ပြည်တွင်းရွှေဈေး ၁၆ သိန်းကျော်အထိ စံချိန်တင်မြင့်တက်

ပြည်တွင်းရွှေဈေး ၁၆ သိန်းကျော်အထိ စံချိန်တင်မြင့်တက်
by -
စိုင်းထွန်းစံ (MNA)

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာမသိမ်းခင်က မြန်မာ့ရွှေစျေး ၁၃ သိန်း ငါးသောင်းဝန်းကျင်ရှိခဲ့ရာမှ လက်ရှိ ပြည်တွင်းရွှေဈေးနှုန်း စံချိန်တင်မြင့်တက်ခဲ့ရာ မော်လမြိုင်မြို့တွင် ယနေ့ရွှေစျေးနှုန်း ၁၆ သိန်းကျော်အထိ စျေးမြင့်တက်လာကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။

ရွှေရောင်းဝယ်သူတစ်ဦး “ရွှေဈေးက အချိန်နဲ့အမျှကို ပြောင်းလဲနေတယ်၊ ဒီနေ့ရွှေဈေးဆိုရင်လည်း တစ်ခါမှ မကြုံဖူးသေးတဲ့ဈေးပေါ့နော်၊ လူတွေက ဘဏ်တွေကို မယုံကြည်တာရယ် ငွေကြေးကို စိုးရိမ်တာတွေကြောင့် ရွှေက အတက်ဘက်ကို သိသိသာသာကြီးသွားနေတယ်၊ ရွှေဈေးက ၁၆ သိန်းတစ်သောင်းအထိ ဈေးရှိပေမယ့် အရောင်းအဝယ်မရှိသလောက်ပါ” ဟု ပြောသည်။

ထို့အပြင် ဘဏ်ဖြင့်ချိတ်ဆက်၍ အရောင်းအဝယ်ပြုလုပ်ရန် မလွယ်ကူသောကြောင့် ရွှေဆိုင်အများစုသည် လက်ငင်းငွေချေစနစ်ဖြင့်သာ အရောင်းအဝယ်ပြုလုပ်ရကြောင်း ရွှေရောင်းဝယ်သူက ဆက်ပြောသည်။

“ဘဏ်တွေပြိုလဲတော့မှာလား ဆိုတဲ့ကောလာဟလသတင်းတွေကလည်း ကျမတို့လူထုအကြားမှာ စိုးရိမ်မှုတွေရှိနေတယ်၊ စုထားတဲ့ရွှေတွေကိုလည်း မရောင်းချင်၊ လက်ထဲမှာလည်း ငွေကဖော်ဖော်သီသီမရှိကြ အလုပ်တွေ ကောင်းကောင်းမလည်ပတ်သေးပေမယ့် ကုန်ဈေးနှုန်းတွေကတော့ တက်နေတာပဲ” ဟု မော်လမြိုင်မြို့မှ အိမ်ရှင်မတစ်ဦးက ဆိုသည်။

လက်ရှိတွင် Mobile Banking ကောင်းမွန်စွာအသုံးမပြုနိုင်ခြင်း၊ ငွေလွှဲငွေထုတ်ပုံမှန်မဖြစ်သေးခြင်း၊ ငွေထုတ်ယူသူဦးရေနှင့် ငွေသားအရေအတွက် ကန့်သတ်ထားခြင်းကြောင့် ဘဏ်များအပေါ် ပြည်သူအများ ယုံကြည်မှုကျဆင်းလာခြင်းကြောင့် ငွေသားစက္ကူဖြင့်သာ အရောင်းအဝယ် ပိုမိုပြုလုပ်လာကြသည်ကို တွေ့ရှိရသည်။

ပြည်တွင်းဈေးကွက်အတွင်း နိုင်ငံခြားငွေလဲလှယ်မှုနှုန်းထားတွင် ၁ ယူရို ၁၈၈၁ ကျပ်၊ အမေရိကန် ၁ ဒေါ်လာ ၁၅၅၇ ကျပ်၊ ထိုင်း ၁ ဘတ် ၅၀ ကျပ်၊ တရုတ် ၁ ယွမ် ၂၄၃ ကျပ်၊ ဂျပန် ၁ ယန်း ၁၄.၃၂ ကျပ်ဖြစ်ပြီး ကမ္ဘာ့ရွှေဈေး တစ်အောင်စလျှင် ဒေါ်လာ ၁၈၄၀ ဝန်းကျင်အထိ ဈေးနှုန်းပေါက်နေသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...