စစ်အာဏာသိမ်းပြီး ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၃၁ ရက်အထိ နှစ်လတာကာလအတွင်း ရဲနှင့်စစ်တပ်က အကြမ်းဖက်ပစ်ခတ်မှုကြောင့် သေဆုံးသူ ၅၃၆ ဦးရှိပြီဖြစ်ကြောင်း AAPP ၏ ထုတ်ပြန်ထားသည့်စာရင်းများအရ သိရသည်။
AAPP မှ ကောက်ယူရှိသည့်စာရင်းအရ စစ်အာဏာသိမ်းပြီးနောက် စစ်တပ်၏ အကြမ်းဖက်ဖြိုခွင်းပစ်ခတ်မှုများကြောင့် သေဆုံးသူမှ ၅၃၆ ဦး ရှိပြီဖြစ်သော်လည်း အမှန်တကယ်ကျဆုံးသူများမှာ အဆိုပါအရေအတွက်ထက် ပိုများနေကြောင်းနှင့် ထပ်မံကောက်ယူရရှိလာပါကလည်း ဆက်လက် ဖော်ပြပေးမည်ဖြစ်သည်ဟု ဆိုသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စာရင်းများအရ နှစ်လတာကာလအတွင်း ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း ၂၇၂၉ ဦးရှိပြီး ၎င်းတို့အနက်မှ ၃၈ ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်း ခံထားရကြောင်းနှင့် ပြန်လည်လွတ်မြောက်လာသူများနှင့်ပတ်သက်၍ အတည်ပြုနိုင်ရန် ဆောင်ရွက်နေဆဲဖြစ်ပြီး ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ ၁၂၀ ဦးရှိကြောင်း သိရသည်။
အာဏာသိမ်းစစ်ကောင်စီ၏ တပ်များက စစ်အာဏာရှင်ဆန့်ကျင်ရေး လုပ်ဆောင်နေသည့် ပြည်သူများကို နေ့စဉ်ရက်ဆက် အကြမ်းဖက်နည်းများသုံးကာ ပစ်ခတ်တိုက်ခိုက်ခြင်း၊ လက်ပစ်ဗုံးများ၊ လောင်ချာများ၊ လကနက်ကြီး လက်နက်ငယ်များ၊ Sniper ဖြင့် ပစ်သတ်ခြင်းများ၊ နေအိမ်များနှင့် ပြည်သူပိုင်ကားများကိုလည်း နေ့စဉ် မီးရှို့ခြင်း၊ ဖျက်ဆီးခြင်းများ၊ ဖမ်းမိပြည်သူများကိုလည်း ရိုက်နှက်ခြင်း၊ နှိပ်စက်ခြင်းများ၊ အော်ဟစ်ဆဲဆိုခြင်းများ စသည့် အမျိုးမျိုးသော နှိမ်နှင်းအကြမ်းဖက်လျက် ရှိသည်။
ထို့ပြင်အာဏာသိမ်းစစ်ကောင်စီသည် နေ့စဉ်ရက်ဆက်ဆိုသလို ဖမ်းဆီး၊ ထိန်းသိမ်းထားသူများကို ညှဉ်းပန်းနှိပ်စက်မှုများ ပြုလုပ်လျက်ရှိသည့်အပြင် ယခုအခါ၌ လမ်းများ၊ အိမ်များအတွင်း၌ပါ ပြောင်ပြောင်တင်းတင်း ကျူးလွန်လျက်ရှိပြီး မတ် ၃၀ ရက်ကလည်း ရန်ကုန်တိုင်း သာကေတမြို့နယ်၌ ရဲနှင့်စစ်သားများက ဆိုက္ကားဆရာတစ်ဦး၏မျက်နှာကို ဓားဖြင့်မွှန်းခဲ့၍ တစ်လက်မကျော်ပေါက်ပြဲခဲ့ကာ အတွင်းသားများကို မြင်ရသည်အထိနက်သည့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၌လည်း အမျိုးသားတစ်ဦးကို မတ် ၁၅ ရက်ကတည်းက ဖမ်းဆီးသွားခဲ့ပြီး ရုပ်အလောင်းကိုမပေးဘဲ ၎င်းတို့သင်္ဂြိုဟ်မည်ဟုဆိုကာ လာကြည့်ခွင့်ပေးခဲ့မှုများကိုလုပ်ဆောင်နေပြီး ယင်းလုပ်ဆောင်ချက်များသည် ၎င်းတို့ ညဉ်းပန်းနှိပ်စက်မှုကြောင့် ရရှိခဲ့သောဒဏ်ရာများကို လက်စဖျောက်ခြင်းဖြစ်၍ နိုင်ငံတကာဥပဒေများအရ ကြီးမားသောရာဇဝတ်မှုကို ကျူးလွန်ခြင်းပင်ဖြစ်ကြောင်း AAPP ၏ ထုတ်ပန်ချက်ထဲတွင် ဖော်ပြထားသည်။
ထို့ပြင် စစ်တပ်ကအာဏာသိမ်းယူပြီးနောက် မတ် ၂၇ ရက်သည် ကလေးငယ်များအပါအဝင် လက်နက်မဲ့ပြည်သူများအပေါ် ရက်စက်စွာ ပစ်သတ်မှုကြောင့် လူဦးရေအများဆုံး သေဆုံးခဲ့သည့် နေ့တစ်နေ့ဖြစ်ပြီး ထိုနေ့တွင် အရပ်သားပြည်သူ တစ်ရာကျော် ကျဆုံးခဲ့ရသည်။