ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ် မြို့သစ် စလောင်းကုန်းဘက်ကို အာဏာသိမ်းစစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် မြို့သစ်ဒေသခံသုံးဦး သေဆုံးသွားပြီး ငါးဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိထားကြောင်း သိရသည်။
ယနေ့ (မတ် ၃ ရက်) နံနက် ၈ နာရီကျော်ခန့်ကစတင်ပြီး အာဏာသိမ်းစစ်တပ်ဘက်က စစ်လေယာဉ်နှင့်အတူ လက်နက်ကြီးများဖြင့် KIA ရှိသော စလောင်းကုန်းဘက်ကိုပစ်ခတ်ရာ ကျေးရွာဘုန်းကြီးကျောင်းတွင် လက်နက်ကြီးကျသဖြင့် ဆရာတော်တစ်ပါးအပါအဝင် ပြည်သူတချို့ ကျည်စထိမှန်သွားကြောင်း ဒေသခံတစ်ဦး ယခုလိုပြောသည်။
"လက်နက်ကြီးက ဘုန်းကြီးကျောင်းမှာ သွားကျတယ်ထင်တယ်။ အဲ့မှာရှိတဲ့ ဆရာတော်တစ်ပါးကိုလည်း ထိသွားတယ်တဲ့။ နောက်တစ်ဦးလည်း ထိတယ်။ လူနာတင်ကား ၂ စီးဆင်းလာတာတွေ့လိုက်တယ်။ မြို့သစ်ဆရာဝန်ပြောဆိုတာလည်း တော်တော်စိုးရိမ်ရတဲ့ခြေနေဖြစ်တယ်" ဟု ပြောဆိုသည်။
ယနေ့နံနက်ပိုင်းတွင် အာဏာသိမ်းစစ်တပ်က KIA ကို သွားရောက်ပစ်ခတ်သော စစ်လေယာဉ် ၂ စီးအနက် တစ်စီးကို KIA က ပစ်ချလိုက်ကြောင်း သိရသည်။
အာဏာသိမ်းစစ်တပ်သည် KIA သိမ်းပိုက်ထားသော အလော့ဘွမ်အပါအဝင် တောင်ခြေရှိ တပ်စခန်းများကို မြေပြင်စစ်အင်အားဖြင့် ထိုးစစ်ဆင်ခဲ့သော်လည်း အရေးနှိမ့်ခဲ့သဖြင့် လေကြောင်းဖြင့်သာ တိုက်ခိုက်နေသည်မှာ ၁ ပတ်ကျော်လာပြီဖြစ်သည်။
ယခုလို စစ်တပ်၏ လက်နက်ကြီးနှင့် စစ်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုတို့ကြောင့် ဒေသခံအိမ်ခြေ ၅၀ ကျော်ပျက်စီးခဲ့ရပြီး စစ်ပြေးဒုက္ခသည် ငါးထောင်ခန့် မိုးမောက်နှင့် ဗန်းမော်မြို့တို့တွင် ထွက်ပြေးခိုလှုံနေရသည်။
Published
Tuesday, May 04, 2021
မိုးမောက်မြို့နယ် မြို့သစ်တွင် အာဏာသိမ်းစစ်တပ်က လက်နက်ကြီးများဖြင့်ပစ်ခတ်မှုကြောင့် ဒေသခံများ ထိခိုက်သေဆုံးမှုရှိနေ