ဖားကန့်သပိတ်စစ်ကြောင်းမှ ဖမ်းဆီးခံရသူများ လွတ်မြောက်ခြင်းမရှိသေး

ဖားကန့်သပိတ်စစ်ကြောင်းမှ ဖမ်းဆီးခံရသူများ လွတ်မြောက်ခြင်းမရှိသေး
by -
ခေါင်ညွယ် (KNG)

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် မေ ၂ ရက် တစ်ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေးသပိတ် ပြုလုပ်ခဲ့စဉ် ဖမ်းဆီးခံရသည့်လူငယ်များကို ရဲစခန်းတွင် ထိန်းသိမ်းထားပြီး လွှတ်ပေးခြင်းမရှိသေးကြောင်း သိရသည်။

 

အဆိုပါနေ့တစ်ရက်တည်းပင် လုံးခင်းသပိတ်စစ်ကြောင်းမှ ၁၂ ယောက်၊ မော်ဝမ်းသပိတ်မှ ခြောက်ယောက် ဖမ်းဆီးခံရပြီး အဆိုပါ ၁၈ ဦးကို ဖားကန့်မြို့နယ်ရဲစခန်းတွင် ထိန်းသိမ်းထားသည်ဟု ဆန္ဒပြပွဲလူငယ်ခေါင်းဆောင်တစ်ဦးထံမှ သိရသည်။

 

"တစ်ယောက်မှ ခံဝန်ချက်နဲ့တော့ မရသေးဘူး။ နောက်ပြီး သူတို့ဘက်က ပုဒ်တပ်တာတွေတော့ မရှိသေးဘူး။ ရဲစခန်းမှာဘဲ ထိန်းသိမ်းထားသေးတယ်။ ကျနော်တို့ဘက်ကလည်း ခံဝန်ချက်နဲ့ရအောင်တော့ လုပ်နေတယ်" ဟု ၎င်းကပြောသည်။

 

လက်ရှိ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ၁၈ ဦးတွင် အမျိုးသမီးပိုများပြီး ၁၈ နှစ်မပြည့်သေး ကလေးများပင်ပါဝင်နေကြောင်း သိရသည်။

 

ဖားကန့်တွင် မေ ၂ ရက်က လုံးခင်းသပိတ်နှင့် မှော်ဝမ်းသပိတ်ဆုံစည်းရန် သပိတ်စစ်ကြောင်းလူစုနေစဉ် ရဲနှင့်စစ်သားများက အကြမ်းဖက်ဖြိုခွဲကာ ဖမ်းဆီးသွားခြင်းဖြစ်သည်။

 

ထိုသို့ ရဲနှင့်စစ်သားက အကြမ်းဖက်ဖြိုခွဲပစ်ခတ်မှုကြောင့် အသက် ၃၃ အရွယ်ရှိ ကိုဝေဖြိုးကျဆုံးသွားခဲ့ပြီး ဒဏ်ရာရရှိသူ ငါးဦးထက်မနည်းရှိခဲ့သည်။

 

ဖားကန့်တွင် ဧပြီလလယ်ခန့်က ရဲစခန်းနှင့် စစ်တပ်ကုန်းအချို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က တိုက်ခိုက်ဖျက်စီးလိုက်ပြီးနောက်ပိုင်း ဆန္ဒပြလူထုကို ပစ်ခတ်ဖြိုခွင်းမှုများ မရှိသလောက်ဖြစ်ခဲ့ရာမှ မေ ၂ ရက်နတွင် ထပ်မံပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...