မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အလိုက် အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (National Guard) ကို ရည်ရွက်ချက်ငါးချက်ဖြင့် ဖွဲ့စည်းလိုက်ကြောင်း ဧပြီ ၂၂ ရက်က ကြေညာချက်ထုတ်ပြန်လိုက်သည်။
အဆိုပါ အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ကို မွန်ပြည်နယ်ရှိ မြို့နယ်အလိုက် (G-Z) လူငယ်၊ ကျောင်းသား၊ ဝန်ထမ်း၊ နည်းပညာတက်ပုဂ္ဂိုလ်၊ မြို့ခံရပ်မိ/ ရပ်ဖများနှင့် ပြည်သူလူထုများ စုစည်းပြီး ဖွဲ့စည်းထားကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
အမျိုးသားကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် ရည်ရွက်ချက် ငါးချက်ရှိပြီး ၎င်းတို့မှာ နိုင်ငံတော်အာဏာကို ပြည်သူလူထုရွေးကောက်တင်မြောက်ထားသည့် ပြည်သူ့အစိုးရထံ ပြန်လည်အပ်နှံရေး၊ ဖမ်းဆီးခံနိုင်ငံခေါင်းဆောင်များနှင့် ကျောင်းသားပြည်သူများ လွတ်မြောက်ရေး၊ ငြိမ်းချက်စွာဆန္ဒဖော်ထုတ်သည့် အပြစ်မဲ့ပြည်သူများကို ရက်ရက်စက်စက်သတ်ဖြတ်နေသည့် အကြမ်းဖက်စစ်ကောင်စီအား တိုင်းရင်းသားညီနောင်များနှင့် အတူတကွ တွန်းလှန်တော်လှန်ရေး စသဖြင့် ဖော်ပြထားသည်။
ထိုအပြင် အကြမ်းဖက်စစ်အုပ်စု၏ ဖမ်းဆီးခြင်း နှိပ်စက်သတ်ဖြတ်ခြင်းမှ ကင်းဝေးရန် ပြည်သူများအား ကာကွယ်စောင့်ရှောက်ပေးရေး၊ ဖက်ဒရယ်ဒီမိုကရေစီ အမြန်ဆုံးဖြစ်ထွန်းပြီး စစ်အာဏာရှင်ကျဆုံးသည့်အထိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အတူတကွလက်တွဲပြီး အမြစ်ပြတ် တိုက်ခိုက်ချေမှုန်းရေးတို့ပါဝင်ကြောင်း သိရသည်။
မွန်ပြည်နယ် အမျိုးသားကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် ဖက်ဒရယ်တပ်မေတော် မဖြစ်ပေါ်လာသေးမီစပ်ကြား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ မူဝါဒလမ်းညွန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်သွားဖြစ်ကြောင်း ဆိုသည်။
ထို့အတူ အချို့ တိုင်းနှင့်ပြည်နယ်များတွင်လည်း သက်ဆိုင်ရာမြို့နယ်အလိုက် အမျိုးသားကာကွယ်ရေးတပ်ဖွဲ့များကို ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း ၎င်းတို့၏ထုတ်ပြန်ကြေညာချက်အရ သိရသည်။