ခဲ့ပြီးနောက် မေ ၁၂ ရက်ညပိုင်းမှစ၍ တကျော့ပြန် တိုက်ပွဲဖြစ်ပွားကာ အာဏာသိမ်းစစ်ကောင်စီဘက်က စစ်အင်အားအလုံးအရင်းနှင့် လက်နက်ကြီးများ၊ စစ်ရဟတ်ယာဉ်များအသုံးပြုကာ အပြင်းအထန် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
“သူတို့က တောက်လျှောက် လက်နက်ကြီးတွေနဲ့ စစ်ဆင်မှုတွေလုပ်နေတယ် ပြည်သူလူထု ထိခိုက်မှုရှိလာမှာကို စိုးရိမ်ရတယ်။ ဒီထက်ပြင်းထန်တဲ့ တိုက်ပွဲအနေအထားတွေဖြစ်လာနိုင်တယ်" မင်းတပ်မြို့ခံတစ်ဦးက ပြောသည်။
Published
Saturday, May 15, 2021
အာဏာသိမ်းစစ်ကောင်စီက စစ်အင်အားဖြည့်တင်းပြီး မင်းတပ်မြို့ကို လက်နက်ကြီးနှင့် ဆက်လက်ပစ်ခတ်