မိုးမောက်မြို့နယ် မြို့သစ် ကုန်းလောကျေးရွာအနီး အာဏာသိမ်းစစ်ကောင်စီတပ်က လေးရက်ဆက်တိုက် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေဆဲဖြစ်ကြောင်း ဒေသခံများပြောသည်။
အာဏာသိမ်းစစ်တပ်မှ ယခင်ရက်များနည်းတူ ယနေ့ (ဧပြီ ၂၇ ရက်) တွင်လည်း လေယာဉ်ဖြင့် လာရောက်ဗုံးကြဲနေသည့်အပြင် လက်နက်ကြီးငယ်နဲ့ပစ်နေကြောင်း သိရသည်။
"ခုရက်ပိုင်း ပုံမှန်ဆိုသလိုဘဲ စစ်တပ်ဘက်က လေယာဉ်နဲ့ပစ်တာတွေ တောက်လျှောက်လုပ်နေတယ်လို့" အမည်မဖော်လို ဒေသခံတစ်ဦးကပြောသည်။
ယခုကဲ့သို့ နှစ်ဖက်တိုက်ပွဲပြင်းထန်နေသည်မှာ ၁ လခန့်ရှိလာပြီဖြစ်ပြီး တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသည့် စစ်ဘေးရှောင်ဦးရေသည်လည်း ၅၀၀၀ ခန့်ရှိနေပြီဖြစ်သည်။
နှစ်ပေါင်း ၃၀ ကျော် အာဏာသိမ်းစစ်တပ်ကသိမ်းဆည်းထားသော အလော့ဘွမ် (Alaw Bum) ဗျူဟာကုန်းအား KIA မှ မတ်လ ၂၅ ရက်နေ့ တိုက်ခိုက်သိမ်းယူလိုက်ပြီးနောက် ဧပြီလ ပထမပတ်မှစကာ အာဏာသိမ်းစစ်ကောင်စီမှ ထိုးစစ်စတင်လာကာ နှစ်ဖက်တိုက်ပွဲပြင်းထန်လျက်ရှိနေသည်။
ထို့ပြင် KIA တပ်မဟာ ၃ အောက် တပ်ရင်း ၁၅ မှလည်း လက်ရှိတိုက်ပွဲပြင်းထန်နေသည့် မိုးမောက်မြို့နယ်အတွင်း ခွင့်ပြုချက်မရဘဲ သွားလာခြင်းမပြုရန် ယမန်နေ့က သတိပေးထုတ်ပြန်ချက်ထုတ်လိုက်သည်။
ထို့အပြင် အိမ်စီးကားများအနေဖြင့်လည်း မိုးကာအုပ်ပြီးသွားလာခြင်းမပြုရန် KIA လှုပ်ရှားတပ်ရင်းအဖွဲ့က စာထုတ်ထားသည်။