ကချင်ပြည်နယ် မိုးမောက်မြို့နယ်တွင် ယနေ့ (ဧပြီ ၂၆ ရက်) နံနက်ပိုင်းအချိန်၌ တိုက်ပွဲပြင်းထန်နေပြီး တပ်ဖက်က လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်လျက်ရှိကြောင်း ဒေသခံများကပြောသည်။
"ဒီမနက်ကနေ နေ့လည်အထိဆိုရင် လေယာဉ်နဲ့ဗုံးလာကြဲတာ ငါးခါထက်မနည်းတော့ဘူး” ဟု ဒေသခံတစ်ဦးကပြောသည်။
မိုးမောက်မြို့နယ်အတွင်းရှိ မြို့သစ်ကျေးရွာနှင့် စီဟက်ကျေးရွာကြား တာဝါတိုင်နောက်ဘက်တွင် ယနေ့ နံနက်ပိုင်းမှစတင်ကာ တိုက်ပွဲပြန်လည် ပြင်းထန်ရာ အာဏာသိမ်းစစ်တပ်မှ လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်လျက်ရှိကြောင်း ၎င်းကဆက်ပြောသည်။
ယခုကဲ့သို့ စစ်အာဏာသိမ်းတပ်မှ မိုးမောက်မြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သည့် မြို့သစ်၊ ကုန်းလော၊ စီဟက်ကျေးရွာများတွင် ထိုးစစ်ဆင်နေရခြင်းနှင့်ပတ်သက်ပြီး KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ခုလို သုံးသပ်ပြောဆိုသည်။
"အဓိကတော့ ဒီအလော့်ဘွမ်ကို သူတို့မရရအောင် ပြန်ယူချင်လို့ အဲဘက်က ထိုးစစ်ဆင်နေတယ်လို့ဘဲမြင်တယ်။ ဘာဖြစ်လို့လဲဆိုရင် ဒီဗျူဟာကုန်းက သူတို့အတွက်လည်း အရမ်းကိုအရေးကြီးတဲ့နေရာဖြစ်နေလို့” ဟု ဗိုလ်မှူးကြီးနော်ဘူကပြောသည်။
အဆိုပါကျေးရွာများတွင် ဧပြီလ ပထမအပတ်မှစတင်ကာ နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေသည့်အပြင် အဆိုပါနေရာများသည် ရှေ့လျောက်လည်း တိုက်ပွဲများဖြစ်နိုင်သည့် နေရာများဖြစ်သည့်အတွက် ပြည်သူများ အတတ်နိုင်ဆုံး တိမ်းရှောင်ရန်လိုအပ်သည့်အပြင် အထူးသတိထားရန်လည်း လိုအပ်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောသည်။
မိုးမောက်မြို့နယ်၊ မြို့သစ်နှင့် စီဟက်ကျေးရွာကြားတွင် ကေအိုင်အေနှင့် စစ်ကောင်စီလက်နက်ကိုင်တပ်များ တိုက်ပွဲဖြစ်ေနသည်မှာ တစ်လခန့်ရှိပြီဖြစ်သည်။
Published
Monday, April 26, 2021
မိုးမောက်တွင် တိုက်ပွဲပြင်းထန်နေ၊ တပ်ဖက်က လေယာဉ်များနဲ့ ဗုံးကြဲတိုက်ခိုက်