ကယားပြည်နယ်၊ ဒီမော့ဆိုမြို့နယ် ၆ မိုင်စံပြကျေးရွာတွင် ဒီကနေ့ ဧပြီလ ၂၇ ရက်နေ့ နေ့လည်ပိုင်းမှာ စစ်တပ်နှင့်ရဲများက ကျည်အစစ်နှင့် ပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
သေဆုံးသူအမျိုးသားမှာ ၆ မိုင်၊ ကယောပိုင်းတွင်နေထိုင်သည့် အသက် ၅၀ ဝန်းကျင်ရှိ ဦးပေါလူဖြစ်ကြောင်း သိရသည်။
"စစ်တပ်က ရွာထဲကဂိတ်တွေလိုက်ဖျက်တဲ့အချိန် ၆ မိုင်နားရောက်တော့ ရွာထဲကလူတွေကတော့ သူတို့အိမ်ရှေ့ကနေ ရပ်ကြည့်ကြတယ်။ လူကြီးတချို့ကတော့ စကားပြောတာတွေ့တယ် အဆင်မပြေဘူးထင်တယ် သူတို့လှည့်ပြန်သွားတယ်။ ရဲ ၄၊ ၅ယောက်က လမ်းပေါ် သေနတ်ကိုင်ပြီး တက်လာတယ်တွေ့တယ် အဲ့မှာ သေနတ်နဲ့စပစ်တော့တာပဲ။ ကျတော်တို့လည်း ထွက်ပြေးရတယ်။ ကျည်ဆံထိတဲ့သူ ၂ ယောက်ရှိတယ်လို့ကြားတယ်။ တစ်ယောက်က ခေါင်းနားရှပ်ထိသွားတော့ ဘာမှမဖြစ်ဘူးလို့ပြောတယ်။ နောက်တစ်ယောက်ကတော့ ဗိုက်မှာ ၆ ချက်လောက်ထိသွားတယ်။ ရာဘာကျည်ထိတာတော့ ၄ ယောက်လောက်ရှိတယ်" ဟု ဒေသခံတစ်ဦးက အတည်ပြုပြောကြားသည်။
မနက်ပိုင်းတွင် ဒီမော့ဆိုမြို့နယ်အတွင်း၊ ငွေတောင်ကျေးရွာအုပ်စု၊ ဆည်မြောင်း၊ ၆ မိုင်စံပြ စသည့်နေရာက ပြည်သူ့လုံခြုံရေးအတားအဆီးများကို စစ်တပ်နှင့်ရဲ အင်အားအများအပြားက ဖြိုဖျက်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ပြုလုပ်ခဲ့သည့် ဒီမော့ဆိုမြို့နယ် စစ်အာဏာရှင်စနစ်ဆန့်ကျင်သည့် သပိတ်များကို စစ်တပ်နှင့်ရဲ လာရောက်ဖြိုခွင်းမှုမရှိသော်လည်း ယနေ့မှစ မြို့/ကျေးရွာ အဝင်/အထွက်က ပြည်သူ့လုံခြုံရေးအတားအဆီးများကို စတင်ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။
ဖေဖော်ဝါရီ ၁ ရက် စစ်တပ်ကအာဏာသိမ်းပြီးသည့်နောက် စစ်အာဏာရှင်စနစ်ဆန်ကျင်ကန့်ကွက်သည့် သပိတ်ကို လက်ရှိအချိန်ထိ ပြုလုပ်လျက်ရှိပြီး စစ်တပ်မှ ပြည်သူလူထုကို အကြမ်းဖက်ရိုက်နှက်၊ အင်အားသုံးဖြိုခွင်းမှုကြောင့် သေဆုံးသူ လေးဦးရှိနေပြီဖြစ်ကြောင်း သိရသည်။