ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် စက်သုံးဆီကို အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါမြို့တွင် ယခင်နေ့များက စက်သုံးဆီကို လိုသလောက်ဝယ်ယူနိုင်သော်လည်း ယနေ့ (ဧပြီ ၃၀ ရက်) တွင် အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေကြောင်း ဒေသခံများကပြောသည်။
“မနေ့ကတော့ တစ်ဦးကို တစ်သောင်းဖိုးဝယ်လို့ရတယ်။ ဒီနေ့ကျတော့ ဆိုင်ကယ်တစ်စီးကို နှစ်ထောင်ဖိုးဘဲ ရောင်းပေးတော့တယ်။ မနေ့ကလို ၁ သောင်းဖိုးလိုချင်ရင်တောင် မရတော့ဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။
ယင်းသို့ဖြစ်ရခြင်းမှာ အကြမ်းဖက်စစ်အုပ်စုက ဧပြီ ၂၈ ရက်နေ့မှစ၍ ဖားကန့်မြို့သို့ စက်သုံးဆီ အဝင်ပိတ်လိုက်သည့်အတွက် ဖားကန့်နေပြည်သူများ ယမန်နေ့မှစကာ စက်သုံးဆီ အလုအယက်ဝယ်ယူရသည့်အဆင့်ထိ ရောက်ရှိလာခြင်းကြောင့်ဖြစ်သည်ဟု ဆိုသည်။
ယခင် ဖားကန့်စက်သုံးဆီဈေးသည် တစ်ခါလံမှ ၄၅၀၀ သာရှိသော်လည်း ယမန်နေ့မှစကာ တစ်လီတာ ၃၇၈၀ ကျပ် တစ်ဂါလံ ၉၀၀၀ ထိရှိခဲ့ကာ ယနေ့ဆီဈေး တစ်ဂါလံ ၁၅၀၀၀ ကျပ်ထိ မြင့်တက်လာကြောင်း သိရသည်။
ထို့ပြင် ဒေသခံများသည် စက်သုံးဆီဈေးမြင့်တက်လာသကဲ့သို့ ကုန်ဈေးနူန်းများ မြင့်တက်လာမည်ကိုလည်း စိုးရိမ်နေကြရသည်။