ဂွမြို့တွင်ဖမ်းဆီးခံထားရသူ ဦးရဲခေါင်ညွှန့်အပါအဝင် လေးဦးအမှုကို မေ ၆ ရက်တွင် ဆက်လက်ရုံးထုတ်မည်

ဂွမြို့တွင်ဖမ်းဆီးခံထားရသူ ဦးရဲခေါင်ညွှန့်အပါအဝင် လေးဦးအမှုကို မေ ၆ ရက်တွင် ဆက်လက်ရုံးထုတ်မည်
by -
ထွန်းခိုင် (နိရဥ္စရာ)

အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြ၍ ဖမ်းဆီးခံရသူ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ NLD ဂွမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးရဲခေါင်ညွန့်အပါအဝင် လေးဦး၏အမှုကို လာမည့် မေ ၆ ရက်တွင် ဆက်လက်ရုံးထုတ်စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

ယမန်နေ့ရုံးချိန်း၌ တရားလိုပြသက်သေများအား စစ်ဆေးခဲ့ကြောင်း ၎င်းတို့၏အမှုအား လိုက်ပါဆောင်ရွက်ပေးနေသူ ရှေ့နေ ဒေါ်နွဲ့နွဲ့ငြိမ့်က ပြောသည်။

“ကိုရဲခေါင်ညွန့်နဲ့ ဦးလူနီတို့အမှုနဲ့ပတ်သက်ပြီးတော့ ကျမ သက်သေနှစ်ယောက်စစ်ဖြစ်တယ်။ ဘေးစီမံမှာလည်း သက်သေနှစ်ယောက်စစ်ဖြစ်တယ်။ ၅၀၅ မှာလည်း သက်သေနှစ်ယောက်ကိုစစ်ဖြစ်တယ်။ ကိုနိုင်လင်းအမှုမှာတော့ သက်သေတစ်ယောက်စစ်ဖြစ်တယ်။ ကိုအောင်စိုးမင်းအမှုမှာလည်း သက်သေနှစ်ယောက်စီစစ်ဖြစ်တယ်” ဟု ၎င်းကပြောသည်။

အဆိုပါအမှုများအား စစ်ဆေးမေးမြန်းမှုနှင့်ပတ်သက်၍ ကျေနပ်အားရမှုရှိကြောင်း ရှေ့နေ ဒေါ်နွဲ့နွဲ့ငြိမ့်က ပြောသည်။

ဖမ်းဆီးခံထားရသူလေးဦးမှာ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ NLD ဂွမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲခေါင်ညွန့်၊ ရွာမရပ်ကွက်မှ အုပ်ချုပ်ရေးမှူးဟောင်း ဦးလူနီ၊ မြို့မရပ်ကွက်မှ ဦးအောင်စိုးမင်းနှင့် ဂွမြို့နယ်မှ ကိုနိုင်လင်းတို့ဖြစ်ကြသည်။

၄င်းတို့ထဲမှ ကိုနိုင်လင်းအား ၅၀၅ (က)၊ ဦးရဲခေါင်ညွန့်အား ၅၀၅ (ခ) နှင့် အားပေးကူညီမှု ပုဒ်မ ၁၁၄၊ ဦးလူနီအား ၅၀၅ (ခ) နှင့် အားပေးကူညီမှု ပုဒ်မ ၁၁၄၊ ကိုအောင်စိုးမင်းအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ နှင့် ငြိမ်းစုစီ ပုဒ်မ- ၁၉ တို့ဖြင့် တရားစွဲဆိုထားကြောင်း ရှေ့နေ ဒေါ်နွဲ့နွဲ့ငြိမ့်ကပြောသည်။

ဖမ်းဆီးခံရသူများအား လာမည့် မေ ၆ ရက် ရုံးချိန်းတွင် အမိန့်တစ်ခုအားချမှတ်နိုင်ရန် မျှော်လင့်ထားသည်ဟု ကိုအောင်စိုးမင်း၏ဇနီးဖြစ်သူ မနှင်းယုခိုင်ကပြောသည်။

“မနေ့ကရုံးချိန်းမှာတော့ တရားလိုသက်သေတွေကို စစ်တယ်။ ကျမအနေနဲ့တော့ အမြန်ဆုံးလွတ်စေချင်တာပေါ့။ လာမယ့်ရုံးချိန်းမှာတော့ သက်သေတွေကိုစစ်ဆေးပြီးရင် အမိန့်တစ်ခုချမယ်လို့ထင်တယ်” ဟု မနှင်းယုခိုင်ကပြောသည်။

၄င်းတို့သည် ဖေဖော်ဝါရီလအတွင်းက အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြမှုကြောင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...