ရွှေကူမြို့နယ်တွင် CDM ပညာရေးဝန်ထမ်းများကို ရုံးပြန်တက်ရန် မြို့နယ်ပညာရေးမှူးကိုယ်တိုင် ဖိအားပေးခြိမ်းခြောက်နေ

ရွှေကူမြို့နယ်တွင် CDM ပညာရေးဝန်ထမ်းများကို ရုံးပြန်တက်ရန် မြို့နယ်ပညာရေးမှူးကိုယ်တိုင် ဖိအားပေးခြိမ်းခြောက်နေ
by -
ခေါင်ညွယ် (KNG)

ဗန်းမော်ခရိုင် ရွှေကူမြို့နယ်တွင် လူထုအာဏာဖီဆန်မှု CDM ပြုလုပ်သော ပညာရေးဝန်ထမ်းများကို မြို့နယ်ပညာရေးမှူးက ဖိအားပေးခြိမ်းခြောက်ကာ ဝန်ခံကတိလက်မှတ်ထိုးခြင်းဖြင့် ရုံးတက်ရန်စေခိုင်းနေကြောင်း သိရသည်။

 

စစ်အာဏာသိမ်းပြီးနောက်ပိုင်း အဆိုပါလုပ်ရပ်ကိုဆန့်ကျင်သည့် ပညာရေးဝန်ထမ်း ၄၀၀ ကျော်က CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့သော်လည်း မြို့နယ်ပညာရေးမှူး ဦးအောင်ဆွေ၏ ခြိမ်းခြောက်ဖိအားပေးမှုကြောင့် CDM ပြုလုပ်သည့် ဆရာ/မ ၁၀၀ ကျော်ခန့်သာ ကျန်ရှိတော့ကြောင်း လက်ရှိချိန်ထိ CDM ပြုလုပ်နေသော ဆရာမတစ်ဦးက ကချင်သတင်းဌာန KNG ကို ပြောဆိုခဲ့သည်။

 

"ပညာရေးနဲ့ပတ်သက်ပြီး CDM ပြုလုပ်တဲ့ ဝန်ထမ်းတွေ ၄၀၀ ကျော်လောက်ရှိထားတယ်။ အခုက ပညာရေးမှူးက ချော့လိုက် ခြိမ်းခြောက်လိုက် ရာထူးတိုးတဲ့စာတွေနဲ့ မျှားခေါ်လိုက်နဲ့ လုပ်နေတယ်။ နောက်ဆုံး အိမ်အထိသွားပြီး ဖိအားလိုက်ပေးနေပြီ။ ဆရာမတို့ဝန်ထမ်းတွေက အလုပ်ပြုတ်ရင်ပြုတ်သွားပါစေ။ ဒါပေမယ့် ဖမ်းဝရမ်းထုတ်ပြီး ထောင်ထဲပို့မှာက ကြောက်တယ်။ အခုပိုဆိုးတာက တစ်အိမ်တက်တစ်အိမ်ဆင်းပြီး CDM မပြုလုပ်ကြောင်း လက်မှတ်လာထိုး။ မထိုးဘူးဆိုရင် ရဲနဲ့စစ်သားတွေကိုခေါ်ပြီး ဖမ်းဝရမ်းထုတ်မယ်လို့ ဆရာမတွေကို သူကိုယ်တိုင်ပြောနေတယ်" ဟု ၎င်းကပြောသည်။

 

ပညာရေးဝန်ထမ်းထက်ဝက်ခန့်က CDM မပြုလုပ်ကြောင်း ပညရေးမှူး ဦးအောင်ဆွေက စစ်ကောင်စီကို တင်ပြထားသဖြင့် အဆိုပါအရေအတွက် မပြည့်မချင်း ဆွဲခေါ်နေသောလုပ်ရပ်ဖြစ်သည်ဟု သူကဆက်ဆိုသည်။

 

မြို့နယ်ပညာရေးမှူး ဦးအောင်ဆွေက ဖမ်းဝရမ်းထုတ်ခိုင်းမည်ဟုဆိုကာ ခြိမ်းခြောက်မူကြောင့် CDM ပြုလုပ်သော အများစုက လုပ်ငန်းခွင်သို့ ပြန်ဝင်ရန် စီစဉ်နေသည်ဟု သိရသည်။

 

အာဏာသိမ်းစစ်တပ်က ယခုနှစ်ပညာရေးကျောင်းကို ပြန်ဖွင့်တော့မည်ဟု ပြောဆိုထားသော်လည်း ကျောင်းသားနှင့် မိဘများကမူ လူသတ်သမားများသင်ပေးသော ပညာရေးစနစ်ကို မလိုလားကြောင်း ဆန္ဒဖော်ထုတ်မှုများ ရှိနေသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...