ရခိုင်မှ တက္ကသိုလ်ကျောင်းသားသုံးဦးကို စွဲဆိုထားသောအမှုများထဲမှ ငြိမ်းစုစီဥပဒေပုဒ်မ မေ ၆ ရက် ရုံးထုတ်ရာတွင် ဒဏ်ငွေ ၂၀၀၀၀ ကျပ် ကျခံစေပြီး အမှုအားရုပ်သိမ်းလိုက်ကြောင်း စစ်တွေတက္ကသိုလ် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ကိုတိုးတိုးအောင်က ပြောသည်။
“ငြိမ်းစုစီပုဒ်မက ပြီးသွားပြီ။ ဒဏ်ငွေ နှစ်သောင်းပေးခဲ့ရတယ်။ အဲဒီအမှုတော့ ပြီးပြီ နောက်သဘာဝဘေးနဲ့ ပုဒ်မ ၅၀၅ အမှု နှစ်မှုကျန်သေးတယ်” ဟု ၎င်းကပြောသည်။
ယင်းကျောင်းသားသုံးဦးမှာ ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ကိုတိုးတိုးအောင်၊ ကိုကျော်နိုင်ဌေးနှင့် ကိုဦးသန်းနိုင်တို့ဖြစပြီး ၄င်းတို့သည် ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလအတွင်းက ရခိုင်ပြည်နယ်အစိုးရရုံးရှေ့တွင် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်၍ ဆန္ဒထုတ်ဖော်မှုကြောင့် ငြိမ်းစုစီပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုခံခဲ့ရခြင်းဖြစ်သည်။
ကျောင်းသားများဖက်မှ ခွင့်ပြုချက်မရဘဲ အစိုးရအဖွဲ့ရုံးတွင် ဆန္ဒထုတ်ဖော်ခဲ့သည်မှာ မှန်ကန်ကြောင်း ဝန်ခံသည့်အတွက် ဒဏ်ငွေ ၂၀၀၀၀ ကျပ် ချမှတ်ခြင်းဖြစ်သည်ဟု အမှုအား လိုက်ပါဆောင်ရွက်ပေးနေသူ တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွန့်မောင်က ပြောသည်။
“သူတို့ အစိုးရအဖွဲ့ရုံးရှေ့မှာ ဆန္ဒပြခဲ့တာကို သူတို့က ဝန်ခံတယ်။ ခွင့်ပြုချက်မရဘဲ ဆန္ဒပြတာ မှန်ကန်တယ်လို့ ဝန်ခံတဲ့အတွက် တရားရုံးကနေပြီးတော့ ဒဏ်ငွေ ၂၀၀၀၀ စီချတယ်။ ပထမဆုံးစွဲတဲ့ ငြိမ်းစုစီအမှုကတော့ ပြီးသွားပြီ” ဟုပြောသည်။
သို့သော်လည်း ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့ နေ့လယ်ပိုင်းက စစ်တွေမြို့ပေါ်တွင် ပြည်သူများနှင့်အတူ လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့မှုကြောင့် တရားစွဲဆိုခံထားရသည့် နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၉ တို့ကိုမူ ဆက်လက်ရင်ဆိုင်ကြရအုံးမည်ဖြစ်ကြောင်း ၎င်းကပြောကြားသည်။
၎င်းတို့ကို စစ်တွေမြို့နယ် ရဲစခန်းမှ ရဲမှူးဇော်နိုင်က တရားလိုလုပ်၍ တရားစွဲဆိုထားခြင်းဖြစ်ပြီး ကျန်အမှုအားစစ်ဆေးရန် လာမည့် မေလ ၁၇ ရက်နေ့ကို ထပ်မံရုံးချိန်းလိုက်ကြောင်း သိရသည်။