ကရင်အမျိုးသားအစည်းအရုံးဘက်က NCA အပစ်ရပ်စာချုပ်ချိုးဖောက်ကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်း၏ပြောဆိုမှုအပေါ် ကန့်ကွက်ကြောင်း မူတြော်ခရိုင် KNLA အမှတ် (၅) တပ်မဟာ က ယနေ့ (ဧပြီလ ၂၀ ရက်) ထုတ်ပြန်လိုက်သည်။
အဆိုပါ KNLA အမှတ် (၅) တပ်မဟာနယ်မြေအတွင်းရှိ ကျေးရွာများကို စစ်ကောင်စီ၏ စစ်တိုက်လေယာဉ်များက ဗုံးကြဲတိုက်ခိုက်ပြီးနောက် ပြုလုပ်ခဲ့သည့် စစ်ကောင်စီ၏ သတင်းစာရှင်းလင်းပွဲတွင် ပြန်ကြားရေးမှတာဝန်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ယင်းပြောဆိုမှုနှင့်ပတ်သက်၍ NCA စာချုပ်ချိုးဖောက်သူများမှာ KNLA အမှတ် (၅) တပ်မဟာမှ တာဝန်ရှိသူများမဟုတ်ပဲ တိုင်းပြည်အာဏာကို အတင်းအစမ္မသိမ်းယူသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များသာဖြစ်သည်ဟု ပြန်လည်တုန့်ပြန်ခဲ့ခြင်းဖြစ်သည်။
ယင်းထုတ်ပြန်ချက်ထဲတွင် “KNLA အမှတ် (၅) တပ်မဟာသည် ခေါင်းမာပြီး ငြိမ်းချမ်းရေးကိုမလိုလာပဲ (NCA) စာချုပ်ကို ချိုးဖောက်နေခြင်းမဟုတ်ပါ။ KNLA အမှတ် (၅) တပ်မဟာသည် ညီတူညီမျှ တန်းတူအခွင့်အရေးရရှိသည့် တကယ်စစ်မှန်သော ငြိမ်းချမ်းရေးကိုသာ လိုလားပါသည်။ ညီတူညီမျှ တန်းတူအခွင့်အရေးမရှိသည့် အတုအယောင်ငြိမ်းချမ်းရေး၊ မင်းအောင်လှိုင် စစ်အာဏာရှင်ပေးမည့် ကျွန်ငြိမ်းချမ်းမျိုးကို မလိုချင်ပါ” ဟု အဆိုပါထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။
ထို့ပြင် တပ်နှစ်ဖက်ကြားပစ်ခက်မှုစတင်ပြီး ပိုဆိုးမသွားရန် နှစ်ဖက်ခေါင်းဆောင်များမှ ပစ်ခက်မှုရပ်တန့်ရန် စာပွဲဝိုင်းတွင် တွေ့ဆုံညှိနှိုင်အဖြေရှာရမည်ဖြစ်သော်လည်း အကြမ်းဖက်စစ်ကောက်စီဖက်မှ တွေ့ဆုံညှိနှိုင်းရန် ဆန္ဒလုံးဝမရှိသည့်အတွက် ပစ်ခက်မှု အရှိန်မြင့်လာခဲခြင်းဖြစ်သည်ဟု ဆိုသည်။
အကြမ်းဖက်စစ်ကောင်စီက ဒီမိုကရေစီပြန်လည်ရရှိရေးနှင့် ဖမ်းဆီးခံထားရသည့် နိုင်ငံခေါင်းဆောင်များအပြင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ လူငယ်ကျောင်းသား/ကျောင်းသူများနှင့် ရဟန်းသံဃာများကို ရက်စက်စွာ ပစ်ခက်ခြင်းသည် NCA ပါအချက်အပြင် စာချုပ်တစ်ခုလုံးကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် မတ်လကုန်ပိုင်းမှစတင်၍ ဧပြီလဆန်းပိုင်းအထိ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှ ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၅) နယ်မြေအတွင်း လေကြောင်းတိုက်ခိုက်မှုများရှိခဲ့ပြီး ကျေးရွာများ၊ ကျေးရွာအတွင်းရှိ လူနေအိမ်များ၊ အထက်တန်းကျောင်းတစ်ခု ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
ထို့အတူ မူတြော်ခရိုင်တွင် အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင် ကရင်တိုင်းရင်းသားဒေသခံများက စစ်ရှောင်စခန်းများကို ထွက်ပြေးတိမ်းရှောင်နေရပြီး ထိုင်း-မြန်မာနယ်စပ်မှ ကူညီထောက်ပံ့မှုများ ပြုလုပ်နေရကြောင်း သိရသည်။