ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ဦးဆောင်မှုဖြင့် ဖွဲ့စည်းလိုက်သည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အား ကြိုဆိုထောက်ခံကြောင်း ချင်းလူ့အခွင့်ရေးအဖွဲ့ (CHRO) က ဧပြီလ ၁၇ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
“အဓိကတော့ ပြည်သူလူထုရဲ့ ရွေးချယ်မှုကနေ ထွက်ပေါ်လာတဲ့သူတွေဖြစ်တယ်။ တစ်ဘက်မှာက ဥပဒေမဲ့နဲ့တက်လာတဲ့ စစ်တပ်က အစိုးရဆိုပြီးခံယူတဲ့အဖွဲ့ရှိတယ်။ အဲဒီနှစ်ဖွဲ့ထဲမှာမှ ပြည်သူတွေအတွက် အလုပ်လုပ်ပြီးတော့ လူအခွင့်အရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်အရေးတွေအားလုံး ဖော်ဆောင်နိုင်မယ့် အစိုးရဖြစ် တယ်လို့ NUG ကို ကြိုဆိုထောက်ခံတာဖြစ်တယ်”ဟု ချင်းလူ့အခွင့်ရေးအဖွဲ့၏ လက်ထောက် အမှုဆောင်ဒါရိုက်တာ Salai Za Uk Ling မှ ပြောသည်။
CHRO အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရတွင် ရွေးကောက်တင်မြှောက်ခံရသော အဖွဲ့ဝင်များအားလုံးကို ချီးကျူးဂုဏ်ပြုပြီး ပဋိပက္ခများ၊ သွေးချောင်းစီးမှုများနှင့် ဝမ်းနည်းပူဆွေးမှုများအကြားမှ ဒဏ်ရာများနှင့်ပြည့်နှံ့နေသော မိမိတို့နိုင်ငံအတွက် သစ်လွင်သောဦးဆောင်မှုပေးရန် ကြိုးပမ်းမည့်သူများအတွက် CHRO အနေဖြင့် အကောင်းဆုံးဆန္ဒပြုလိုကြောင်း ထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။
Salai Za Uk Ling က“ဒါပေမယ့် NUG အနေနဲ့ စဉ်းစားဖို့လိုတာက အရင်အစိုးရအဆက်ဆက်က လူနည်းစုအပေါ် ဖိနှိပ်ထားတာတွေရဲ့ အရင်းမြစ်ကို သေချာဆန်းစစ်ပြီးတော့ ပြင်ဆင်ဖို့ မလုပ်ဆောင်ခဲ့ကြဘူး၊ အပေါ်ယံ ဘဲလုပ်ခဲ့ကြတယ်။ အဲလိုမျိုးတွေ မလုပ်ခဲ့လို့လည်း အခုလိုမျိုး စစ်တပ်ကအာဏာ ပြန်သိမ်းတာ လည်းဖြစ်တယ်။ ဒါကြောင့်မို့လို့ အခုအစိုးရအနေနဲ့ သေချာလေ့လာပြီး အရင်ကမှားခဲ့တဲ့အမှားတွေကို ပြင်ဆင်ဖို့ အခွင့်ရေး အရမ်းကောင်းတဲ့အချိန်ဖြစ်တယ်လို့ ကျွန်တော်တို့အနေနဲ့မြင်တယ်” ဟု ပြောသည်။
အဆိုပါ ထုတ်ပြန်ချက်ထဲတွင် လူမျိုး၊ ဘာသာ၊ နိုင်ငံရေးသက်နွယ်မှုများမည်သို့ပင်ရှိစေကာမူ မြန်မာနိုင်ငံသား အားလုံးသည် NUG ၏နောက်တွင် ညီညွတ်စွာရပ်တည်သင့်ကြောင်းနှင့် မတရားသောနည်းလမ်းများ အကြမ်းဖက်မှုနည်းလမ်းများအသုံးပြု၍ အစိုးရအဖြစ်ထိန်းချုပ်နိုင်ရန် ကြိုပမ်းနေသော စစ်ခေါင်းဆောင်များအား တရားဝင်မှုမရှိစေရန်နှင့် စွမ်းဆောင်ရည်ထိခိုက်စေရန် အတူတကွ ဆန့်ကျင်ရန်လိုအပ်ကြောင်း တိုက်တွန်းရေးသားထားသည်။
Published
Monday, April 19, 2021
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အား ကြိုဆိုထောက်ခံကြောင်း ချင်းလူ့အခွင့်ရေးအဖွဲ့ဆို